Breaking News

မြင့်ကျော် - မီဒီယာက အဖြစ်မှန်ကို ဘယ်လောက်တင်ပြနိုင်မလဲ

မြင့်ကျော် - မီဒီယာက အဖြစ်မှန်ကို ဘယ်လောက်တင်ပြနိုင်မလဲ
(မိုးမခ) နို၀င်ဘာ ၆၊ ၂၀၂၁

၁၉၈၀ ခုနှစ် အစောပိုင်းက  အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ်မှာ ထောင်ခဲ့ကြတဲ့ ဘာသာရေးဘုံရိပ်သာတခုအကြောင်းကို နက်ဖလစ်က The Wild Wild Country ဆိုတဲ့အမည်နဲ့ မှတ်တမ်းရုပ်ရှင်အဖြစ် အပိုင်း ၆ ပိုင်းခွဲထုတ်လွှင့်ခဲ့ပါတယ်။ မကြာခင်ကမှ အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ 

အဖြစ်အပျက်က ၁၉၆၀ ခုနှစ်ကျော်ဝန်းကျင်ကစပြီး အိန္ဒိယမှာ ထင်ရှားလာတဲ့ ဘာသာရေးအတွေးအခေါ်ရှင် ဘက်ဂဝမ်ရှရီရာဂျနိရှ် (အိုးရှိုးလို့လည်း နောက်ပိုင်းလူသိများ) ဟာ ၁၉၇၀ ခုနှစ်အစောပိုင်းကစလို့ ဘာသာရေး အတွေးအခေါ်ဆိုင်ရာ ဟောပြောမှုတွေ၊  နောက်ပိုင်း ပူနာမြို့မှာ အက်ရှရမ်လို့ ခေါ်တဲ့ တရားဓမ္မရိပ်သာတွေ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ယုံကြည်သူ ကျင့်ကြံသူ တရားဓမ္မရိပ်သာမှာ သွားရောက်နေထိုင်သူတွေနဲ့ ကမ္ဘာအနှံ့ကလည်း စိတ်ဝင်စားသူတွေ လာရောက်နာယူပြီး အိုးရှိုးကို သူတို့ရဲ့ ယုံကြည်မှု အလင်းပြသူအဖြစ် ကြည်ညိုခဲ့ကြတာ ဖြစ်ပါတယ်။ 

သို့ပေမယ့် ၁၉၇၀ ခုနှစ်နှောင်းပိုင်းမှာတော့ အိန္ဒိယနိုင်ငံမှာ အုပ်ချုပ်သူတွေရဲ့ အရေးယူမှုတွေ ချုပ်ကိုင်မှုတွေ ရှိလာတဲ့နောက် နိုင်ငံခြား တနိုင်နိုင်ငံမှာ အချေချဖို့ စဥ်းစားရွေးချယ်ခဲ့ကြရာမှာ အမေရိကန် အိုရီဂွန်ပြည်နယ်ကို တွေ့ရှိခဲ့ကြပြီး သူ့ရဲ့ အတွင်းရေးမှူးဖြစ်သူ မာအာနန်ရှီးလားက ဦးဆောင်ပြီး အိုရီဂွန်ပြည်နယ် ဝပ်စ်ကိုကောင်တီက မြို့ငယ်လေးတမြို့အနီး မြေဧကပေါင်း ထောင်သောင်းချီဝယ်ပြီး ရာဂျနိရှ်ပူရမ်လို့အမည်ပေးထားတဲ့ ဘုံရိပ်သာကို ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။ 

အဲဒီနောက် လူတသောင်းကျော် လာရောက်နေထိုင်ကြတဲ့ ရာဂျနိရှ်ပူရမ် မြို့လေးနဲ့ နကိုဒေသခံ လူနည်းစုနဲ့ ပြဿနာတွေ ဖြစ်ပွားတာ ဘက်ဂဝမ်ရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ မာအာနမ်ရှီးလားက ပြဿနာဖြစ်တဲ့ မြို့ငယ်ရဲ့ ရွေးကောက်ပွဲမှာ ရာဂျနိရှ်ပူရမ်က လူအင်အားနဲ့ ဝင်ပြိုင်ဖို့ မြို့ခံတွေနဲ့ ကတောက်ကဆဖြစ်ကြတာတွေ အစာအဆိပ်သင့်အောင် ကြံစည်မှု၊ ပြည်နယ် ရှေ့နေချုပ်ကို လုပ်ကြံရန် ကြံစည်မှု၊ ဘက်ဂဝမ်ရဲ့ ကိုယ်ရေးဆရာဝန်ကို ဆေးထိုးလုပ်ကြံဖို့ ညွှန်ကြားမှု စတာတွေနဲ့ နောက်ဆုံး အရေးယူဖို့ အိုရီဂွန် ပြည်နယ်အစိုးရက ပြင်ဆင်နေချိန် အတွင်းရေးမှူးက တိုင်းပြည်က အရင်တိမ်းရှောင်ခဲ့ပြီး ဘာသာရေးခေါင်းဆောင်ဖြစ်သူ ဘက်ဂဝမ်လည်း တိုင်းပြည်ကထွက်ခွာဖို့လုပ်စဥ် အမေရိကန်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။ 

အချိန်အားဖြင့် ၆ နာရီကျော်ကြာ မှတ်တမ်းရုပ်ရှင်မှာ ဒီအဖြစ်အပျက်မှာပါဝင်ခဲ့တဲ့ ရာဂျနိရှ်ပူရမ်ကို ဦးဆောင်ခဲ့သူ အတွင်းရေးမှူး မာအာနန်ရှီးလား၊ အဲဒီဘုံရိပ်သာက သက်ဝင်ယုံကြည်သူ အချို့၊ ရှေ့နေချုပ်ကို လုပ်ကြံဖို့ စေခိုင်းခြင်းခံရသူ သြစတေလျနိုင်ငံသူ၊ ဘုံရိပ်သာရဲ့ရှေ့နေ၊ ထိုစဥ်က အိုရီဂွန်ရဲ့ ရှေ့နေချုပ်နဲ့ မြို့ငယ်က ဒေသခံတွေ၊ အဲဒီပြည်နယ် သတင်းစာတစောင်က စုံစမ်းထောက်လှမ်းရေးသားတဲ့ သတင်းထောက် စတဲ့ မတူတဲ့ ဆန့်ကျင်ဘက် အသီးသီးကသူတွေ လက်လှမ်းမှီသလောက် မေးမြန်းထားသလို အဲဒီအချိန်က သတင်းမီဒီယာတွေရဲ့ ထုတ်လွှင့်ချက်တွေကိုလည်း အများအပြားကိုးကားကာ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးတည်းဖြတ်ထားပါတယ်။ 

ကြည့်ပြီးနောက်မှာတော့ ဗီဒီယို သတင်းဆောင်းပါးရှည်ကြီးတခုနဲ့ နှိုင်းယှဥ်ကြည့်မိပြီး ဘက်စုံအောင် ကြိုးစားထားတယ်လို့ ကောက်ချက်ချမိပါတယ်။ တဖက်က ပြောဆိုချက်တွေကို နောက်တဖက်က ချေပချက်မျိုးနဲ့ နေရာအတော်များများမှာ ပြန်ချိတ်ဆက် ရိုက်ကူးထားပါတယ်။ နက်ဖလစ်မှာပဲ မာအာနန် ရှီးလားနဲ့ပတ်သက်တဲ့နောက် မှတ်တမ်းရုပ်ရှင်တခုလည်းရှိသေးလို့ ကြည့်ဖြစ်ပါတယ်၊ အဲဒီနောက်တော့ အဲဒီရာဂျနိရှ်ပူရမ်နဲ့ ပတ်သက်တာ၊ အိုးရှိုးနဲ့ပတ်သက်တာ  သတင်း ဗီဒီယိုတွေ ယူကျူ့ဗီဒီယို အများအပြား စိတ်ဝင်စားလို့ လိုက်ကြည့်ဖြစ်ပါတယ်။ 

အဲဒီအခါမှာ တွေးမိတဲ့ အတွေးက သတင်းမှတ်တမ်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေ သတင်းဆောင်းပါးတွေက ရှုပ်ထွေးတဲ့ အဖြစ်အပျက်တရပ်၊ အမြင်အယူအဆ အမျိုးမျိုးရှိကြတဲ့အဖြစ်အပျက်ကို ဘယ်လောက်ရာနှုန်းထိ မျှတအောင် ပြည့်စုံအောင် တင်ပြနိုင်မှာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ 

အဖြစ်အပျက်တရပ် အကြောင်းအရာတရပ်နဲ့ပတ်သက်ရင် ပြောစရာ မေးစရာ တင်ပြစရာ မတူတဲ့အမြင်၊ ရှုထောင့်၊ အချက်အလက်၊ မစစ်ဆေးရသေးတဲ့ အဆိုအချက်အလက်၊ စစ်ဆေးအတည်ပြုထားတဲ့ အချက်အလက်တွေ အများအပြားရှိကြရာမှာ တင်ပြသူ စုစည်းသူ မှတ်တမ်းရုပ်ရှင်ကို စုစည်းရိုက်ကူးသူက ဘယ်လောက်မျှတနိုင်မလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အချက်အလက်တွေစုစည်းတဲ့အခါ ဘယ်အရာတွေချန်ခဲ့ပြီး ဘယ်အရာတွေထည့်မလဲဆိုရာမှာ မှတ်တမ်းရုပ်ရှင်တည်းဖြတ်သူ ပရိုဂျူဆာမှာ အတ္တနောမတိ အယူအဆတခု ရှုထောင့်တခုတော့ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ 

သတင်းဆောင်းပါးတွေ ရုပ်သံဆောင်းပါးတွေလုပ်ရာမှာလည်း အလားတူပဲ ဖြစ်ပါတယ်။ ပိုပြီးတိုတောင်းတဲ့အချိန် မိနစ်၊ စာမျက်နှာအတွက် တင်ပြတဲ့ပြဿနာနဲ့ပတ်သက်လို့ ရှုထောင့်တခုကနေ ချဥ်းကပ်ပြီး တင်ပြကြတာ ဖြစ်ပါတယ်။ 

တင်ပြသူ / တည်းဖြတ်သူမှာ အယူအဆတခုခုကနေ ချဥ်းကပ်လေ့ရှိကြတာမို့ ပြဿနာရဲ့ မျက်နှာပေါင်းစုံကို အဖြစ်အပျက်ဖြစ်ပွားစဥ်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေလောက် နားလည်ဖို့မလွယ်တာ အမှန်ပဲဖြစ်ပါတယ်။ 

မီဒီယာတွေက ပြဿနာကို လွယ်လွယ်ကူကူ နားလည်အောင် ချုံ့ပေးကြ၊ simplify အလွယ်အဓိပ္ပါယ်ပြန်ပေးကြတာကြောင့် ပြဿနာကို အခြားရှုထောင့်ကချဥ်းကပ်မယ်ဆို မတူတဲ့တင်ပြပုံ မတူတဲ့သတင်းမှတ်တမ်း၊ သတင်းဆောင်းပါးတွေကိုကြည့်မှသာ အနည်းငယ်ရုပ်လုံးပေါ်လာနိုင်ပါတယ်။ 

သို့ပေမယ့်  ရိုးရှင်းတဲ့ ဖြစ်စဥ် အဖြစ်အပျက်လို ကိစ္စရပ်တွေ ပြဿနာတွေဆိုရင်တော့ ရှုထောင့်မတူရင် ပြဿနာရဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ အမြင်ပြောင်းလဲသွားတမျိုးမဖြစ်နိုင်ပေမယ့်လည်း အတွေးအခေါ် ယုံကြည်မှုဆိုင်ရာကိစ္စရပ်တွေဆိုရင်တော့ မီဒီယာဖေါ်ပြမှု မှတ်တမ်းရုပ်ရှင်ဖေါ်ပြမှုတွေဟာလည်း တကယ့်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ရဲ့ မတူတဲ့အမြင်တွေ မတူတဲ့ ရှုထောင့်တွေကို သိရှိဖို့ အလားအလာ များများစားစားမရှိဘူးလို့ ကောက်ချက်ချမိပါတယ်။ 

နောက်ဆုံးကောက်ချက်ချမိတာကတော့ မီဒီယာတွေက လူတွေကို လောကမှာ ဖြစ်ပျက်ခဲ့တာ၊ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်လို့ အတိုင်းအတာတခုအထိပဲ တင်ပြနိုင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar