ဆာသော်ဒိုး - ကြောင်ချီး ငပုမိသားစု
(မိုးမခ) နို၀င်ဘာ ၈၊ ၂၀၂၁
မောင်ညီမလေးတို့ရေ ...
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။ ထူးထူးခြားခြား နာမည်နဲ့ ရွာကြီးတစ်ရွာရှိသတဲ့။ ထူးခြားဆိုရွာအမည်က "နှေးပျော့" ကိုးကွဲ့။ ဘယ်သူဘယ်ဝါ ပေးခဲ့တဲ့အမည်လည်း မသိရပေမယ့်အဲသည်ရွာဟာ "နှေးပျော့" အမည်တွင်ခဲ့တာ နှစ်ရာပေါင်းများစွာကြာပြီလို့ ယုံကြည်ရတယ်။
စဉ်းစားကြည့်မိတော့ အဲသည်ရွာကလူတွေဟာ နေရာတကာမှာ "နှေးနှေး နှေးနှေး" လုပ်ကိုင်တတ်ပြီး "ပျော့ပျော့ ပျော့ပျော့ " လူစားမျိုးတွေ
လို့ ထင်ရမြင်ရတယ်ကွဲ့။
ရွာနာမည်အသာထားလို့ ရွာသားတွေရဲ့ဇာတ်လမ်းလေးကို ဒီတစ်ပတ်ပြောပြပါမယ်ကွယ်။
ရွာသူကြီးက "ကြောင်ချီး" လို့ အမည်ရှိသကွဲ့။ သူကြီးကတော်အမည်ကတော့ "ဒေါ်ရွှေခေါ" ဖြစ်ပြီး သမီးဖြစ်သူကတော့ "သက်သက်ခေါ" ပါတဲ့ကွယ်။
အမှန်ကတော့ သူကြီးနာမည်က "မောင်ကြီး"ကွဲ့။ ဒါပေမယ့် သူ့စရိုက်ကကြမ်းလွန်းလို့ အနံ့အသက်မကောင်းလွန်းလို့ ရွာသားတွေက"ကြောင်ချီး" လို့ ပေးထားတာ။ ဒါဆိုရင် သူကြီးကတော် "ဒေါ်ရွှေခေါ" ဟာလည်း "ဒေါ်ရွှေချော" ဖြစ်ပြီး သူတို့သမီးဟာလည်း "သက်သက်ခေါ"မဟုတ်ဘဲ "သက်သက်ချော" ဆိုတာ မောင်ညီမလေးတို့တွေ ရိပ်မိကြပြီပေါ့နော်။
သူတို့က မိသားစုလိုက်ကို ဆိုးတာ။ ရွာလူထုအတွက် ဘာမှလုပ်မပေးဘဲ သူတို့မိသားစုအကျိုးအတွက်ပဲ တစ်သက်လုံးလုပ်လာတာကွဲ့။ စိတ်ထားတွေဆိုးသလိုပဲ ပြောပေါက်ဆိုပေါက်တွေကလည်း သိပ်ကိုဆိုးရွားလွန်းလှတာပေါ့။
တစ်နေ့တော့ ရွာဦးကျောင်းကို ဆွမ်းပို့ဖို့ရှိတာနဲ့ သူတို့သမီးဖြစ်သူ "သက်သက်ခေါ" ကို အပို့ခိုင်းလိုက်တယ်။ အဲသည်မှာ သက်သက်ခေါလည်းဆွမ်းအုပ်ကလေးကိုပိုက်ပြီး ရွာဦးကျောင်းဆီကိုထွက်လာခဲ့ပါတော့တယ်ကွယ်။
ကျောင်းရောက်တော့ ဆရာတော်ကို ဝပ်ပြု ဦးချပြီး ဆွမ်းအုပ်ကို ဆက်ကပ်တယ်။ ခဏနေတော့အိမ်ပြန်ဖို့အတွက် ဆရာတော်ကို လျှောက်တယ်။
"တပည့်တော်မ ပြန်ကြွလိုက်ပါအုံးမယ် ဘုရား"
"ဟေ ..."
ဆရာတော်လည်း " ပြန်ကြွလိုက်ပါအုံးမယ် " ဆိုတဲ့ ဒကာမလေး သက်သက်ခေါကို ပြောဆိုဆုံးမမနေတော့ဘဲ "နင့်အမေကို လွှတ်လိုက်အုံး" လို့ပဲ မှာကြားလိုက်ပါသတဲ့ကွယ်။
ဆရာတော်မှာတယ်ဆိုတော့ "ဒေါ်ရွှေခေါ" လည်းမနေသာဘဲ ရွာဦးကျောင်းကို ချက်ချင်းပဲ ထသွားရတာပေါ့။ ဆရာတော်နဲ့တွေ့တော့ ဆရာတော်ကသက်သက်ခေါ ပြောဆိုသွားပုံတွေကို ပြန်ပြောပြပြီး နောင်ဒီလိုမဖြစ်စေဖို့ရာ ဆိုဆုံးမဖို့ မှာတာပေါ့။ ဒီတော့ ဒေါ်ရွှေခေါကလည်း မနေသာတော့ဘူး။
"ခွင့်လွှတ်တော်မူပါဘုရား။ ဒီကောင်မလေး မိန့်တော်မူလိုက်ရင် ဒီလိုချည်းပါပဲ"
"ဟေ..."
ဆရာတော်လည်း သမီးကိုဆိုဆုံးမဖို့ အမေကိုခေါ်ပါတယ်၊ သူကလည်း "မိန့်တော်မူ" လုပ်နေပြန်တော့ မဖြစ်ချေတော့ဘူးဆိုပြီး "ဒကာမကြီးရေ . . သူကြီးသာ လွှတ်လိုက်ချေတော့" လို့ မှာကြားလိုက်ရပြန်ပါတော့သတဲ့ ကွယ်။
အိမ်ပြန်ရောက်လို့ လင်သူကြီးကို ဆရာတော်ခေါ်ကြောင်းပြောလိုက်တော့ သူကြီးမင်းလည်းချက်ချင်းပဲ အပြေးကလေး ချီတက်ရတာပေါ့ကွဲ့။ကျောင်းရောက် ဆရာတော်နဲ့တွေ့ ဆရာတော်က သမီးနဲ့အမေတို့ရဲ့လျှောက်သမျှ မတော်မတဲ့တွေကိုပြောပြပြီး သူတို့သားအမိကို အိမ်ထောင်ဦးစီး သူကြီးတစ်ယောက်အနေနဲ့ ပြောဆိုဆုံးမဖို့မှာကြားလိုက်ပါသတဲ့ကွယ်။
ကြောင်ချီးဆိုတဲ့ အရပ်တစ်တောင်လောက်ပဲရှိတဲ့သူကြီးမင်းလည်း "လူပုစိတ်တို " ဆိုသလို သိပ်ကိုတင်းတာပေါ့ကွယ်။"ဒီသမီးနဲ့ ဒီမိန်းမ အိမ်ကျမှ တွေ့မယ်" လို့ စိတ်ထဲကကြိမ်းပြီး ဆရာတော်ကိုဦးချကာ ပြန်ကာနီးမှာ လျှောက်ထားကတိပေးလိုက်ပါတော့သကွဲ့။
"မှန်လှပါ . . ဒင်းတို့နစ်ပါးရဲ့အပြစ်တော်တွေကိုခွင့်လွှတ်တော်မူပါ။ နောင်အခါကျရင် ဒီကောင်မတွေကို ဆရာတော့်ကျောင်းဝန်းထဲ ခြေတော်ရာတောင်မှ မချစေရပါဘူးဘုရား "
သူကြီးကြောင်ချီး လျှောက်လည်းပြီးရော ဆရာတော်ဘုရားဟာ တိုင်မှာထောင်ထားတဲ့ ကြိမ်လုံးကို ပြေးဆွဲပါလေတော့သတဲ့ကွယ်။ ။
ပုံပြောတဲ့ ဒိုးဒိုး
(ဆာသော်ဒိုး)
9-9-21(Thur) 5:06 Pm
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar