လင်းသက်ငြိမ် - မီး...ခိုး...တွေ
(မိုးမခ) နို၀င်ဘာ ၈၊ ၂၀၂၁
မီးခိုးတွေ ငါမြင်လိုက်ရတဲ့ မီးခိုးတွေ
မှိုပွင့်လို စာအုပ်ထဲက ဟီရိုရှီးမားမီးခိုးတွေ
အဝတ်ဗလာ ထွက်ပြေးလာတဲ့
ကလေးမလေးတစ်ယောက်
သူ့နောက်မှာ မီးခိုးတွေ သတင်းဓာတ်ပုံထဲ
ငါ မြင်လိုက်ရတဲ့ မီးခိုးတွေ
အိမ်ကလေးတစ်လုံးမီးထဲပါသွား
ငါငယ်ငယ်တုန်းက ကိုယ်တိုင်မြင်ခဲ့တယ်
ငါ့ အဒေါ်အိမ် မီးလောင်သွားတာ
ငါမငိုခဲ့ဘူး
သောကြာနေ့ညနေမီးခိုးများ
အိမ်အလုံးပေါင်းများစွာကို လောင်ကျွမ်းပြီး
အူထွက်နေတဲ့ မီးခိုးများ
ပေါ့ဆမီးမဟုတ်ဘူး
သဘာဝဘေးမဟုတ်ဘူး
အာဏာရှင်ဘေးက လူတိုင်းရဲ့
ရင်ဘတ်ကို တဘုန်းဘုန်း ထုရိုက်တယ်
လူတိုင်းရဲ့ အသည်းနှလုံးကို
စစ်ဖိနပ်နဲ့ တက်နင်းတယ်
ဒီကာလကြီးထဲ ငိုစရာမျက်ရည်
ကျန်နိုင်စရာ ရှိသေးလို့လား
ငါ့ မျက်လုံးတွေက မျက်ရည်ကျလို့မရ
ငါ မငိုဘူး
ငါ မငိုခဲ့ဘူး
ငါ့မျက်လုံးထဲမှာ မီးခိုးတွေ
အလိပ်လိုက် အတန်းလိုက် မီးခိုးတွေ
လူတွေရဲ့ ဘုံဗိမာန်ကို လူမဟုတ်တာတွေက
လောင်တိုက်သွင်းခဲ့ကြပေါ့
မီးခိုးတွေ မီးခိုးတွေ
ငါ့မျက်လုံး ဘယ်နေရာကိုကြည့်ကြည့်
မီးခိုးတွေ
ငါ့ မျက်လုံးတွေကို
တင်းတင်းကျပ်ကျပ် ပိတ်ပစ်လိုက်လည်း
မီးခိုးတွေကို မြင်နေရတယ်
မီးခိုးတွေ မီးခိုးတွေ
အိမ်ဟာ အိမ်မဟုတ်တော့တဲ့ ပြာပုံအဖြစ်
မီးခိုးတွေ
အရှေ့ခုနှစ်အိမ် အနောက်ခုနှစ်အိမ် မကဘူး
နိုင်ငံအနှံ့အပြားကို လွင့်စင်လာတဲ့ ပြာစတွေနဲ့
မီးခိုးတွေ
မီးခိုးတွေကို မီးခိုးလိုလူတွေက
ဖျက်လိုဖျက်ဆီး ဖန်တီးခဲ့တဲ့ မီးခိုးတွေ
လေထုထဲ လွင့်ပြယ်သွားတောင်
လူထုထဲ ဘယ်တော့မှ လွင့်ပြယ်မသွားတော့မဲ့
မီး ... ခိုး ... တွေ။ ။
လင်းသက်ငြိမ်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar