မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၁
ဒီနေ့ သတင်းတွေထဲမှာတော့ တိုင်းရင်းသားဒေသ ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမှာ ပီဒီအက်ဖ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ကျေးရွာ ၈ ရွာလောက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရတဲ့သတင်း၊ တခါ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲတဝိုက်မှာ TNLA နဲ့ RCSS တို့ရဲ့ လက်နက်ကိုင်တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ကျေးရွာသူ ကျေးရွာသား ခုရက်ပိုင်းအတွင်းမှာ ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်လာကြရတဲ သတင်းက ဒီနေ့အဖို့ စိတ်မချမ်းမြေ့စရာသတင်းဖြစ်ပါတယ်။
ရှမ်းနဲ့ ကယားပြည်နယ် နယ်စပ်ဖြစ်ပြီး ကယားပြည်နယ်မှာ ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ ကရင်နီပီဒီအက်ဖ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျေးရွာ ၈ ရွာ ရွာလုံးကျွတ် တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ ကယားပြည်နယ်ဟာ စစ်အာဏာသိမ်းမှုတွေအပြီး ခုခံတိုက်ခိုက်မှုတွေ အစောဆုံးထွက်ပေါ်လာတဲ့ ဒေသထဲကတခုဖြစ်ပြီး ဒီးမောဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသတွေမှာ အဓိကတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ ကယားပြည်နယ်မြို့တော် လွိုင်ကော်နဲ့ အဓိကကျတဲ့ ဒေသတွေကို ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားမှုအနေနဲ့ အခုလို ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေ အားကောင်းတဲ့ မြို့တွေ ကျေးရွာတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အခြားသတင်းတွေထဲမှာတော့ ထန်တလန်မြို့မှာ ပစ်ခတ်မှုနဲ့ မီးရှို့မှုတွေ ထပ်ဖြစ်လို့ နေအိမ်အချို့မီးလောင်ခဲ့သလို မိဘမဲ့ဂေဟာလည်း မီးလောင်ခဲ့တယ်လို့ သတင်းတွေထဲ ဖေါ်ပြထားကြပါတယ်။ နေအိမ် ၆ လုံးနဲ့ မိဘမဲ့ဂေဟာတခု မီးလောင်တဲ့အထဲ ပါသွားခဲ့တယ်လို့ သတင်းတွေဖေါ်ပြထားကြတာပါ။
ထန်တလန်ဟာ စစ်ကောင်စီတပ်တွေရဲ့ မြေလှန်စနစ်၊ ဆန့်ကျင်သူတွေ ဘယ်သူမှမနေနိုင်အောင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေအိမ်တွေကိုပါ မီးရှို့ရှင်းလင်းတဲ့ စစ်တပ်ရဲ့ ယုတ်မာဆိုးရွားတဲ့ နည်းနာတခုအဖြစ် သက်သေတင်စရာ ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ အလားတူ ရာဇဝတ်မှုတွေကို ကျေးရွာတွေမီးရှို့တာတွေ ကျူးလွန်ခဲ့ပြီး အခုတော့ မြို့ကို မီးရှို့တဲ့မြင်ကွင်းက မေ့ပျောက်ဖို့ မဖြစ်နိုင်တဲ့ မြင်ကွင်းတခု ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအနက်မှာ အခြားသော ဒေသတွေနဲ့ အခြေအနေမတူညီတဲ့ဒေသတချို့ထဲ ရှမ်းပြည်နယ် မြောက်ပိုင်းပါဝင်ပါလိမ့်မယ်။ စစ်ကောင်စီတပ်တွေကို ဘုံရန်သူအဖြစ်တိုက်ခိုက်ဖို့ NUG က လှုံ့ဆော်စည်းရုံးနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုင်းရင်း သား လက်နက်ကိုင်အချင်းချင်း ထိတွေ့တိုက်ပွဲတွေ နယ်မြေစိုးမိုးရေး အတွက်တိုက်ခိုက်ကြတာတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ ယခုရက်ပိုင်းမှာလည်း ကျောက်မဲဒေသတဝိုက်မှာ TNLA နဲ့ RCSS တို့ရဲ့ တိုက်ပွဲတွေ အရှိန်မြင့်တာကြောင့် ကျေးရွာသူ ကျေးရွာသား ထောင်နဲ့ချီ မြို့ပေါ် တိမ်းရှောင်လာကြရပြန်ပါတယ်။
စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ရှိနေတဲ့ နယ်မြေစိုးမိုးရေး အင်အားပြိုင်မှု တိုက်ခိုက်မှုတွေက ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ အခြား ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ဖြစ်တဲ့ SSPP နဲ့ TNLA တို့က မဟာမိတ်ဖြစ်ပြီး ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး RCSS နဲ့ မကြာခဏ ရှမ်းပြည်နယ် မြောက်ပိုင်းနယ်မြေတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိတာပါ။
တိုင်းရင်းသား လက်နက်ကိုင်တွေ မြင်တဲ့ လက်တွေ့ ဦးစားပေးရမယ့် အကြောင်းအရာတွေထဲမှာ နယ်မြေစိုးမိုးရေးက အရေးပါတဲ့ အဓိကကျတဲ့ အချက်တချက်ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ကြတဲ့ အတွေ့အကြုံအရ၊ သမိုင်းသင်ခန်းစာအရ လူမျိုးစု လွတ်မြောက်ရေး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့အနေနဲ့ နယ်မြေမစိုးမိုးထားနိုင်ရင် အနာဂတ်ရပ်တည်မှုကို ထိခိုက်နိုင်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို မရောက်နိုင်သေးသရွေ့မှာ သူတို့အဖို့ လက်တွေ့ ကျတဲ့ နိုင်ငံရေး စစ်ရေးဦးစားပေးရမယ့် အချက်တွေကို စွန့်လွှတ်လို့ မဖြစ်နိုင်တဲ့သဘောလည်း ဖြစ်ပါတယ်။ စစ်ကောင်စီကို ဘုံတိုက်ခိုက်ရေးက အနာဂတ် ဖက်ဒရယ်စနစ် အာမခံမှု လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ ချိတ်ဆက်နေတဲ့သဘောလည်း ဖြစ်ပါလိမ့်မယ်။
ခုလိုရှုပ်ထွေးတဲ့ သမိုင်းနောက်ခံ လက်တွေ့ကျတဲ့ စဥ်းစားဆုံးဖြတ်မှုတွေကို နားလည်သဘောပေါက်ပြီး စစ်မှန်တဲ့ ရပ်တည်ချက် ရိုးသားပွင့်လင်းတဲ့ ရပ်တည်ချက်တွေရှိမှ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးတိုက်ပွဲက အောင်ပွဲမြန်မြန်ရနိုင်မယ်လို့လည်း ထင်မြင်ယူဆမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar