ခွာညို - ခွေးအိုတကောင်၊ လှေးတအုပ်နဲ့ ကောင်လေးတယောက်
(မိုးမခ) နို၀င်ဘာ ၈၊ ၂၀၂၁
“သားကြီး…ခွေးကို ဘာဖြစ်လို့ ပယ်ပယ်နယ်နယ်ကိုင်နေရတာလဲ”
ခွေးအမွေးထဲ မျက်နှာအပ်မတတ်ဖြစ်နေတဲ့ကျနော့်ကို မေမေက စိတ်မသက်မသာနဲ့လှမ်းပြီး မေးတယ်။ ဒါက မေမေ့စရိုက်၊ သူက ကျနော့်ကို တခုခု မလုပ်စေချင်ရင် မလုပ်နဲ့လို့ တိုက်ရိုက်တားမြစ်မယ့်အစား အဲဒီလို မေးခွန်းမေးလေ့ရှိတယ်။
“သန့်ရှင်းရေးလုပ်ပေးနေတာပါ မေမေ။ သူ့မှာ မွှားတွေရော၊ လှေးတွေရောအများကြီးပဲ”
“တကောင်ချင်းကို အဲဒီလို စိတ်ပါ လက်ပါ လိုက်သတ်နေတော့ ဗုဒ္ဓဘာသာထုံးတမ်းအရ သားက သူများအသက်ကို စိတ်ပါလက်ပါ ကံသုံးပါးစလုံးနဲ့ ကျူးလွန်ရာ ကျနေပြီ။ အရမ်းငရဲကြီးတယ်သား။”
ကျနော် မေမေ့ကို မော့ကြည့်လိုက်ပါတယ်။
“ဒါပေမယ့် ဒီလိုမှ မလုပ်ရင်လည်း အဲဒီမွှားတွေ လှေးတွေက သားတို့ဆီကို ရောက်လာမှာပေါ့။ သားတို့သွေးတွေကို လာစုတ်နေမှာပေါ့။ သူတို့က ခွေးသွေးပဲ စုတ်ပါမယ်လို့ သဘောတူစာချုပ်နဲ့ နေနေကြတာမှမဟုတ်တာ မေမေရဲ့။”
မေမေက ကျနော့်ကို စိတ်မသက်မသာနဲ့ကြည့်နေတယ်။ ဟိုးအရင်နှစ်က ကျနော့သူငယ်ချင်း ကရင်တယောက်အိမ်မှာ ဘာကြောင့်မှန်းမသိဘူး။ လှေးတွေ အများကြီး သတ်မနိုင်အောင် ဖြစ်ဖူး တယ်။ ခွေးတွေပေါ်မှာတင်မဟုတ်ဘဲ ခြံပြင်က အိမ်သာထဲမှာ၊ သစ်ရွက်တွေ၊ နောက် သူတို့ရဲ့ သစ်ဟောင်းတွေ လှောင်ထားတဲ့ဂိုဒေါင်မှာ ခွေးလှေးတွေနဲ့ မည်းနေတာ။ သူတို့အိမ်ကို သွားတာနဲ့ အဖုအပိမ့်တွေနဲ့ပြန်လာရတယ်။ အဲဒီတနှစ်က အဲဒီအိမ်မှာ ဘာဖြစ်လိုက်မှန်းကိုမသိဘဲ ခွေးလှေးတွေ အဲလို များတာကြုံဖူးတယ်။ အဲဒီတော့ လှေးတွေ အဲလိုများရင် ဘယ်လောက်စိတ်ညစ်ရလဲဆိုတာ ကျနော် ကောင်းကောင်းသိတယ်။
ဒါကြောင့်လည်းပဲ ခွေးချစ်တတ်တဲ့ ကျနော်ကပဲ အမြဲပဲ ဂရုစိုက်လာခဲ့တာ။ ခွေးဝဲစား၊ ကပ်စားနေပေမယ့်လည်း သူမသန့်ရင် ကျနော်တို့လည်း သူမသန့်ရှင်းတဲ့ဒဏ်ကို ရောခံရမှာ။ သူကလည်း ဘယ်လိုမောင်းထုတ်ထုတ် ဒီအိမ်ကနေ ထွက်မယ့်ပုံမပေါ်ဘူး။ ဒါက သူ့ရဲ့ဇာတိဖြစ်နေတာကိုး။
သူက ဗမာခွေးစစ်တော့မဟုတ်ဘူးထင်တယ်။ ဇော်ဂျီရောင် နီညိုရင့်ရင့်အမွေးက တော်တော်ရှည်ရှည်နဲ့ထူပြီး ခပ်ပျော့ပျော့။ လည်ပင်းတဝိုက်က ပိုရှည်တယ်။
သူကလည်း ခွေးပါးတော့ ဝတယ်။ တခြားအိမ်သားတွေကိုဆို အမြီးနံ့ပြီး အမော့သားငေးပြီး အမြီးတနန့်နန့်နဲ့ မျက်နှာလုပ်ရုံပဲ။ ကျနော့်ကိုကျတော့ သူ့ကို အရောဝင် အလိုလိုက်မှန်းသိတော့ ပယက်နယက်နဲ့ (ပါးလျက်၊ နားလျက်နဲ့။) ကျနော်ကလည်း သူ့နဲ့ဆို လုံးထွေးဖက်ပွေ့ပြီး နပမ်းလုံး နေရတာကို ပျော်တယ်လေ။ ဒါကြောင့် သူ သန့်ရှင်းနေမှ သူနဲ့တရောတဝင်နေလို့ စိတ်သန့်မှာကိုး။ ဒီတော့လည်း ခွေးဝဲစားအဖြစ ်အရင်အိမ်ရှင်စွန့်ပစ်သွားတဲ့ခွေးကို ကျနော်ကပဲ ဝဲသတ်၊ ရေမှန်မှန်ချိုးနဲ့ ခွေးမွေးခွေးရောင်ပြောင်အောင် ဂရုစိုက်ပေးခဲ့ရတာ။ အခုတော့ တသွေးတမွေးနဲ့ ပြောင်ရောင်နေရောပဲ။
သူ့မှာ ပြဿနာက တခုဆို ဆိုသလောက် တခုရှိတယ်။ အဲဒါကတော့ အမြဲတမ်းဆာနေတာပဲ။ ဘယ်လောက်ကျွေးကျွေး ဝတယ်လို့ကို မထင်ဘူး။ တခါများ ကျနော် ဒီလောက်တောင် ဖြစ်လှတာဆို သူ့ကိုကျွေးဖို့ ကျိုထားတဲ့ ဆကွဲ (ဆန်ကွဲ) နဲ့အရိုးပြုတ် တအိုးလုံးကို အကုန်ချကျွေးပစ်လိုက်တယ်။ သူ့ရဲ့စားနိုင်အားကို သိချင်လို့။ သူကလား။ အကုန်လုံးကို ဗိုက်ကားနေအောင် မဆန့်မပြဲစားပြီး တအီအီနဲ့ အစာမကျေဖြစ်နေပုံပဲ။ နောက် ညနေလောက်ကျ တော့ အန်ချလိုက်တယ်။ ခနနေတော့ သူ့အန်ဖတ်တွေကို နန်းလိုက်၊ တို့ကနန်း ဆိတ်ကနန်း စားကြည့်လိုက် လုပ်နေတယ်။ အိမ်နားက ဝင်လာနေကျ ခွေးပေါက်လေးတွေ သူ့အန်ဖတ်ပုံနားကို ကပ်လာတာနဲ့ မာန်ဖီပြီး သူ့အစွယ်တွေ ထုတ်ပြပြီး အန်ဖတ်ပုံနားတောင် အကပ်မခံဘူး။
“သူရဲ့ ဆင်ခြင်တုံတရားက သူ ဗိုက်ပြည့်နေလား၊ သူ အစာချေနိုင်လား၊ လိုအပ်သလောက်ပဲ စားရ မယ်ဆိုတာတွေကို နားမလည်ဘူးလေ။ အဲဒီတော့ အခု သူဒုက္ခရောက်နေပြီ။ ဒါကြောင့် သူ့ထက် အသိဉာဏ်ပိုမြင့်တဲ့ သားကပဲ သူ အစာချေနိုင်ရုံ၊ သူအာဟာရပြည့်ရုံ ပမာဏသတ်မှတ်ပြီး ကျွေးရ မယ်။ အသိဉာဏ်မရှိတဲ့ခွေးနဲ့လိုက်ပြီး သားက ဆင်ခြင်တုံမဲ့လို့မရဘူး။” လို့ ဖေဖေက ကျနော့်ကို မှတ်ချက်ပေးပါတယ်။
ဒါပေမယ့်လည်း သူက အမြဲတမ်းဆာနေတာဆိုတော့ ဆာ လာပြီဆိုတာနဲ့ အိမ်ပေါက်ဝမှာ ငုပ်တုပ် လေးထိုင်၊ လျှာတစ်လစ်ကနေ သွားရည်တွေ တောက်တောက် ကျပြီး မျှော်နေတော့တာပဲ။ သူ့ကို အစာကျွေးဖို့ မမေ့အောင် သူက အဲဒီနည်းနဲ့နှိုးဆော်တာ။ အမြဲတမ်း အစာကိုပဲမျှော်နေတာ။ ဗိုက် ပေါက်အောင်ကျွေးလို့ ဒုက္ခရောက်ထားလည်း နောက်တခါကျွေးကြည့်၊ နောက်တခါလည်း ဒီလိုပဲ စားအုံးမှာပဲ လို့ ဖေဖေ့မှတ်ချက်ကိုသာ အတည်ယူပြီး နောက်ဆို သူ့ကို အမြဲ လိုသလောက်ပဲ ကျွေးရတယ်။
***************
အိမ်မွေးခြံပေါက်မဟုတ်ပေမယ့်လည်း အတော်အသင့်တော့ သူက အားကိုးရပါတယ်။ ခြံစည်းရိုးနားမှာ လူစိမ်းရဲ့အရိပ်ကို မမြင်လိုက်နဲ့၊ တရပ်ကွက်လုံးတုန်ဟည်းသွားအောင် ထိုးဟောင် မာန်ဖီတော့တာပဲ။ အရင်လူတွေက သူ့ကို ဘယ်လိုနာမည်မှည့်ခဲ့ကြသလဲ မသိပေမယ့် သူဟောင်လိုက်ရင် အသံကြီးက ဟိန်းထွက်ပြီး အသံနဲ့တင် လူရှိန်လို့ သူ့ကို ကျနော်တို့က “ဝိုင်းလုံ” လို့ ခေါ်ခဲ့ကြတယ်။
သူ့ကို မောင်းထုတ်မှာစိုးလို့ အမြီးတနန့်နန့် လုပ်လုပ်ပြရတာ အမော။ ခွေးဆိုတော့လည်း နာမည် မမှတ်မိလည်းပဲ အို့…အို့..ဆို အစာကျွေးတော့မယ်ဆိုတာ သိတော့ ရောက်လာတာပါပဲ။ ဒါပေမယ့် အသံကို မေ့ထားပြီး သူ့နားကို အနီးကပ် ကြည့်ကြည့်ရင် သူ့ရဲ့ အဲဒီ ဟိန်းထွက်နေတဲ့ အသံက တကယ် ပြေးကိုက်ရဲရဲ့လားဆိုတာ သံသယစိတ်ဝင်လာကြမှာပဲ။
အသံအကျယ်ကြီးသာဟောင်နေတာ၊ သူ့မျက်လုံးတွေက ခြံစည်းရိုးအပြင်က လူရိပ်ဆီမှာ ရှိတာမဟုတ်ဘူး။ သူ့ကို အစာကျွေးမယ့်သခင်သစ်တွေ သူ့အသံကိုကြိုက်ရဲ့လားဆိုတာကို အမြီးတနံ့နံ့နဲ့အကဲခတ်နေတာ။ ထောင်နေတဲ့ နားရွက်ကလည်း ခြံထဲ လူဝင်လာမှာကို နားစွင့်နေတာမဟုတ်ဘူး။ သူ့ကိုအစာကျွေးဖို့ ဇလုံကိုင်ထွက်လာမယ့် သူ့သခင်ရဲ့ ခြေသံနဲ့ အို့ အို့ ခေါ်သံကို နားစွင့်နေတာ။
**************
တခါတလေကျတော့လည်း ဒီကောင်ကြီးက ဉာဉ်ဆိုးတယ်။ မွေးရာပါ အကျင့်ဆိုးကို မဖျောက်နိုင်ဘူး။ ဝလင်အောင် ကျွေးမွေးထားတဲ့ကြားက အသားထုတ်၊ ငါးထုတ်တွေကို ဆွဲပြေးတဲ့အခါ ပြေးတာမျိုးပေါ့။
အမေကလွှတ်လို့ ကျနော်ဈေးသွားဖို့ ခြင်းကိုင်တယ်ဆိုရင်ပဲ သူမစောင့်ရှောက်ရင်ပဲ ကျနော့်မှာ ဘေး အန္တရာယ်တွေ ကျတော့မလို အချိုးနဲ့ ကျနော်နဲ့ ရင်ပေါင်တန်းပြီး အိမ်ကထွက်တယ်။ ဒီကောင်ကြီးက ခွေးပါးဝပြီး လူကဲခတ်တော့ ကောင်းပုံပဲ။ ကျနော် သူ့ကို အိမ်ပြန်လို့မောင်း မထုတ်ချင်အောင် ခြုံပုတ်တွေထဲတိုးဝင် အနံ့ခံပြ၊ ကျနော့်ရန်သူကပဲ လမ်းဘေးခြုံထဲ ရှိသလိုလို။ ရှေ့ကနေကြိုပြေးပြီး အမြီးတနှံ့နှံ့နဲ့ ထိုင်စောင့်နေလိုက်။ ရှေ့မှာ သူပဲ လမ်းရှင်းပေးထားသလိုလို။ ကျနော့်ကိုယ် ကျနော် တောင် ဘဝင်ကိုင်ချင်စိတ်ပေါက်အောင် အဲလို မူယာမာယာများတာ။ ပြီးတော့ လမ်းဘေးခွေး တအုပ် တွေ့တာနဲ့ ကျနော့်ခြေသလုံးနားကပ်ပြီး အမြီးကို ကုပ်နေရော။ ကိုယ်ကပဲ သူ့ကို ရန်လုပ်တဲ့ခွေးတွေကို ခဲကောက်ကိုင်ပြီး ခြောက်ပေးရတယ်။ သူမို့လို့ ကျနော်ဈေးသွားတိုင်းလိုက်လာရင် ကျနော့်မှာ ခွေးတစီစီနဲ့…လူလို သူလို အိန္ဒြေရရ သွားရတယ်ကို မရှိဘူး။
ချောက်စာရေးတန်းအိမ်တွေနဲ့ကပ်လျက် ချောက်ဈေးတန်းလေးကို ရောက်တယ်ဆိုတာနဲ့ ကျနော့်နားက သူပျောက်သွားရော။ အသားတန်း၊ ငါးတန်းနားသွား နှာခေါင်းတရှုံ့ရှုံ့နဲ့ အညှီအဟောက်လိုက်ရှာတာလေ။ ဈေးသည်တွေက ပိုးစိုးပက်စက် ပျစ်ထားတဲ့ အမဲသား၊ ဆိတ်သား၊ ကြက်သားက ခုတ်စ၊ အညီအဟောက်တွေကို မြိန်ရည်ယှက်ရည် သွားစားနေတော့တာပဲ။ ဘယ်လိုခေါ်ခေါ် မရဘူး။ အဲဒီအချိန်မျိုးကျ သူ့ဂုတ်ပေါ်တဝဲဝဲနဲ့ သားလှီးဓါးတွေလည်း မကြောက်တော့ဘူး။ အတင်း ခေါင်းတိုးပြီး စားတော့တာပဲ။
တခါခြံခုန်ဖူးတဲ့နွားဟာ နောက်တခါ ခြံခုန်ဖို့ဝန်မလေးဘူး…ဆိုတဲ့ စကားပုံလိုပဲ။ အညီအဟောက်အစိမ်းကို စားဖူးထားတဲ့ ခွေးဟာ ဘယ်လောက်ပဲ ချက်ပြုတ်ထားတာ စားရပေမယ့် အသားစိမ်းတွေ့ရင် အူလျားဖားရား။ မွေးကတည်းက တခါမှ အသားမစားဖူးသလို ငန်းငန်းတက်၊ ဟပ်ဟပ်ကို ထိုးတော့တာပဲ။ သူနဲ့ကျနော်တို့ မိသားစုကြားက ပြဿနာဟာ အဲဒါပဲ။ လစ်ရင်လစ်သလို မီးဖိုထဲ တန်းဝင်ပြီး ခိုးစားဖို့ အမြဲကြိုးစားတာက ကျနော်တို့အတွက် အကြီးမားဆုံး စိတ်အနှောက်အယှက်ပဲ။
သူအဲလိုလုပ်လို့ ဖေဖေရိုက်ရင် အမြီးကုတ်ပြီး တုပ်တုပ်မှ မလှုပ်ဝံ့ခဲ့တဲ့ကောင်က ကျနော်တို့နဲ့ကျရင် ထွက်ပြေးတဲ့အခါပြေး။ တုတ်ကိုင်ထားတဲ့လက်ကို ငုံခဲပြီး တွန်းဖယ် ခါထုတ် လုပ်လားလုပ်ရဲ့။ သူကတော့ မနာအောင်ငုံတယ်ဆိုပေမယ့် ခွေးဉာဉ်နဲ့ခွေးအလုပ်ပဲဟာ တခါတခါကျတော့လည်း သူ့အစွယ်က အသားထဲ ဖောက်ဝင်သွားတဲ့အခါ ဝင်သွားတာတာပေါ့။
အဲဒီအခါမျိုးကျရင် မေမေက ဆေးထည့် ပတ်တီးစည်းပေးရင်း ဝိုင်းလုံကို လမ်းမမှတ်မိတဲ့ ဘုန်းကြီးကျောင်းတကျောင်းကျောင်းမှာ သွားပစ်ဖို့ ဖေဖေ့ကို ပူဆာတော့တာပဲ။
အဖေကတော့လား သူ့ပုံစံအတိုင်း ခပ်အေးအေးပါပဲ။
“အိမ်ရှင်မအပျင်းကြီးရင် ကြောင်ဆိုးတကောင်မွေး” ဆိုတဲ့ စကားပုံရှိတယ်မို့လား။ ခွေးတွေ ကြောင်တွေ ပါးစပ်ဆိုးရင် လူတွေက ကိုယ့်ပစ္စည်းကို လုံခြုံအောင်သိမ်းကြလေ။ အဲဒီတော့ တိရစ္ဆာန်တွေနဲ့ဖက်ပြီး ဒေါသထွက် စိတ်ဆိုးစရာနေလည်းမလိုဘူး။ ကိုယ်လည်း စည်းကမ်းနဲ့ နေကျင့်ရသွားမယ်။ သူတို့လည်း အလွယ်တကူ မရတဲ့နေရာကို ကြာတော့ ခြေဦးလှည့်တော့မှာမဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ဘက်က ကိုယ့်အိမ်ထဲမှာမို့လို့ ဒီအတိုင်းထားတာလို့ ဆင်ခြေပေးမယ့်အစား အစကတည်းက ဒီခွေးက ပါးစပ်စည်းမရှိဘူး။ တွေ့သမျှအကုန်စားတယ်။ ခွေးစားပြီးမှ ကျန်တာလေး နှမျောလို့ ရေဆေးစားလိုက်ရတယ် မဖြစ်ချင်ရင် ကိုယ့်ဖာသာကိုယ်သာ သတိလေးနဲ့ သိမ်းစရာရှိတာသိမ်းတတ်တဲ့အကျင့်ကို ရအောင်မွေး”…။
******************
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဒီကောင်ကြီး ငသလောက်တကောင်လုံးကို စားပစ်လိုက်တာ ဖက်မှာ ကပ်နေတဲ့ သွေးစလေးတွေတောင် ချန်မထားခဲ့ဘူး။ အဲဒါက ကျနော် ငသလောက်ပေါင်းစားချင်တယ် ဆိုလို့ အမေက ဝယ်လာပေးတာ။ စားဖို့မပြောနဲ့ အနံ့လေးတောင် မရလိုက်ဘဲ တကောင်လုံးကို အစိမ်းလိုက်စားပစ်လိုက်တာလေ။ ပြီးတော့ ငသလောက်ဆီရစ်ပြီး ဗိုက်ကြီးကား၊ လေးဘက်ပစ်ပြီး မထနိုင်တော့တဲ့သူ့အနားကို တုတ်ကိုင်ပြီး ပြေးကပ်သွားတယ်ဆိုရင်ပဲ တအီအီ အသံလေးပေးပြီး အမြီးတနန့်နန့်နဲ့မျက်နှာချိုသွေးရှာတယ်။
ခါတိုင်းဆိုရင်တော့ ဒီပုံစံလုပ်ပြတာနဲ့ သူ့လည်ပင်းဖက်လှဲပြီး မြေပေါ်မှာ လူးလှိမ့်လုံးထွေးလို့ ကစားချင်ကစားမိမှာဖြစ်ပေမယ့် ဒီတခါမှာတော့ “ငါ့အစာလုတဲ့ကောင်” ဆိုတဲ့စိတ်က ငယ်ထိပ် တက်ဆောင့်နေချိန်ဆိုတော့ သားရဲ့ရိုက်ချက်တွေက သူ့အပေါ် မရေတွက်နိုင်ခဲ့ဘူး။ တုတ်နဲ့ရိုက်လို့ အားမရနိုင်ဘဲ ကန်ကျောက်ပစ်လိုက်သေးတယ်။ သေချင်သေစမ်းဟာ…ဆိုပြီး ခြေနှစ်ချောင်းကိုင်ဆွဲပြီး တချက်တောင်မှ ကိုင်ပေါက်ပစ်လိုက်သေးတယ်။ အဲဒီလို လက်လွတ်စပယ် လုပ်တာကိုတော့ အမေက လုံးဝမကြိုက်ပါဘူး။ ဝိုင်းလုံခိုးစားတာကို မကြိုက်သလို အခုလို ကျနော်က မတန်တဆ ရိုက်နှက်ကန်ကျောက်နေတာကျတော့လည်း အမေက လက်မခံပါဘူး။
ဝိုင်းလုံကလည်း သူ့အပြစ်သူသိသလို ကျနော့်ရဲ့ဒေါသကိုလည်း သူသိတယ်။
ကိုင်ပေါက်ခံထားရလို့ ခွေကျနေတဲ့နေရာကနေ အဆီရွှဲနေတဲ့သူ့ ဗိုက်ကိုတရွတ်ဆွဲပြီး အအီအီနဲ့ အသနားခံသလို အသံပေးရင်း ကျနော့်ရှေ့က ထွက်ပြေးဖို့ ကြိုးစားတယ်။
ကျနော်တို့အိမ်ရဲ့ပထမခြံစည်းရိုးဘေးမှာ သက်တမ်းရင့် ပုန်းညှက်ပင်ကြီးရှိတယ်။ အဲဒီအောက်မှာ သစ်သားကွပ်ပျစ်တလုံးရှိတယ်။ အမြင့်က တထွာလောက်ပဲရှိတာ။ သူက အဲဒီ မြေနဲ့ ကွတ်ပျစ်တန်း တွေ ထိလုနီးပါးနိမ့်တဲ့ ကွပ်ပျစ်အောက်ထဲ အတင်းဝင်ပုန်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ကွတ်ပျစ်က အရမ်းနိမ့်တော့ ငသလောက်တကောင်ဆန့်တဲ့ သူ့ဗိုက်နဲ့တစ်နေပြီး ခေါင်းနဲ့ ကိုယ်အရှေ့ပိုင်းပဲ ကွတ်ပျစ်အောက်ကို ရောက်သွားပြီး နောက်ပိုင်း ကိုယ်တဝက်က ကွပ်ပျစ်အပြင်ဘက်မှာ ဒီအတိုင်း အမြီးတနန့်နန့်နဲ့။ သူ့ခေါင်း အထဲရောက်ပြီး သူ့မျက်လုံးက လူတွေကို ရင်ဆိုင်ကြည့်မနေရင် သူ့ကိုလည်း လူတွေက မမြင်နိုင်ဘူးလို့ ကိန်းသေတွက်ထားတာ သေချာပါတယ်။ ဒါကြောင့်သာ “ငါ့အကြံမပိုင်လား” ဆိုတဲ့ အချိုးနဲ့ အမြီးလေးတောင် နှံ့နေလိုက်သေးတာပေါ့။
စိတ်ရှိတိုင်းသာ ရိုက်လိုက်ရလို့ကတော့ ငသလောက်တွေ အတုံးလိုက်တောင် ပြန်ထွက်လာနိုင်တယ်။
ကျနော်နဲ့ ဝိုင်းလုံရဲ့ဇာတ်လမ်းထဲ အဖေဝင်ပါလာပြီပေါ့။
“တွေ့လား…သား။ တိရစ္ဆာန်တကောင်ဟာ လူနဲ့ဘယ်လောက် အနေနီးနီး၊ သူ့အသိဉာဏ်က တိရစ္ဆာန်ဦးနှောက်ပဲ။ သူက သားကို မမြင်ရတော့တာနဲ့ သားကလည်း သူ့ကို မမြင်တော့ဘူးလို့ ထင်နေရှာတယ်။ သားကို ကျောခိုင်းပြီး ဒီကွပ်ပျစ်အောက်မှာ ခေါင်းလေးဝင်ရုံ ကွယ်ထားလိုက်တာနဲ့ သူ့တကိုယ်လုံး လုံသွားပြီလို့ ထင်နေရှာတယ်။
လူနဲ့တိရစ္ဆာန်ရဲ့ ကွာခြားမှုက အဲဒါပဲသား။ သူ့မှာရှိတဲ့အသိဉာဏ်လေးန့ သူ့အစာ၊ လူ့အစာဆိုတာ မခွဲခြားနိုင်ရှာဘူး။ အဆီတဝင်းဝင်းနဲ့ အရသာရှိတဲ့အစားဆိုတော့ သူ့အသိဉာဏ် လောက်နဲ့လည်း မစားမိအောင် သူ့စိတ်ကိုမထိန်းနိုင်ရှာဘူး။
ဒီတော့ သူ့ထက်ပိုပြီး အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားမြင့်မားကြတဲ့ လူတွေကပဲ သတိနဲ့ဆင်ခြင်ကြရမယ်။ သူ့မှာ ဒီလိုအကျင့်ရှိတယ်။ ကိုယ်က သူ့ကို ဒါမကျွေးချင်ဘူး၊ မစားစေချင်ဘူးဆိုရင် လုံခြုံအောင် သိမ်းဖို့က ကိုယ့်ရဲ့တာဝန်ပဲ။ ကိုယ့်ဘက်က ပျက်ကွက်လို့ တိရစ္ဆာန်က တိရစ္ဆာအသိနဲ့ အဆင်ခြင်မဲ့စားရကောင်းလားဆို ရိုက်နှက်နေတော့ အကြောင်းမဲ့ နှိပ်စက်သလို ဖြစ်မနေဘူးလား။
ဒါကြောင့် အပြစ်ချင်းယှဉ်ရင် အသိဉာဉ်ပိုမြင့်တဲ့ လူတွေက ပိုပြီးအပြစ်ရှိတယ်။ သူ့ကိုမကျွေးတဲ့၊ သူစားချင်နေတဲ့အစာကို သူအလွယ်တကူမယူနိုင်အောင် ကြိုတင်ကာကွယ်ဖို့ကို လူတွေဘက်က အရင်တာဝန်ရှိတယ်။ အရင်ပျက်ကွက်တယ်လေ။
ဖေဖေ့ ဆုံးမစကား အရှည်ကြီးကို ငြိမ်ပြီးနားထောင်ရင်း စောစောက စိတ်ရှိတိုင်း ရိုက်နှက်ထားတဲ့ ဝိုင်းလုံကြီး ရဲ့ ကွပ်ပျစ်အောက်ထဲမဝင်တဲ့ ကိုယ်တခြမ်းနဲ့ အမြီးနှံ့နေတာကို ကြည့်ရင်း ကျနော် နည်းနည်းတော့ ရှက်စိတ်ဝင်မိတယ်။
“လူနဲ့တိရစ္ဆာန်ရဲ့ ကွာခြားချက်က ဆင်ခြင်တုံတရားပဲ သား။ လူတွေမှာ မလုပ်သင့်ဘူး၊ လုပ်သင့်တယ် ဆိုတဲ့ ဆင်ခြင်တုံတရားနဲ့ ထိန်းကွပ်မှသာ လူဖြစ်ရကျိုးနပ်တယ်။ လူတွေဟာ ဆင်ခြင်တုံတရားကင်းမဲ့ လာရင် တိရစ္ဆာန်လောက်တောင် တန်ဖိုးမရှိတော့ဘူး။ ဘာဖြစ်လို့လဲ သိလား သား။ တိရစ္ဆာန်တွေသေရင် အသားတန်ဖိုး ရှိတယ်။ လူတွေက သေရင် အသားတန်ဖိုးတောင် မရှိတော့ဘူး။ ဒါကြောင့် အသက်ရှင်နေတဲ့အချိန်မှာ တိရစ္ဆာန်နဲ့မတူအောင် အမြဲတန်း ဆင်ခြင်တုံတရားနဲ့နေ။ ဆင်ခြင်တုံတရားကင်းမဲ့ပြီး အသက်ရှင်နေရင်တော့ တိရစ္ဆာန်လောက်တောင် တန်ဖိုးမရှိတဲ့သူ ဖြစ်သွားမှာပဲ။ အဖေ့သားကို အဲဒီလို တိရစ္ဆာန်လောက်တောင် တန်ဖိုးမရှိတဲ့သားမျိုး မဖြစ်စေချင်ဘူး။”
ဆင်ခြင်တုံတရားဟာ လူသားတွေအတွက် အမြင့်ဆုံးစံတန်ဖိုးနဲ့ တိရစ္ဆာန်နဲ့လူကို ကွဲပြားစေတဲ့ မှတ်ကျောက်တခုလည်းဖြစ်တယ်။ ဆင်ခြင်တုံတရားမရှိတဲ့သူဟာ တိရစ္ဆာန်လောက်တောင် တန်ဖိုးမရှိ၊ အသုံးမကျတဲ့သူပဲသား…လို့ ဖေဖေက သူ့စကားကို အဆုံးသတ်ပါတယ်။
ဖေဖေ့ရဲ့ဆုံးမစကားကိုနာခံရင်း ငသလောက်ဆီယစ်ပြီး အမြီးတောင် ပျာယာခတ်အောင်တဇတ်ဇတ်မလှုပ်နိုင်တော့တဲ့ ဝိုင်းလုံကြီးကို သနားစိတ်ဝင်လာတယ်။ ကျနော် ကိုင်ပေါက်လိုက်လို့ ငသလောက်တကောင်နဲ့ တင်းကျပ်နေတဲ့ အစာအိမ်များကွဲထွက်ပြီး သေသွားခဲ့ရင် ကျနော် ပျော်နိုင်ပါတော့မလား။
ဝိုင်းလုံကြီးကတော့ သူ့ခေါင်းကိုလုံအောင်ဝှက်ပြီး မျက်လုံးစုံမှိတ်ရင်း ဒီလူတကောင် ငါ့ကို တွေ့အောင်မရှာနိုင်တော့ဘူး-ဆိုပြီး ခွေးကျင့်ခွေးကြံနဲ့ ခွေးမာန်တွေ တက်နေမလားတော့ မသိဘူး။ ကျနော်ကတော့ အဖေ့ ဆုံးမစကားတွေအောက်မှာ ကျနော့လုပ်ရပ်အတွက် အပြစ်ရှိသူတယောက်လို ခံစားမိပါတယ်။ ကျနော်ဟာ အဖေ့သားတယောက်အနေနဲ့ လူတယောက်ရဲ့ အမြင့်ဆုံးစံတန်ဖိုးရှိသူတယောက်ဖြစ်ဖို့ ကြိုးစားရအုံးမယ်။
********
နောက်တော့လည်း ကျနော်နဲ့ဝိုင်းလုံဟာ မောင်ပိုနေမြဲ၊ ကျားနေမြဲ အရင်လို လုံးထွေးရစ်ပတ် ကစားရင်း ပျော်ရွှင်နေကြပြန်ပြီ။ အခုနောက်ပိုင်း သူ့ရဲ့ ရေခွက်ကို ဆေးကြောအသစ်လဲပေး၊ သူ့ထမင်းပန်းကန်ကိုလည်း အသစ်လဲ၊ ကိုယ့်စားမယ့်ဝေစုထဲက အသားလေးဘာလေး နည်းနည်းပါးပါး ချန်ထားပြီးကျွေးလို့ ကိုယ်ချင်းစာတရားလေး ကိုယ့်ဘက်က ပိုပြရတာပေါ့။ အမေကတော့ အစားအသောက်ချကျွေးတာကို ဘာမှ မပြောပေမယ့် သိပ်ပြီး လုံးထွေး အရောဝင်ရင်တော့ မကြိုက်တတ်ဘူး။
“အလိုလိုမှ မြေကပွရတဲ့အထဲ ဖုန်ထောင်းထောင်းထနေပြီ။” လို့ ဆူဆူပူပူလုပ်တတ်ပါတယ်။ နောက်တော့လည်း ခံမပြော နားမထောင်လုပ်တဲ့သားကို အမေက လက်လျှော့ထားလိုက်တာပါပဲ။
**********
အခုတလော “ဝဲခေတ်” ထနေတယ်။
……ဝဲထဲမှာ လည်နေတဲ့ခေတ်ကြီးလေ။
“ယားနေမလား၊ ဖျားသေမလား။” ဆိုတဲ့ တဘောင်လိုလို၊ ဘုန်းကြီးအိမ်မက်လိုလို အတိတ်တွေ၊ နမိတ်တွေ၊ တဘောင်တွေတောင် ပေါ်လာရလောက်အောင် တနိုင်ငံနီးပါး ဝဲတွေပေါက်ပြီး အိမ်ထဲလည်းကုပ်၊ အပြင်လည်းကုပ်၊ တကုပ်တည်းကုပ်နေကြတဲ့ခေတ်၊ ခေတ်မီသူတိုင်း ဝဲပေါက်တဲ့ခေတ်မှာ ဝိုင်းလုံကြီးကလည်း ဘာသားနဲ့ထုထားလို့ ခံနိုင်မှာလဲ။ ပေါက်တော့တာပေါ့။ သေချာတွေးကြည့်တော့မှ ခွေးဝဲစား ရုပ်ဟာ တော်တော်ပဲ့တာပဲ။
ခေတ်မီစွာရှိုးပဲ့နေတဲ့ ဝိုင်းလုံကြီးခမျာ နှုတ်သီးကို သူ့ကိုယ်ခန္ဓာအနှံ့ လိုက်ထိုးပြီး သွားစွယ်တွေနဲ့ တဆတ်ဆတ်ကိုက်၊ ဒီကြားထဲက မြေကြီးမှာ လူးလှိမ့်ရင်းတအီအီနဲ့ အော်ညည်း။ ခြေသည်းတွေနဲ့ ကုတ်ဖဲ့။ ဝန်းထရံနဲ့သွားတိုက်နဲ့ဝဲစားတဲ့ဒဏ်ကို အလူးအလဲခံနေရရှာတယ်။
ဒါနဲ့ပဲ တနေ့ ရေ ၂ ခါချိုး၊ ကာဘော်လစ်နဲ့တိုက်။ သူကုတ်ဖဲ့ထားတာတွေက ရေထိ၊ ဆပ်ပြာထိလို့ စပ်တော့ သူ့ကို အကောင်းလုပ်ပေးနေတဲ့ကြားက လက်ကို ငုံခဲထားလိုက်၊ ကျနော်နဲ့လွတ်အောင် ထွက် ပြေးလိုက်နဲ့ ခွေးဆိုမှတော့ လူလိုလည်း မသိဘူးပေါ့လေ။ ကျနော်ကပဲ လူမို့လို့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ် သည်းခံရင်း သူ့ကို ဗာစကေဗီတွေ လိုက်လိမ်းပေးနေရတာပဲ။
ဆေးလေးဝင်သွားလို့ အယားအနာ သက်သာပြီဆိုရင် ထမင်းဝအောင်စားပြီး အရိပ်ကောင်းကောင်းမှာ မျက်လုံးစုံမှိတ်ပြီး စည်းစိမ်ခံနေပြန်ပါရော။
ဒါပေမယ့် တချက်တချက်မှာ ဝိုင်းလုံကြီးဟာ တွန့်ကနဲဖြစ်ပြီး ကျောရိုးကို တွန့်လိမ်နေတော့ မနေနိုင်တာနဲ့ သူ့ကုတ်ဖဲ့နေတဲ့ ချောင်ကြိုချောင်ကြားကို သွားကြည့်တော့ လားလား၊ ဝဲတင်မဟုတ်ဘူး၊ မွှားတွေနဲ့ လှေးတွေကလည်း နှိပ်စက်ကလူနေတာကိုး။ မွှားတွေက အကောင်ကြီးပြီး တနေရာတည်းမှာတင် ခြေထောက်တွေနဲ့ကုတ်ပြီး တွယ်ထားတာမို့လို့ သူတို့ကို အတင်းဆွဲဖြုတ်ရင် ဝိုင်းလုံခမျာ သွေးတောင်စို့ထွက်တယ်။ ဒါပေမယ့် မွှားက အကောင်ကြီး ထင်သာမြင်သာမို့လို့ မျိုးဖြုတ်ဖို့လွယ်တယ်။ လှေးတွေကျ အကောင်သေးပြီး ခုန်ပေါက်နေတော့ ဖမ်းလို့မလွယ်ဘူး။ မြေပေါ်ရောက်သွားတဲ့အခါသွား၊ ကျနော့်အပေါ်တောင် ခုန်တက်ချင်တက်တာ။
သူတို့ကကိုက်ပြီဆိုရင် ဝိုင်းလုံခမျာ မြေပြင်ပေါ် လူးလှိမ့်ပစ်ပြီး တအီအီနဲ့ အတော်လေး ယားတဲ့ဒဏ် ခံရပုံပဲ။ ဘယ်လောက်ပဲ ရေချိုးသန့်စင်ထားထား ဖုန်အလူးလူးနဲ့ဖြစ်သွားတာပဲ။ လူးလှိမ့်ယုံနှင့်အားမရ၊ မြေကြီးကို လက်သည်းဖြင့် ကုတ်ခြစ်ယက်ထုတ်ပစ်၍လည်း ဖုန်းတထောင်းထောင်း ထနေသေးတယ်။ ခွေးလှေးခုန်လို့ ဖုန်မထပေမယ့် ခွေးလှေးကိုက်တဲ့ဒဏ်မခံနိုင်တဲ့ခွေးက ခုန်ပေါက်နေတော့ ဖုန်က ထတယ်လေ။ ကျနော်က ဖုန်နံ့ရရင် ချောင်းဆိုးတယ်။ ဒီတော့ ဒီကောင့်ကို ဝဲတင်မဟုတ်ဘူး။ လှေးတွေကိုက်တဲ့ဒဏ်ကလည်း ကျနော် ကာကွယ်ပေးမှ ဖြစ်မှာပါ။
********
အဲဒီ လှေးဆိုတဲ့ ကပ်ပါးကောင်တွေဟာ တော်တော် မသဒီစရာကောင်းတယ်။ နေသာရင် ထွက်လာလိုက်၊ ကျနော်ရေပိုက်နဲ့ထိုးလို့ သူတို့ခေတ်ပျက်တဲ့အခါ ဝိုင်းလုံရဲ့ နားအတွင်းပိုင်းထဲဖြစ်ဖြစ်၊ ခြေကြိုလက်ကြားမှာဖြစ်ဖြစ် ဝင်ပုန်းပြီး လွတ်အောင်ရှောင်လိုက်နဲ့၊ ခွေးတကောင်အပေါ်မှာ လုပ်စားနေကြတာ။
ဒါကြောင့် ရေချိုးပြီး ပြူတစ် ပြူတစ်ထွက်လာတဲ့ လှေးမှန်သမျှ ကျနော် အချိန်ယူပြီး စစ်ဆင်ရေးဝင်ရတယ်။ ဒါတောင် ဒီကောင်က ဝဲကတမျိုး၊ လှေးကတမျိုးမို့ အငြိမ်မနေဘဲ ကုတ်ဖဲ့ရင်း မြေမှာလှိမ့်နေပြန်တော့ ဖုန်တွေထပြီး ကျနော်က ချောင်းဆိုးရော။ ကျနော် ချောင်းဆိုးရင် မေမေက မြည်တွန်တောက်တီးရော။
“ဟေ့ကောင်၊ မင်းကို ငါက အကောင်း အယားသက်သာအောင်လုပ်ပေးနေတာ။ ငြိမ်ငြိမ်နေစမ်း။ ဖုန်တွေထတာ အမေမြင်ရင် ငါ အဆူခံရမယ်။ တော်တော့၊ ရပ်တော့ လို့ မေမေပြောရင် မင်းပဲ ပိုယားမှာ။….”
ကျနော်မှ စကားမဆုံးခင် လှေးတကောင်မိလုမိခင်မှာ ဝိုင်းလုံက ကျနော့်လက်ကို ဖမ်းငုံပြီး ခါထုတ် လိုက်တာ အစွယ်နဲ့ခြစ်မိတဲ့အဖြူစင်းထင်သွားတယ်။
ကျနော်လည်း စိတ်ပေါက်ပေါက်နဲ့ တချက် ပိတ်ကန်ပြီး သူ့ကို ထားခဲ့လိုက်တော့တယ်။
ခွေးလှေးခုန်လို့ ဖုန်မထပေမယ့်လည်း လှေးကိုက်ခံရတဲ့ခွေးကြောင့်တော့ ဖုန်ထတယ်လေ။ သားက ဖုန်နံ့မခံနိုင်တော့ ဒီလှေးကို သုတ်သင်ဖို့ နည်းလမ်းတော့ ရှာရပါလိမ့်မယ်။
နည်းလမ်းမတွေ့ခင်တော့ နေနှင့်အုံးပေါ့လေ။
ခွါညို
နိုဝင်ဘာ ၇၊ ၂၀၂၁
မူရင်း (ဧပြီလ ၁၅၊ ၁၉၉၄။)
ခွေးတကောင် ... လှေးတအုပ် ..
********************
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar