Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၇ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၇ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၂၁

• သတင်းပေးဒလန် ဇာတ်လမ်း 
နေ့စဥ်သတင်းတွေထဲမှာ အများဆုံး ဖေါ်ပြနေကြ ဖတ်ရှုနေကြရတာတော့ မြို့တွေပေါ်က အကြောင်းအရာအနေနဲ့ဆိုရင် သတင်းပေး အသတ်ခံရတဲ့ သတင်းနဲ့ နယ်တွေ ကျေးရွာတွေဆိုရင် စစ်ကောင်စီကားတန်းကို ဗုံးခွဲတာ ကြားဖြတ်တိုက်ခိုက်တဲ့ သတင်း၊ တဖန် စစ်ကောင်စီက ဖမ်းဆီးတာ ညှင်းပန်းနှိပ်စက်တာ အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခံရတဲ့သတင်းတွေ ဖြစ်ပါတယ်။ 

သတင်းပေးသတ်ဖြတ်တဲ့ လုပ်ဆောင်မှုတွေကို ပြီးခဲ့တဲ့ လပိုင်းတွေမှာ စတင်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး တဖြည်းဖြည်း အရှိန်မြင့်လာနေတာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေကို ဒေသအလိုက် PDF  တွေ၊ ကျေးရွာက ပီဒီအက်ဖ်တွေက လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ မေလလောက်ကတည်းက စတင်ခဲ့တဲ့ ဒီနည်းလမ်းဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ ရှင်းလင်းသုတ်သင်မယ်ဆိုတဲ့ စဥ်းစားမှု လှုံ့ဆော်မှုကနေ စတင်လာတာလို့ ယူဆရမယ် ထင်ပါတယ်။ 

မြို့ပြပျောက်ကျားတွေရဲ့ လုပ်ဆောင်မှုတွေမှာ စစ်ကောင်စီအုပ်ချုပ်ရေး အခြေမတည်နိုင်အောင် အုပ်ချုပ်ရေးမှူးရုံးတွေကို ဗုံးခွဲတာမျိုး၊ စစ်ကောင်စီ ကင်းစခန်း၊ ယာဥ်တန်းတွေကို ပစ်ပြေးတာမျိုးလုပ်ကြသလို အုပ်ချုပ်ရေးမှူးတွေ အများက သတင်းပေးလာတဲ့ သတင်းပေးဆိုသူတွေကို လုပ်ကြံသတ်ဖြတ်တာမျိုးတွေ အဓိကလုပ်ဆောင်ကြတာတွေ့ရပါတယ်။ ဒါ့အပြင် အချို့ ပီဒီအက်ဖ်တွေက ပျောက်ကြားဆန္ဒပြတာတွေလည်း လုပ်ဆောင်ကြပါတယ်။ 

ဒီနေရာမှာ လက်နက်ကိုင် စစ်သား၊ ရဲ၊ ပြည်သူ့စစ်မဟုတ်တဲ့ အရပ်သားတွေကို လုပ်ကြံသတ်ဖြတ်ကြရာမှာ ဘယ်လို စံနှုန်းအခြေခံနဲ့ ရွေးချယ်ကြတာလဲ သတ်ဖြတ်ဖို့ စီရင်ချက်ချကြတာလဲ၊ ဘယ်လိုလူတွေကို သတိပေးတာလဲ ဘယ်လိုလူတွေကို သတ်ဖြတ်တာလဲ ရှင်းရှင်းလင်းလင်း မရှိတာတွေ့ရပါတယ်။ 

အကယ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး တယောက်က အုပ်ချုပ်ရေးကိစ္စမှာ ပါဝင်ဆောင်ရွက်တာနဲ့ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ထိုက်တန်ပြီလား၊ အချို့သော နေရာတွေမှာ စီဒီအမ် မလုပ်တာနဲ့ အစိုးရဝန်ထမ်း အလုပ်ခွင်ထဲ အခြားသူတွေကို တိုင်ကြားတယ်၊ ဆက်ဆံရေးအရ အများစုနဲ့ မတည့်တာမျိုး၊  အထက်ကိုဖားတယ်ဆိုတဲ့ ကိစ္စမျိုး၊  စီဒီအမ်တွေကို တိုင်ကြားတယ်ဆိုတာမျိုး လုပ်တယ်ဆိုရင် သေဒဏ်ပေးသင့်ပြီလား၊ ရရှိတဲ့သတင်းတွေကိုလည်း ဘယ်သူကပေးသလဲ မှန် မမှန်  ဘယ်လိုစိစစ်သလဲ စသဖြင့် မေးစရာတွေ ရှိလာပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာ စကားလုံးတွေထဲမှာ မြန်မာလို “ဥပဒေမဲ့ သတ်ဖြတ်ခြင်း” လို့ပြန်ဆိုကြတဲ့ extrajudicial killing ဆိုတာ ရှိပါတယ်။ တရားဥပဒေနဲ့ စီရင်ခြင်းမခံရပဲ သေဒဏ်ပေးလိုက်တာကိုဆိုလိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ 

တရားစီရင်ရေးစနစ်မရှိ၊ ဥပဒေဆိုတာကို ကြိုတင်သိရှိအောင် ကြေညာထားခြင်းမရှိ၊ ဘယ်လိုလုပ်ဆောင်မှုမျိုးက ဘယ်လိုပြစ်ဒဏ်နဲ့ ညီမျှသလဲဆိုတာမျိုး သတ်သတ်မှတ်မှတ် ထုတ်ပြန်ထားတာမျိုး မရှိ၊ စီရင်တဲ့ တရားမျှတတဲ့ ဥပဒေဆိုင်ရာ လုပ်ငန်းစဥ်မရှိတဲ့ အသက်ဆုံးရှုံးအောင် သတ်ဖြတ်တာမျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ 

ဒီလို လုပ်ရပ်ကို စစ်တပ်ကဖြစ်စေ၊ လက်မရွံ့တပ်ဖွဲ့တွေကဖြစ်စေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကဖြစ်စေ ဆန့်ကျင်ဘက်နိုင်ငံရေးအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူနည်းစုတွေအပေါ် ကျူးလွန်တာကို ဆိုလိုတယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဆန့်ကျင်သူ၊ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်ဆောင်နေသူ အတိုက်အခံ အန်အယ်လ်ဒီပါတီဝင်တွေ စည်းရုံးရေးမှူးတွေ၊ PDF အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီးနောက် လက်လွန်ခြေလွန် နှိပ်စက်သတ်ဖြတ်တာတွေဟာလည်း ဥပဒေမဲ့သတ်ဖြတ်မှုတွေဖြစ်သလို အရေးတော်ပုံဘက်က အင်အားစုတွေအနေနဲ့လည်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေ မကျူးလွန်မိဖို့ သတိပြုသင့်ပါတယ်။ 

ABSDF ရဲ့သမိုင်းမှာ ၁၉၉၂ ခုနှစ်က ABSDF မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ပါဂျောင်ဒေသက သတ်ဖြတ်မှုတွေဟာ ဥပဒေမဲ့သတ်ဖြတ်မှုအဖြစ် ရှုမြင်သူ အများအပြားရှိပြီး ယခုတိုင် အငြင်းပွားစရာတွေဖြစ်နေဆဲ သမိုင်းနဲ့ချီရှင်းလင်း ဖေါ်ထုတ်ရမယ့်ကိစ္စဖြစ်နေဆဲ ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေ အတိတ်မှာရှိခဲ့တာကို သင်ခန်းစာယူဖို့လိုအပ်မယ် ထင်ပါတယ်။ 

ဆိုရှယ်မီဒီယာပေါ်က ဘယ်သူဘယ်ဝါ တိတိကျကျ ဖေါ်ပြမထားတဲ့ စွပ်စွဲမှုတွေ ရေးသားမှုတွေ၊ သတင်းပေးမှု၊ ထောက်ခံမှုတွေကို အခြေပြုပြီး သတ်ဖြတ်တာ ရှင်းလင်း သုတ်သင်တာမျိုး လုပ်ဆောင်ဖို့ မသင့်ပါဘူး။ နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကိုက ဒီမိုကရေစီ စနစ်နဲ့ လူ့မှုအဖွဲ့အစည်းတည်ဆောက်ဖို့ ရည်ရွယ်လုပ်ဆောင်တယ်ဆိုရင် လုပ်နည်းလုပ်ဟန်အားလုံးဟာ ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ တဖက်ကို နိုင်ဖို့သာ အဓိက၊ တန်ဖိုးတွေ စံနှုန်းတွေကို အခုလိုကာလမှာ စဥ်းစားစရာမလိုဘူးလို့ယူဆရင် မှားယွင်းတဲ့ လုပ်ရပ်တွေကို ကျူးလွန်မိလျက်သား ဖြစ်စေမှာဖြစ်သလို သမိုင်းမှာ အမည်းကွက်စွန်းထင်းစေနိုင်တာ ဖြစ်ပါတယ်။ 

အခုရက်ပိုင်းမှာ မန္တလေးမြို့ပေါ်က ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်ခေါင်းဆောင်ဟောင်းတဦးရဲ့ မိသားစုဝင်တွေနေအိမ်ကို စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာမဆိုတဲ့ သတင်းပေးမှုပေါ်အခြေခံပြီး ဒေသခံပီဒီအက်ဖ်က လက်လုပ်ဗုံးနဲ့ပစ်ခဲ့ပါတယ်။ အသက်ဆုံးရှုံးမှု ထိခိုက်မှုမရှိခဲ့ပေမယ့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးမတိုင်မီ စစ်အစိုးရဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင်တဦးဖြစ်သူရဲ့ ကျန်ရစ်တဲ့ဇနီးနဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထားတာဟာ ပီဒီအက်ဖ်တွေအနေနဲ့ အခုလို သတင်းအချက်အလက် စုဆောင်းမှုတွေမှာ အားနည်းချက်ရှိနေတယ်ဆိုတဲ့အဓိပ္ပါယ် ဖြစ်ပါတယ်။ 

အခုလို မြို့ပေါ် အဖြစ်အပျက်တွေနဲ့မတူပဲ ကျေးလက်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ကျေးရွာတွေမှာ သတင်းပေးလို့ ယူဆသူ၊ တဖက် ကြံ့ခိုင်ရေး ထောက်ခံသူ၊ စစ်တပ်မိသားစုဝင်၊ မိဘ စသဖြင့် လက်စားချေ သတ်ဖြတ်မှုတွေ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း အထက်ဘက်တွေမှာ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပွားနေတာလည်း သတင်းတွေဖတ်ကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ 

ဒီလို အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ဝိုင်းဝန်းဆွေးနွေး ထိန်းသိမ်းကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ 

သတင်းပေးဆိုသူတွေကို သတ်ဖြတ်တာနဲ့ပတ်သက်လို့ နွေဦးတော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုသဘောထားရှိလဲဆိုတာမျိုး ရှင်းရှင်းလင်းလင်း ပြောဆိုတာမျိုးမရှိသေးဘူးလို့ ထင်ပါတယ်။ 

စစ်သည်တော်ကျင့်ဝတ်ဆိုတာ ထုတ်ပြန်ထားသော်လည်း အခု ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက စစ်မြေပြင်မှာဖြစ်နေတာမျိုးမဟုတ်ပဲ မြို့တွေ ရွာတွေမှာ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်း၊ ပစ္စုပ္ပန်ရဲ့ နာကျည်းမှု မတရားစီရင်ခံရမှုတွေက အနာဂတ်မှာ စိတ်ဒဏ်ရာတွေ သမိုင်းဒဏ်ရာတွေ အစွန်းအထင်းတွေ အဖြစ်မကျန်ရစ်ခဲ့ဖို့ အချိန်မှီ ဆွေးနွေးထိန်းသိမ်းပြောဆိုသင့်ပြီလို့ ထင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar