Breaking News

လှကျော်ဇော - အနာဂတ်မျိုးဆက်လေးများရဲ့ငြိမ်းချမ်းရေးအတွက် ...

အနာဂတ်မျိုးဆက်လေးများရဲ့ငြိမ်းချမ်းရေးအတွက် ...
လှကျော်ဇော
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၁

အနာဂတ်မျိုးဆက်လေးများရဲ့ငြိမ်းချမ်းရေးအတွက် ..... တဲ့။
အနာဂတ်မျိုးဆက်လေးများရဲ့ငြိမ်းချမ်းရေးအတွက်ငါတို့မျိုးဆက်ရဲ့သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ၊ အသက်ခနွ္ခာကိုယ်တွေနဲ့ တည်ဆောက်ပေးကြစို့။
 ..... ..... ..... .....  


   တရုတ်ပြည်ကအရေးကြီးတဲ့သမိုင်းဝင်နှစ်ပတ်လည်အထိမ်းအမှတ်နေ့ကြီးတွေနားရောက်လာရင် ထုံးစံအတိုင်း ပြည်သူလူထုကိုနိုင်ငံရေးအရပညာပေးတဲ့ရုပ်ရှင်တွေ အဆက်မပြတ် ထွက်ရှိလာတတ်ပါတယ်။
   အထူးသဖြင့် အခုလိုစီးပွားရေးအရကမ္ဘာမှာဒုတိယအင်အားကြီးနိုင်ငံဖြစ်လာချိန်၊ သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုရေရှည်ခံနိုင်အောင် ဘက်စုံကပြင်ဆင်တဲ့နေရာမှာ၊ သူတို့ပြည်တွင်းလူထုကြီးစည်းလုံးညီညွတ်ရေးအတွက် အမိနိုင်ငံတော်ကိုချစ်ခင်ဖို့၊ အနာဂတ်မျိုးဆက်အတွက်အနစ်နာခံကြိုးပမ်းဖို့၊ မိမိတို့အခုလိုငြိမ်းငြိမ်းချမ်းချမ်းနေနေရတဲ့ဘဝရဖို့ ရှေ့မျိုးဆက်တွေဘယ်လောက်စွန့်လွှတ်စွန်းစားခဲ့တာတွေသိဖို့ စတာတွေအတွက် ပညာပေးရေးလုပ်ငန်းကအရေးကြီးတယ်လို့ သူတို့ယူဆကြဟန်တူပါတယ်။

ဒီရည်ရွယ်ချက်နဲ့ တကယ့်အဖြစ်အပျက်တွေကိုအခြေခံထားတဲ့ ပညာပေးရုပ်ရှင်တွေအများအပြားပေါ်ထွက်လာတာပါ။ နည်းပညာတွေကလည်းအလွန်တိုး တက်လာပြီး၊ ရုပ်ရှင်တွေရဲ့အဆင့်အတန်းတွေကလည်း မြင့်လာလို့ တိုက်ပွဲခန်းတွေစတာတွေလည်း အလွန်သဘာဝကျလာပါတယ်။ ဒါ့အပြင် နောက်တချက်က လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကျော်ကအဖြစ်အပျက်များကလည်း စိတ်ဝင်စားစရာကောင်းလှပြီး တချို့အဖြစ်အပျက်တွေဆိုရင် ပထမဆုံးကြားဖူးရတာဖြစ်ပါတယ်။ (လျိူ့ဝှက်ရေးမဟုတ်တော့လို့တချို့ပြတိုက်တွေ၊ ဌာနတွေကသမိုင်းအဖြစ်အပျက်မှတ်တမ်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေ (documentary) ထုတ်ပေးလိုက်တာပါ။) ဒါကြောင့် ဒီလိုမျိုးရုပ်ရှင်တွေက လူကြိုက်များပြီး ရုပ်ရှင်ရုံတွေရဲ့ဝင်ငွေတွေလည်း စံချိန်ကျိုးရပါတယ်။
   ဥပမာအားဖြင့် ၂၀၁၉ ခုနှစ် တရုတ်သမ္မတနိုင်ငံထူထောင်တာအနှစ်(၇၀) ပြည့်အခန်းအနားမှာ သမ္မတနိုင်ငံသူရဲကောင်းတံဆိပ် (Medal of Republic) ချီးမြှင့်ခံရတဲ့သူတွေရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်တွေ၊ ၁၉၅၀-၅၃ ကာလအတွင်းက ကိုးရီးယားစစ်ပွဲအတွင်းကပြင်းထန်သည်းသန်လှတဲ့တိုက်ပွဲကြီးတွေကို ဇာတ်လမ်းဆင်ရိုက်တဲ့ရုပ်ရှင်ကားတွေ ..... စသဖြင့်။ ဒါတွေကို ရုပ်မြင်သံကြားဇာတ်လမ်းတွဲများအဖြစ် ရိုက်ပြထားတာတွေလည်းရှိပါတယ်။
      ဒီရုပ်ရှင်တွေ ဝင်ငွေကောင်းတာလည်း မပြောနဲ့လေ၊ ကျောင်းတွေ၊ အစိုးရရုံးတွေ၊ ကုမ္ပဏီတွေကအသုတ်လိုက်၊ အသုတ်လိုက်လာကြည့်ရှုကြရတာကိုး။ကျောင်းဆရာတွေဦးစီးပြီး၊ အတန်းလိုက်နိုင်ငံရေးအရပညာပေးရေးသင်တန်းများအဖြစ်ကြည့်ရှုရပြီး ကျောင်းပြန်ရောက်ရင်မိမိတို့ရဲ့ရရှိချက်များ (ဇာတ်လမ်းကပေးလိုက်တဲ့သင်ခန်းစာများ)ကို အပြန်အလှန်ဆွေးနွေးပွဲတွေလုပ်ကြ၊ စာစီစာကုံးပြိုင်ပွဲတွေလုပ်ကြနဲ့ စာသင်ရိုးညွှန်းတန်းတရပ်လိုလုပ်ဆောင်နေတာတွေ၊အစိုးရရုံးတွေ၊ ကုမ္ပဏီတွေက ပါတီဝင်တွေ၊ လူငယ်ဝင်တွေ အကုန်လာရောက်ကြည့်ရှုကြရတာပါ။ နိုင်ငံရေးလှုပ်ရှားမှုတခုလိုဖြစ်နေတာ။
ရုပ်ရှင်ရုံထဲမှာကို တချို့ကျောင်းသားတွေရှိုက်ကြီးတငင်ငိုနေတာ၊

ကိုးရီးယားတိုက်ပွဲရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတခုမှာ တိုက်ပွဲဝင်မယ့်တရုတ်တပ်တွေ တညလုံးနှင်းတောထဲ (- ၄၀ ဒီဂရီစင်တီဂရိတ်) မှာစောင်အဖြူတွေခြုံပြီးဝပ်နေရစဉ် ရိက္ခာအဖြစ်အာလူးမီးဖုတ်တလုံးစီစားရတာ၊ အာလူးတွေကမာခဲနေလို့၊ တချို့ရဲဘော်တွေရဲ့သွားပဲ့ကျတဲ့အခန်းပါလာတာ၊ ကျောင်းသားတွေကိုဦးစီးလာတဲ့ဆရာတွေက အာလူးမီးဖုတ်အအေးတွေကိုကျောင်းသားတွေကိုဝေပေးပီးစားခိုင်းတာတွေ၊ (ကြည့်မင်းတို့ဒီလိုမျိုးဘဝရဖို့၊ အရင်မျိုးဆက်ဘယ်လိုဒုက္ခတွေခံခဲ့တယ်ဆိုတာ စဉ်းစားကြည့်၊ ကိုယ်ချင်းစာကြည့်လို့သွယ်ဝိုက်စွာပညာပေးနေပုံပဲ၊) တချို့ရုပ်ရှင်ကြည့်ပရိသတ်ထဲက သက်လတ်ပိုင်း၊ လူကြီးပိုင်းတချို့ (စစ်ဝန်ထမ်းဟောင်းများဖြစ်ဟန်ရှိ) ရုပ်ရှင်ရိုက်ကွင်းထဲကတချို့အခန်းများ (ဥပမာ-ကင်းပုန်းဝပ်နေတဲ့ တရုတ်တပ်သားများအကြား အမေရိကန်ကင်းစခန်းကထောက်လှမ်းတဲ့အနေနဲ့ပစ်လိုက်တဲ့ မီးလောင်ဗုံးကျအပြီး ရဲဘော်တယောက်ရဲ့ ဂွမ်းကပ်အဝတ်တွေမီးလောင်တာ တကိုယ်လုံးလောင်မြိုက်သွားပီးသေဆုံးသွားတဲ့အထိ လျိူ့ဝှက်ရေးပေါက်သွားမှာစိုးလို့ မလှုပ်မရှက်တောင့်ခံသွားတဲ့အခန်းမျိုး)မှာ အလေးထပြုလိုက်တာ စတာတွေတွေ့ရပါတယ်။'

   အခု ချမ်းချမ်းသာသာအေးအေးချမ်းချမ်းနေနေရတဲ့သူတို့တရုတ်ပြည်သားတွေတောင် ဒီလောက်ခံစားရတာတွေကိုကြည့်ရင် သူတို့ရဲ့ဒီလိုမျိုးပညာပေးမှုတွေ အလွန်ထိရောက်အောင်မြင်ကြောင်းမြင်နိုင်ပါတယ်။ သူတို့ကဒီလိုနည်းနဲ့နောက်မျိုးဆက်တွေကို မွေးမြူတာပါ။
   ဒီလိုမျိုးကားတွေဟာ သူတို့တရုတ်ပြည်ရဲ့တော်လှန်ရေးအရှိန်အဟုန်ကို ဆက်သယ်ဆောင်မယ့်မျိုးဆက်အတွက် အင်အားတရပ်ဖြစ်ရုံမျှမက၊ နည်း လမ်းပေါင်းစုံသုံးပြီး ဖိနှိပ်ချုပ်ချယ်မှုပေါင်းစုံကိုတော်လှန်နေတဲ့ ဗမာပြည်လိုနိုင်ငံမျိုးကပြည်သူများအတွက်လည်း သင်ခန်းစာယူစရာတွေ၊ စိတ် အားတက်စရာတွေရှိရုံမက၊ မျဉ်းပြိုင်ဆွဲကြည့်စရာအခန်းတွေလည်းပါနေပါတယ်။
၂၀၁၉ ခုနှစ်-တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်တဲ့အနှစ် (၇၀) ပြည့် အခမ်းအနားမှာ သမ္မတနိုင်ငံသူရဲကောင်းတံဆိပ်ချီးမြင့်ခြင်းခံရတဲ့ အသက် (၉၀) ကျော် ကိုးရီးယားစစ်ပြန်ရဲဘော်ဟောင်းကြီး လီ (Li Yannian) အ ကြောင်းရိုက်ထားတဲ့ကားမှာ အလွန်ကောင်းတဲ့ဇာတ်ဝင်ခန်းတခန်းနဲ့ အဲဒီအခန်းမှာတပ်ခွဲမှူးလီရဲ့သမိုင်းဝင်ပြောင်မြောက်တဲ့ပြောကြားချက်တရပ် ပါပါတယ်။

ဒီရဲဘော်အိုကြီးလီဟာ ၁၉၄၅ ခုနှစ် ၁၆ နှစ်သားကတည်းက ပြည်သူ့လွတ်မြောက်ရေးတပ်သားလေးဖြစ်ခဲ့ပြီး၊ ကူမင်တန်နဲ့နောက်ဆုံးတိုက်ရတဲ့ပြည်တွင်းစစ်အတွင်းမှာရော၊ ၁၉၄၉ ခုနှစ် တရုတ်ပြည်ကြီးလွတ်မြောက်ပြီးတဲ့နောက်ဖြေရှင်းရတဲ့  တောပုန်းဓားပြချေမှုန်းရေးတိုက်ပွဲများမှာရော၊ စွမ်းစွမ်းတမံပါဝင်ခဲ့သူပါ။ မနည်းလှတဲ့ သူရဲကောင်းဘွဲ့တံဆိပ်များလည်း ရခဲ့ဖူးပါတယ်။

၁၉၅၀-၅၃ မှာ တိုက်ရတဲ့ အမေရိကန်ကျူးကျော်မှုကိုခုခံပြီး ကိုးရီးယားကိုကူညီတဲ့တိုက်ပွဲ(အတိုချုပ် ကိုးရီးယားစစ်ပွဲ လို့ပဲခေါ်ပါတယ်။)မှာတော့ လီဟာ တပ်ခွဲမှူးလေးတဦးပါ။သူ့တာဝန်က ကုန်းမြင့်စခန်းတခုကိုတက်သိမ်းပြီးကာလတပိုင်း ထိန်းထားဖို့ပါ။ တနေ့တော့ သူတို့စခန်းကို အမေရိကန်ကတက်ထိုးပြီး  ပြန်သိမ်းဖို့ပြင်နေကြောင်းသတင်းရပါတယ်။ လာထိုးမယ့်တပ်မှာ သံချပ်ကာကားများပါ ပါလာမယ်ဆိုတဲ့ သတင်းလည်းရထားပါတယ်။ လီကသံချပ်ကာ ကားအကြောင်း ကောင်းကောင်းမသိလို့၊ သူ့တပ်ထဲမှာပါလာတဲ့ (ကူမင်တန်တပ်ကတပ်သားဟောင်း)ကို ခေါ်မေးရမြန်းရ၊ လေ့လာရပါတယ်။
နဂိုကမှ လက်နက်အဆင့်အတန်းအလွန်ကွာလို့ တချို့ တရုတ်စစ်သားလေးများအကြား တွေဝေမှုတွေရှိနေရတဲ့အထဲ သံချပ်ကာ ကားကြီးများပါ ပါလာမှာဆိုတော့ နောက်နေ့တိုက်ရမယ့်တိုက်ပွဲအတွက် တပ်ခွဲမှူးလီက သူ့တပ်သားများစိတ်ဓာတ်တက်ကြွလာရေးအတွက် နိုင်ငံရေးအရပညာပေးဟောပြောလှုံ့ဆော်မှုလုပ်ရပါတယ်။

အဲဒီမိန့်ခွန်းထဲမှာပါတဲ့ တချို့စကားလုံးတွေဟာ ဒီဆောင်းပါးအစမှာဖော်ပြထားတဲ့ စာသားများပါ။
..... အနာဂတ်မျိုးဆက်လေးများရဲ့ငြိမ်းချမ်းရေးအတွက်ငါတို့မျိုးဆက်ရဲ့သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ၊ အသက်ခနွ္ခာကိုယ်တွေနဲ့တည်ဆောက်ပေးကြစို့၊ ..... တဲ့။
   ဗမာပြည်သူတွေဆင်နွှဲနေရတဲ့နွေဦးတော်လှန်ရေးအတွက်လည်း အသုံးတည့်တဲ့ စကားများပါ။
    စစ်ပြန်ရဲဘော်ဟောင်းကြီးတယောက်ပြောသွားတဲ့စကားတချို့
လည်းပြန်ပြောပြချင်ပါသေးတယ်။
   အသက်(၉၀)ကျော်ကိုးရီးယားစစ်ပြန်ကြီးတယောက်ကို သတင်းထောက်လေးကဒီလိုမေးပါတယ်။
..... အဘရယ်၊ အဲဒီကိုးရီးယားစစ်ပွဲတွေမှာ ကျွန်တော်တို့တရုတ်ပြည်က ဗော်လံတီယာတပ်သားသိန်းနဲ့ချီကျဆုံးခဲ့ရတယ် လို့ကြားဖူးတယ်။ အဲဒီထဲက ၇၀-၈၀%ဟာအသက်၂၀၀န်းကျင်တွေလို့ဆိုထားပါတယ်။(အခုခေတ်စကားနဲ့ပြောရင်Gen-Zပေါ့၊) ဘာကြောင့်မျာ းအဘတို့ဒီလောက်ပြတ်သားရဲဝံ့ရတာလဲ .......... တဲ့။

ဒီတော့ စစ်သားအိုကြီးက .....

..... တို့တတွေ၁၉၄၉မှာတိုင်းပြည်လွတ်မြောက်ပီး၁၉၅၀မှာဒီကိုးရီးယားစစ်ပွဲပေါ်လာတာ။ တို့တွေက ကွန်မြူနစ်တွေရဲ့အုပ်ချုပ်မှုအောက်မှာ (၁)နှစ်နေပြီးပြီ။ ကူ မင်တန်တွေအုပ်ချုပ်မှုနဲ့ ကွန်မြူနစ်အုပ်ချုပ်မှုဘယ်လောက်ကွာခြားတယ် ဆိုတာတို့မြင်ပြီးပြီ။ ဘယ်တော့မှဒီကူမင်တန်တွေရဲ့အုပ်ချုပ်မှုအောက်ကိုပြန်မသွားတော့ဘူး လို့လည်း လူတိုင်းကပိုင်းဖြတ်ထားကြတာ။ ဒီကိုးရီးယားစစ်ကို အမေရိကန်ကတိုက်လာတာဟာ တို့တရုတ်ပြည်ကိုရည်ရွယ်တာ၊ တရုတ်ပြည် မှာ ကူမင်တန်တွေကို အာဏာပြန်ရစေဖို့ဖြစ်တယ်။ ဒီတော့ တို့တတွေအနေနဲ့ ကူမင်တန်အာဏာပြန်မရစေရေး၊ တို့သားသမီးမြေးတွေ ကူမင်တန်လက် အောက်ပြန်မရောက်စေရေးအတွက် မီးကုန်ယမ်းကုန် အသက်ပေးတိုက်ခဲ့ကြတာ .....  တဲ့။
သြော်-ဒီလိုဆိုတော့ ကျွန်မကို တခါကတရုတ်ရဲဘော်ကြီးတယောက်ပြောဖူးတဲ့စကားတချို့ သတိရမိတယ်။
..... တို့များရဲ့မနေ့ကဟာတွေဟာ မင်းတို့ရဲ့ ဒီနေ့ဖြစ်နေပြီး၊  (မနေ့က သူတို့တော်လှန်ရုန်းကန်ခဲ့ရတာမျိုး ဒီနေ့ကျွန်မတို့တော်လှန်ရုန်းကန်နေရတာ။) တို့များရဲ့ ဒီနေ့ဟာ မင်းတို့ရဲ့နက်ဖြန်ပါ။ .....တဲ့။
   နက်ဖြန်မြန်မြန်ရောက်ပါစေ။

လှကျော်ဇော
၃၀-၁၀-၂၀၂၁။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar