ကိုကျော် (မြစ်ကြီးနား) - Let's go Brandon!
(မိုးမခ) နို၀◌င်ဘာ ၈၊ ၂၀၂၁
Let's go ရဲ့ နဂိုအဓိပ္ပာယ်က မြန်မြန်လုပ်တော့၊ သွားကြစို့ (သို့မဟုတ်ရင်) နောက်ကျလိမ့်မယ်၊ ပြိုင်ပွဲတွေမှာ အားပေးတာ၊ လုပ်ငန်းခွင်မှာ တက်ကြွကြိုးစားအောင် အားပေးတာမျိုးတွေ ဖြစ်ပါတယ်။
ဒီတလော အမေရိကန် နိုင်ငံရေးလောကမှာ "Let's go Brandon!" ဆိုတဲ့ စကားအသုံးအနှုန်း အတော်လေးခေတ်စားနေပါတယ်။ "Let's go Brandon!" ဆိုတဲ့ အော်သံကြားရင် ဒါမှမဟုတ် ဦးထုတ် တီရှပ်တို့မှာ အဲဒီစာသားကိုတွေ့မိရင် ထောက်ခံအားပေးတဲ့ မက်ဆေ့တစ်ခုလို့ ထင်ရပြီး Brandon ဆိုတဲ့လူက ဘယ်သူလဲ၊ ဘာကြောင့်မို့ လူတွေသူ့ကို ဒီလောက်အားပေးနေရသလဲလို့ တွေးမိမှာသေချာပါတယ်။
တကယ်တမ်းကျတော့ Brandon လို့အမည်ရတဲ့ လူတစ်ယောက်ကို အားပေးထောက်ခံနေတာ မဟုတ်ပါဘူး။ လက်ယာယိမ်း ရီပတ်ပလီကင် (သို့) ထရမ့်နောက်လိုက်တဲ့ လူအတော်များများ သုံးနေတဲ့အထာစကား (သို့) အီဒီယမ်တော်ကီတစ်ခုဖြစ်ပြီး "Fxxx Joe Biden" လို့ သွယ်ဝိုက်ပြီးပြောတာ ဖြစ်ပါတယ်။
ဒီအထာစကား ပေါက်ဖွားလာတဲ့ ဇာတ်လမ်းအစကတော့ အောက်တိုဘာလ ၂ ရက်နေ့က NASCAR Xfinity ကားမောင်းပြိုင်ပွဲမှာ Brandon Brown ဆိုသူက ပထမဆုံးအကြိမ်အဖြစ် ရွှေဖလားဆုကိုရခဲ့ပါတယ်။ အဲဒီမှာ NBC သတင်းထောက် Kelli Stavast က Brandon Brown ကို အင်တာဗျူးနေတဲ့အချိန်မှာ နောက်ခံမြင်ကွင်းထဲက ပရိသတ်တစ်ချို့ရဲ့ "Fxxx Joe Biden" လို့ အော်ဟစ်နေတဲ့အသံကို ကြားနေခဲ့ရပါတယ်။ ဒါပေမဲ့ သတင်းထောက် Kelli က "ပရိသတ်တွေထဲမှာ Let's go Brandon! ဆိုတဲ့ အော်ဟစ်အားပေးသံကိုလည်း ကြားရပါလိမ့်မယ်" လို့ live လွှင့်ပြီးပြောခဲ့ပါတယ်။
ဒါပေမဲ့ Kelli Stavast က ပရိသတ်တွေရဲ့အော်သံကို နားကြားမှားခဲ့သလား (သို့မဟုတ်) သတင်းကို တမင်ပြောင်းလဲပြီး ပြောခဲ့သလားဆိုတာတော့ မရှင်းလင်းပါဘူး။
ဘာပဲဖြစ်ဖြစ် "Let's go Brandon!" ဆိုတဲ့အသုံးအနှုန်းက ရီပတ်ပလီကင်အုပ်စုထဲမှာ ချက်ခြင်းပျံ့နှံ့သွားပြီး လွှတ်တော်အမတ်တွေထဲမှာတောင် သမ္မတ ဂျိုးဘိုင်ဒင်ကို ရည်ညွှန်းပြီး ကဲ့ရဲ့လှောင်ပြောင်တဲ့ အထာတော်ကီအဖြစ် ဆက်လက်ပြီးသုံးနေကြပါတယ်။
ကြာသပတေးနေ့မှာပဲ တောင်ပိုင်းကယ်လိုလိုင်းနားပြည်နယ် ရီပတ်ပလီကင်အမတ် Jeff Duncan က "Let's go Brandon!" စာတမ်းပါ နှာခေါင်းစည်းတပ်ထားတာကို ဖေ့ဘုတ်မှာ တွေ့ခဲ့ရပါတယ်။ ရှေ့တစ်ပတ်တုန်းကလည်း ဖလော်ရီဒါ ရီပတ်ပလီကင်အမတ် Bill Posey က မိန့်ခွင်းတစ်ခုအဆုံးမှာ လက်သီးလက်မောင်းဆန့်ထုတ်ပြီး "Let's go Brandon!" လို့ပြောခဲ့ပါတယ်။ တက္ကဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz က ဘေ့စ်ဘောပြိုင်ပွဲတစ်ခုမှာ "LET'S GO BRANDON" လို့ စာလုံးကြီးနဲ့ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ပရိသတ်တစ်ဦးနဲ့တွဲပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။
လွှတ်တော်ထဲမှာမက အပြင်ကိုလည်း ပျံ့နှံ့သွားခဲ့ပြီး တချို့က Let's go Brandon စာသားကိုထည့်သုံးပြီး anti-Biden လှုံ့ဆော်ရေးသီချင်းတွေ ဖန်တီးလာကြပါတယ်။ အမေရိကန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Southwest Airlines ကပ္ပတိန်တစ်ယောက်က ခရီးစဥ်တစ်ခုမှာ စကားပြောစက်ကနေ Let's go Brandon! ဆိုပြီး ခရီးသည်များကို နှုတ်ခွန်းဆက်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးခံနေရပါတယ်။
ဘာကြောင့် ဒီအသုံးအနှုန်း ဒီလောက်ထိကြီးကျယ်သွားသလဲဆိုတာက အများပြည်သူများရှေ့မှာ သမ္မတကို တိုက်ရိုက်ပေါ်တင်ကြီး ကဲ့ရဲ့ဆဲဆိုလို့ မဖြစ်နိုင်တဲ့အခါမှာ အသုံးပြုနိုင်တာကြောင့်နဲ့ "Let's go Brandon!" စာသားကလည်း အလွယ်တကူမျှဝေ လက်ခံနိုင်တာရယ်၊ နောက်ပြီးတော့ လက်ယာယိမ်း မီဒီယာသတင်းတွေရဲ့အကျိုးသက်ရောက်မှု အဓိကပါဝင်တာကြောင့် ဖြစ်တယ်လို့ အယူဝါဒများနဲ့ လူအုပ်စုယဥ်ကျေးမှုတွေကို သုတေသနလုပ်နေတဲ့ Hampton Stall က ရှင်းပြခဲ့ပါတယ်။
သွယ်ဝိုက်ပြီးမဟုတ်ဘဲ တိုက်ရိုက်ဆဲဆိုတဲ့ အသုံးအနှုန်းနဲ့ဆိုရင် ဆိုရှယ်မီဒီယာ နဲ့ search engines တွေက ဘမ်းလိုက်မှာလည်း ဖြစ်နိုင်ပြီး "Let's go, Brandon!" ဆိုတာကိုတော့ ဘမ်းလို့မရပါဘူး။ အကြမ်းဖက်မှုလှုံ့ဆော်ပြောဆိုတာနဲ့ 'Let's Go, Brandon'လိုမျိုး သွယ်ဝိုက်ပြီးလှောင်ပြောင်သလို အသုံးနှုန်းမျိုးက ကွာခြားမှုရှိပါတယ်၊ ဒါကြောင့် ဒီအသုံးအနှုန်းက တရားတယ်မျှတတယ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ Hampton Stall က ပြောပါတယ်။
"Let's go, Brandon" ဆိုတဲ့ အထာစကားက အမေရိကန်သမ္မတကို နောက်ပြောင်ကဲ့ရဲ့တဲ့ ပထမဆုံးအသုံးအနှုန်းမဟုတ်သလို သမ္မတတစ်ဦးအနေနဲ့ ပထမဆုံးရင်ဆိုင်ခဲ့ရတဲ့ ရိုင်းစိုင်းတဲ့မက်ဆေ့လည်း မဟုတ်ပါဘူး။
အိုဘားမားလက်ထက်တုန်းက ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုကလည်း စပြီးအင်အားကောင်းလာတာကြောင့် အသားရောင်ခွဲခြားတဲ့ သရော်စာရုပ်ပုံတွေ နဲ့ စော်ကားမှုတွေ လျင်မြန်စွာပျံ့နှံ့စေခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် အိုဘားမားရဲ့ သမ္မတမဲဆွယ်စည်းရုံးရေး ကာလအတွင်းမှာ ဝေဖန်တိုက်ခိုက်မှု အကြီးအကျယ်ကြုံခဲ့ရပြီး အိုဘာမားက အမေရိကန်မှာမွေးဖွားတဲ့ နိုင်ငံသားအစစ် မဟုတ်ကြောင်း၊ သူရဲ့မွေးစာရင်းပြခိုင်းဖို့နဲ့ သူရဲ့ဘာသာရေးယုံကြည်မှု စတာတွေနဲ့ပတ်သက်ပြီး birther movement ခေါ်ခဲ့ရတဲ့အထိ လုပ်ကြံဝါဒဖြန့်မှုတွေ ရှိခဲ့ပါတယ်။
တစ်ချိန်မှာ ကယ်လီဖိုးနီးယား ရီပတ်ပလီကင်အဖွဲ့ဝင် Marilyn Davenport က ဖိုတိုရှော့လုပ်ထားတဲ့ ချင်ပင်ဇီမျောက်ဝံ မိသားစုသုံးကောင်ရဲ့ဓာတ်ပုံကို အသိမိတ်ဆွေများသို့ အီးမေးပို့ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ ချင်ပင်ဇီအငယ်ကောင်ရဲ့ခေါင်းကို အိုဘားမားမျက်နှာနဲ့ အစားထိုး ဖိုတိုရှော့ခဲ့ပြီး "ဘာကြောင့် မွေးစာရင်းမရှိတာလဲဆိုတာ အခုသိပြီမဟုတ်လား" ဆိုပြီးရေးထားပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတဖြစ်ခဲ့တုန်းကလည်း "Fxxx Trump" ဆိုတဲ့စာတမ်းက ဆိုင်းဘုတ်တွေ အင်္ကျီအဝတ်အထည်များမှာ အမြဲလိုလို တွေ့ခဲ့ရပါတယ်။ လက်လွတ်စပယ် တိုက်ခိုက်ပြောဆိုပေါက်ကွဲတဲ့ တွီတာပို့စ် အများဆုံးရေးခဲ့၊ စာလုံးပေါင်း မကြာခဏမှားလေ့ရှိတဲ့ သမ္မတထရမ့် ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မေလတစ်ရက်က ညသန်းခေါင်ချိန်မှာထပြီး ထရမ့်က တွီတာပို့စ်တစ်ခုမှာ "Despite the constant negative press covfefe" လို့ ရေးခဲ့တာကြောင့် လှောင်ပြောင်ကဲ့ရဲ့ခံခဲ့ရပြီး #covfefe ၁ သန်းကျော်အထိ ပျံ့နှံ့သွားခဲ့ပါတယ်။
press coverage အစား press covfefe လို့ စာလုံးပေါင်းမှားခဲ့တာလို့ အများကယူဆကြပါတယ်။ တကယ်တမ်း ထရမ့်ရဲ့ covfefe က ဘာကိုဆိုလိုသလဲဆိုတာ ဘယ်သူကမှ အတိအကျမသိပါဘူး၊ အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံမှလည်း ဖြေဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။ ၆ မိနစ်ကြာနောက်ပိုင်းမှာပဲ အဲဒီပို့စ်ကို ထရမ့်က ဖယ်ရှားခဲ့ပါတဘ်။ ဒါပေမဲ့လည်း ဂူဂဲလ်ရှာဖွေရေးစက်မှာ 'covfefe' စာလုံးကိုရှာဖွေခဲ့တဲ့ အရေအတွက်က ထိပ်ဆုံးရောက်ခဲ့ပြီး ကယ်လီဖိုးနီးယားက လူတစ်ယောက်ဆိုရင် သူရဲ့ကားအတွက် 'covfefe' လိုင်စင်နံပါတ်ပြားရအောင် လျှောက်ခဲ့ပါတယ်။
"Let's go, Brandon," အထာစကားက တကယ်တမ်းဘာကိုဆိုလိုသလဲ ဆိုတာကို လူအများစု နားလည်သဘောပေါက်သွားမဲ့ အချိန်အတိုင်းအတာတစ်ခုအထိ မှတ်မိသွားကြမှာဖြစ်ပြီး၊ ထရမ့်ရဲ့ စာလုံးပေါင်းမှား "covfefe" ကစပြီး လှောင်ပြောင်ကဲ့ရဲ့စရာ ဖြစ်ခဲ့သလိုမျိုးနဲ့ တူပါတယ်လို့ Hampton Stall က ပြောပါတယ်။
"ကျနော်ထင်တာက နိုင်ငံရေးနယ်ပယ်က ပရိသတ်တွေ အရေအတွက် အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အထိ Let's go Brandon ဆိုတဲ့အသုံးအနှုန်းကို နောင်တချိန်မှာ မှတ်မိနေကြအုံးမှာပါ။ ဒါပေမဲ့ ထရမ့်ရဲ့ covfefe လိုမျိုး နာမည်ကြီးသွားတဲ့ ပါဝါအတိုင်းအတာ အထိလောက်တော့ ရောက်လိမ့်မယ်မထင်ပါဘူး" လို့ Hampton Stall မှ ပြောသွားကြောင်း။
(NPR - Oct 31, 2021 - Here's what 'Let's Go, Brandon' actually means and how it made its way to Congress)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar