မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၁
• အမေရိကန်သတင်းသမားရဲ့ ထောင်ဒဏ်ပြစ်ဒဏ်
မေလ ၂၄ ရက်နေ့က ရန်ကုန်ကနေ သူ့နိုင်ငံကို ပြန်ဖို့လေယာဥ်ကွင်းကနေ အထွက်မှာ အမေရိကန်နိုင်ငံသား မြန်မာနိုင်ငံတွင်းက ပြည်တွင်းသတင်းဌာနတခုမှာ အလုပ်လုပ်ကိုင်နေသူ ဒန်နီဖန်းစတားကို စစ်ကောင်စီကဖမ်းဆီးလိုက်ပြီး ပထမဆုံး ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ အဲဒီနောက် တရားရုံးထွက်ပြီးနောက် လအနည်းငယ်အကြာမှာ အခြားသော ပုဒ်မတွေထပ်မံတိုးပြီး အမှုဖွင့်ကာ ၅ လခွဲအကြာမှာတော့ ပုဒ်မ ၅ ခုနဲ့ အမှုရင်ဆိုင်နေရာကနေ ဒီနေ့မှာ ပုဒ်မ ၃ ခုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ပါတယ်။
ပုဒ်မ ၅၀၅-က အတွက် ၃ နှစ်၊ မတရားအသင်း ဆက်သွယ်မှုအတွက် ၃ နှစ်နဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာပုဒ်မ ၁၃ (၁) နဲ့ ၅ နှစ်အပြင် ဘယ်ပုဒ်မရဲ့ ပြစ်ဒဏ်လည်း တိတိကျကျမသိရှိရတဲ့ ဒဏ်ငွေ ၁ သိန်းကျပ်ပေးဆောင်ရန် ချမှတ်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီ သြဇာလွှမ်းမိုးတဲ့တရားရုံးက အမေရိကန်နိုင်ငံသား သတင်းသမားတယောက်ကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ခြင်းဟာ ခုဆယ်စုနှစ်များအတွင်း ထူးခြားတဲ့ပြစ်ဒဏ်ချမှတ်မှု တခုအနေသော်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်အပေါ်ပါ ကြီးမားတဲ့ ရိုက်ခတ်မှုတခုဖြစ်သွားပါပြီ။
ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က ယူနတီသတင်းဂျာနယ်က စစ်တပ်လက်နက်စက်ရုံနဲ့ပတ်သက်လို့ ဓါတုလက်နက်စက်ရုံဆိုတဲ့ သတင်းဆောင်းပါးဖေါ်ပြခဲ့ပြီးနောက်မှာ သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်အပါအဝင် သတင်းသမား ၅ ဦးဖမ်းဆီးခံရပြီးနောက် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အယူခံဝင်ရာက ၇ နှစ် အဖြစ် ပြောင်းလဲခဲ့တာပါ။
အလားတူ ပုဒ်မနဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ရိုက်တာက သတင်းထောက် ၂ ဦးကိုလည်း အင်းဒင်ရွာ လူသတ်မှုနဲ့ပတ်သက်တဲ့ သတင်းရေးသားဖို့ စုံစမ်းမေးမြန်းရာက ထောင်ချောက်ဆင်ဖမ်းဆီးခံရပြီး လျှို့ဝှက်ချက်အက်ဥပဒေနဲ့ပဲ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြန်ပါတယ်။ အဆိုပါ ဖမ်းဆီးမှု ပြစ်ဒဏ်ချမှတ်မှု ၂ ခုစလုံးဟာ စစ်တပ်နဲ့သက်ဆိုင်တာbစစ်တပ်က တရားလိုလုပ် အမှုစွဲခဲ့တာတွေပဲ ဖြစ်ပါတယ်။ ရိုက်တာသတင်းထောက် ၂ ဦးအမှုဆို အန်အယ်လ်ဒီအစိုးရလက်ထက်မှာပင်လျင် တပ်ကတရားလိုလုပ်စွဲဆိုခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက တပ်ရဲ့ လက်အောက်မှာ ရှိတာကြောင့် တပ်ကအားလုံးလုပ်ပိုင်ခွင့်ရှိတဲ့ သဘောလည်း ဖြစ်ပါတယ်၊ အန်အယ်လ်ဒီအနေနဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရိုက်တာသတင်းထောက်ကိစ္စမှာ တပ်က ဖမ်းဆီးတရားစွဲတာကို ထောက်ခံပြောဆိုခဲ့တဲ့အဖြစ်ကသာ ရိုဟင်ဂျာကိစ္စတွေကို အင်အားသုံး နှိမ်နှင်းရေးအတွက် ထောက်ခံခဲ့လို့ ဝေဖန်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
အထက်ကအမှု ၂ မှုမှာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာကြောင့် ၇ နှစ်နဲ့ ၁၀ နှစ်စီပြစ်ဒဏ်ကျခဲ့ရာက အခု စစ်အာဏာသိမ်းပြီးနောက် အမေရိကန်နိုင်ငံသားဖြစ်သူ ဒန်နီဖန်းစတားကိုတော့ အထက်ကအမှုတွေတုန်းကထက်ပိုတဲ့ ပြစ်ဒဏ်ဖြစ်တဲ့ ၁၁ နှစ်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးမှ အသစ်ပြဌါန်းခဲ့တဲ့ ၅၀၅-ကနဲ့ အမြင့်ဆုံးအပြစ်ပေးနိုင်တဲ့ ပြစ်ဒဏ် ၃ နှစ် ချခဲ့သလို၊ မတရားအသင်းဆက်သွယ်မှုဆိုတဲ့ ပုဒ်မ ၁၇ (၁) နဲ့လည်း အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မနဲ့လည်း အမြင့်ဆုံးပြစ်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာကိုကြည့်ရင် တရားစီရင်ရာမှာ အထက်အာဏာသိမ်း စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ ညွှန်ကြားထားတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။
နောက်ထပ်လည်း ထောင်ဒဏ် အနှစ် ၂၀ ထိကျနိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ထောင်ဒဏ် နှစ်အတော်များများကျနိုင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့လည်း ထပ်မံစွဲဆိုထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီပြစ်ဒဏ်ပါ ထောင်ဒဏ်တွေအတိုင်း ထောင်ထဲမှာ အကျဥ်းကျခံကြရမယ်လို့ ဘယ်သူမှမယုံကြည်ကြပါဘူး။ တရားရုံးကို သြဇာလွှမ်းမိုးပြီး ကြောက်လန့်လောက်တဲ့ ထောင်ဒဏ်တွေ ချမှတ်စေပြီး နောက်ထပ်မလုပ်ရဲအောင် ခြိမ်းခြောက်တယ်လို့သာ ယူဆကြမှာပါ။
ဒီနေရာမှာ အမေရိကန် အစိုးရနဲ့ ဆက်ဆံရေးမကောင်းတာကို အမေရိကန်နိုင်ငံသားသတင်းထောက်အပေါ် မှာ မဲပြီး ထောင်ချလေသလားဆိုတဲ့ ယူဆမှုတွေ သံသယတွေလည်း အများအပြားရှိပါတယ်။ သတင်းမီဒီယာအပေါ်မှာလည်း ပြင်းထန်တဲ့ရာဇသံပေးပြီးဖြစ်သလို အမေရိကန်အစိုးရအပေါ်လည်း လက်တုံ့ပြန်တဲ့ နည်းလမ်းလေလားလို့ ယူဆစရာ ဖြစ်နေပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတွေထဲမှာတော့ အန်အယ်လ်ဒီရုံးတွေ ဖောက်ခွဲခံရတဲ့သတင်းတွေမကြာမကြာ ဖေါ်ပြတာ တွေ့နေရပါတယ်။ တနင်္သာရီတိုင်းက စတင်လိုက်ရာမှာ အခုတော့ အခြားသောတိုင်းနဲ့ ပြည်နယ်တွေဆီ ပျံ့နှံ့သွားပြီလို့ ဆိုရမှာပါ။ သတင်းပေးဆိုတဲ့ ခေါင်းစဥ်နဲ့ ကြံ့ခိုင်ရေးပါတီဝင်တချို့ လုပ်ကြံသတ်ဖြတ်ခံရသလို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာအိမ်မှူးစတဲ့သူတွေ ထဲမှာလည်း ကြံ့ခိုင်ရေးနဲ့ တပ်ထောက်ခံသူတွေ အများအပြား လုပ်ကြံသတ်ဖြတ်ခံနေရတာ လနဲ့ချီရှိလာပါပြီ။ ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ NLD ရုံးတွေကို ဖောက်ခွဲဖို့ စစ်ကောင်စီဘက်က သူ့ကို ထောက်ခံသူတွေကို တဖက်လှည့်နဲ့ လက်စားချေခိုင်းတာလား လို့ယူဆစရာ ရှိလာပါတယ်။ ဒါတင်မက ယခုရက်ပိုင်း ကချင်ပြည်နယ် ဟိုပင်မြို့မှာ ဖြစ်သွားတဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေကို ချေမှုန်းရေးရိုင်ဖယ်နဲ့ ပစ်ခတ်မှုလိုမျိုးဟာ လက်စားချေ တုံ့ပြန်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တိတိကျကျ ဘယ်သူဘယ်ဝါရယ်လို့ ပစ်မှတ်ထားတာမဟုတ်ပဲ လုပ်ကြံသတ်ဖြတ်မှုတွေကို လက်တုံ့ပြန်တဲ့ သတင်းစကားအဖြစ် အပြစ်မဲ့သူတွေ ဘယ်သူထိထိဆိုတဲ့ အနေနဲ့ ပစ်ခတ်မှု တခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
စစ်ကောင်စီအနေနဲ့ သူ့ကို ထောက်ခံသူတွေဘက်က လက်တုံ့ပြန်မှုလုပ်ဖို့ စစ်ကောင်စီဘက်က သတင်းပေးဆိုတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ဖေါ်ထုတ်နိုင်စွမ်းမရှိတော့တဲ့အနေအထားမှာ လက်စားချေ လက်တုံ့ပြန်မဲ့ နည်းလမ်းမျိုးကို အားပေးခွင့်ပြုခဲ့တာမျိုး ဖြစ်လိမ့်မယ်လို့ ယူဆစရာ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ တနည်းအားဖြင့် အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုတွေအခြေစိုက် အမြစ်တွယ်မှုနည်းပါးတဲ့ အရှေ့တောင်အာရှလို ဒေသတွေမှာ လက်နက်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ လက်စားချေမှုတွေ စတင်ပေါ်ထွက်လာပြီး တဖြည်းဖြည်း မြင့်တက်လာခြင်းဟာ နိုင်ငံရေးအကြပ်အတည်းမှာ အခြေခံတာမှန်သော်လည်း ရေရှည်မှာ ဒီလိုအစွန်းရောက် လုပ်ကြံသတ်ဖြတ် လက်စားချေမှုတွေ သံသရာထဲနစ်မွမ်းမယ့်အရေးလည်း နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ တွေးဆသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar