ကိုကျော် (မြစ်ကြီးနား) - သမိုင်းတွင်သွားတဲ့ အမေရိကန်ရဲ့ အင်္ဂါနေ့ရွေးကောက်ပွဲ
(မိုးမခ) နို၀င်ဘာ ၆၊ ၂၀၂၁
အင်္ဂါနေ့မှာ အမေရိကန်ရဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ (အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ နှစ်လယ်ရွေးကောက်ပွဲတွေ ကျင်းပခြင်းမရှိတဲ့ကာလမှာ ပြုလုပ်လေ့ရှိတဲ့ အထွေထွေရွေးကောက်ပွဲ၊ ပြီးတော့ 'စုံ'နှစ်မဟုတ်ဘဲ 'မ'နှစ်တွေမှာ ဥပမာ ဒီနှစ် ၂၀၂၁ ခုနှစ် ပြုလုပ်ကြပါတယ်။)
အင်္ဂါနေ့ညမှာ ရွေးကောက်ပွဲရလဒ် အဖြေတချို့ထွက်လာတော့ မြို့ကြီးများနဲ့ ပြည်နယ်တစ်ချို့တို့မှာ လူဖြူမဟုတ်တဲ့ ကိုယ်စားလှယ်လောင်း အတော်များများ အနိုင်ရခဲ့ပြီး သမိုင်းတွင်သွားပါတယ်။ Boston, New York, Pittsburgh နဲ့ Dearborn စတဲ့မြို့တွေမှာ မဲဆန္ဒရှင်အများစုက လူနည်းစုကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။
နာမည်ထင်ရှားတဲ့ အနိုင်ရရှိခဲ့သူတချို့ကို ဖော်ပြလိုက်ပါတယ်။
• မီရှဲလ်ဝူ (Michelle Wu) - ဘော့စ်တွန်မြို့တော်ဝန်
--------------------------------------------------
ထိုင်ဝမ်မိဘနှစ်ပါးမှ မွေးဖွားလာတဲ့ မီရှဲလ်ဝူဟာ ဘော့စ်တွန် (Boston) ရဲ့ ပထမဆုံးသောအမျိုးသမီး၊ ပြီးတော့ မထမဆုံးသော လူဖြူလည်းမဟုတ်တဲ့ မြို့တော်ဝန်ဖြစ်သွားပြီး၊ ဘော့စ်တွန်ရဲ့ ၁၉၉ နှစ်ကြာ လူဖြူနဲ့အမျိုးသားများသာဦးဆောင်ခဲ့တဲ့ အစဥ်အလာကို ချိုးဖောက်ခဲ့ပါတယ်။ မီရှဲလ်ဝူက ဒီမိုကရက်တီပါတီဝင်ဖြစ်ပြီး ပါတီတစ်ခုထဲမှပြိုင်ဘက် Annissa Essaibi George (အာရပ်-ပိုလန် အမေရိကန်သား) ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
• Aftab Pureval - စင်စယ်နယ်တီမြို့တော်ဝန်
---------------------------------------------
စင်စယ်နယ်တီ (Cincinnati) ရဲ့ ပထမဆုံးသော အာရှ-အမေရိကန် မြို့တော်ဝန်ဖြစ်ပါတယ်။ တိဗက်-အိန္ဒိယ ရွေးပြောင်းနေထိုင်သူ မိဘနှစ်ပါးမှ မွေးဖွားလာတဲ့ Aftab Pureval (၃၉ နှစ်) ဟာ ဒီမိုကရက်တစ်ပါတီဝင်ဖြစ်ပြီး လွန်ခဲ့တဲ့ ၆ နှစ်မှာ နိုင်ငံရေးလောကကို စတင်ဝင်ခဲ့စဥ်က လူမသိမထင်ရှားတဲ့သူ တစ်ယောက်ဖြစ်ခဲ့ပြီး အင်္ဂါနေ့ညမှာတော့ "စင်စယ်နယ်တီ မြို့တော်ခန်းမကျောက်တိုင်" လို့တင်စားခံရတဲ့ ပြိုင်ဘက်ဟောင်း ၈၂ နှစ်အရွယ် David Mann ကို အနိုင်ရခဲ့ပါတယ်။
• Abdullah Hammoud - ဒီးယားဘွန်း မြို့တော်ဝန်
--------------------------------------------------
မီရှီဂန်ပြည်နယ် ဒီယားဘွန်းမြို့ (Dearborn) ရဲ့ ပထမဦးဆုံး အာရပ်-အမေရိကန် မူဆလင် မြို့တော်ဝန်ဖြစ်ပါတယ်။ ဒီးယားဘွန်းမှာ အာရပ်လူမျိုး အတော်များများ နေထိုင်ကြပေမဲ့ မြို့အုပ်ချုပ်ရေး အဆင့်မြင့်ရာထူးများမှာ ဘယ်တော့မှ မပါဝင်ခဲ့ပါဘူး။ လက်ဘနွုန် ရွေ့ပြောင်းမိသားစုမှ ပေါက်ဖွားလာတဲ့ Abdullah Hammoud ဟာ အင်္ဂါနေ့ညမှာ ဝါရင့်နိုင်ငံရေးသမား Gary Woronchak ကို အနိုင်ရရှိခဲ့ပါတယ်။
• Tyrone Garner - ကင်ဆပ်စ်မြို့ရဲ့ ပထမဦးဆုံး လူမည်း မြို့တော်ဝန်
-------------------------------------------------------------------
Tyrone Garner ဟာ ရဲအရာရှိဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဒုရဲအုပ်ရာထူးမှ အနားယူခဲ့ပါတယ်။ သူရဲ့ပထမဆုံးအကြိမ် ရွေးကောက်ပွဲမှာပဲ ယခင်မြို့တော်ဝန် David Alvey ကိုဖြုတ်ချနိုင်ခဲ့ပြီး ကင်ဆပ်စ်ပြည်နယ်ရဲ့ ကင်ဆပ်စ်မြို့ (Kansas City) နဲ့ Wyandotte County စီရင်စု တို့ရဲ့ မြို့တော်ဝန် ဖြစ်သွားပါတယ်။
အထူးသဖြင့် ပတ်ဝန်းကျင်မှာ လျစ်လျှူရှုထားခြင်းခံရတဲ့ လူအုပ်စုတွေအတွက် စီးပွားရေး သာတူညီမျမှုနဲ့ ပြည်သူ့ဝန်ဆောင်မှုများကို တိုးတက်သွားအောင်လုပ်ပေးဖို့ မဲဆွယ်စည်းရုံးရေးမှာ အဓိကထားပြောခဲ့ပါတယ်။ "ကျနော်က အရှေ့ကိုကြိုတွေးတဲ့သူဖြစ်ပြီး ပြည်သူတွေအတွက် အခွင့်အရေး၊ တန်းတူညီမျှမှု နဲ့ မျှော်လင့်ချက်တွေကို စုစည်းပေးနိုင်မဲ့ အင်အားစုတစ်ခု ဖြစ်ချင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
• Ed Gainey - ပစ္စဘတ်မြို့ (Pittsburgh) မြို့တော်ဝန်
----------------------------------------------------
Pittsburgh မြို့ရဲ့ ပထမဆုံးသော လူမည်း မြို့တော်ဝန်အဖြစ်ရွေးချယ်ခံရပြီး ပြိုင်ဘက် ရီပတ်ပလီကင် Tony Moreno ကို အနိုင်ရရှိခဲ့ပါတယ်။ ဆင်းရဲချို့တဲ့တာကြောင့် Ed Gainey ဟာ single mother မိခင်တစ်ဦးတည်းနဲ့ အစိုးရအိမ်ရာမှာနေထိုင်ခဲ့ရပြီး နောက်ပိုင်းမှာ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ခဲ့ပါတယ်။
"ကျနော်တို့မြို့က ဘယ်လောက်တောင် အသားအရောင်ခွဲခြားမှုရှိတယ်ဆိုတာတွေ လူတွေပြောခဲ့ကြတာ ခင်ဗျားတို့သိကြတယ်မဟုတ်လား။ ဒါပေမဲ့ ဒီနေ့တော့ အဲဒါတွေကို ခင်ဗျားတို့ပြောင်းလဲလိုက်ပါပြီ" လို့ သူရဲ့ထောက်ခံသူတွေကို အင်္ဂါနေ့မှာပြောခဲ့ပါတယ်။
• Eric Adams - နယူးယောက် မြို့တော်ဝန်
--------------------------------------------
နယူးယောက်မှာနေတဲ့လူတွေ New Yorkers တွေက ဒီမိုကရက်တစ်ပါတီဝင် Eric Adams ကို မြို့တော်ဝန်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ယခင် ရဲအရာရှိတစ်ဦးဖြစ်ပြီး နယူးယောက်ရဲ့ ဒုတိယမြောက် လူမည်းခေါင်းဆောင် ဖြစ်ပါတယ်။
"နယူးယောက်မြို့ရဲ့ Jamaica Queens ရပ်ကွက်မှာ နယူးယောက်သားတွေ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာဒုက္ခတွေနဲ့ ရင်ဆိုကြီးပြင်းလာရတဲ့ ကျနော့်လိုလူတစ်ယောက်အနေနဲ့ ဒီအောင်ပွဲဟာ အခက်အခဲဒုက္ခတွေအပေါ် အောင်မြင်မှုရရုံတင် မဟုတ်ပါဘူး၊ ကျနော့်ရဲ့ယုံကြည်ချက်ကို သက်သေပြလိုက်ခြင်းလဲ ဖြစ်ပါတယ်" လို့ ပြောခဲ့ပြီး ပြည်သူ့လုံခြုံရေး တိုးတက်မှုရှိလာအောင်၊ သေနတ်အကြမ်းဖက်မှုများ ကျဆင်းသွားအောင် ပြီးတော့ နယူးယောက်ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေ ပိုပြီးကောင်းလာအောင် ကြိုစားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
(ကိုးကား။ ။ NPR - Nov 3, 2021 - In elections across the country, candidates of color made history Tuesday night)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar