Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၁

• ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ချေ၊ ဒေါ်စုအလွန်နိုင်ငံရေး ဖြစ်တော့မလား 
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အသီးသီးရှိတဲ့အနက် တိုက်နိုင်တဲ့ အင်အားရှိတဲ့အဖွဲ့ အင်အားကောင်းတဲ့ အဖွဲ့၊ မကြာသေးမီနှစ်ပိုင်းတွေက ပြင်းပြင်းထန်ထန် တိုက်ခဲ့တဲ့အဖွဲ့၊ ဆယ်စုနှစ်များစွာ တိုက်ခိုက်မှုမရှိတဲ့အဖွဲ့ ၊ တပ်ဖွဲ့ဝင် အင်အား များများစားစားမရှိပဲ နိုင်ငံရေးအရ ဖွဲ့စည်းထားတဲ့အဖွဲ့ စသဖြင့် အမျိုးမျိုးအစားစား ကွဲပြားကြတာ ဖြစ်ပါတယ်။ ဒါက မြန်မာ့နိုင်ငံရေး၊ လူမျိုးစုတွေအခြေခံတဲ့ သမိုင်းကြောင်း ဆယ်စုနှစ်ရှည်ကြာတဲ့ လူမျိုးစုကိုယ်ပိုင် ပြဌာန်းခွင့်ရဖို့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် နဲ့ တည်ထောင်တဲ့ ပြည်ထောင်စု ဖြစ်ဖို့ ဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ 

သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်ကစလို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စတင်ဖိတ်ခေါ်ခဲ့တဲ့နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အတော်များများနဲ့ ကြံ့ခိုင်ရေး ဦးဆောင်တဲ့ အစိုးရအကြား ရာနဲ့ချီတဲ့အစည်းအဝေးတွေ တွေ့ဆုံမှုတွေ ညှိနှိုင်းမှုတွေလုပ်ခဲ့ကြပြီး ၂၀၁၅ မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးခဲ့ကြတာပါ။ အဲဒီနောက် ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရလာတဲ့ NLD အစိုးရ လက်ထက်မှာလည်း ပင်လုံငြိမ်းချမ်းရေးညီလာခံတွေ ၄ ကြိမ်ထက်မနည်းလုပ်ခဲ့ပြီး NCA နကို ၈ ဖွဲ့ကနေ ၂ဖွဲ့ထပ်တိုးပြီး ၁၀ ဖွဲ့ဖြစ်လာခဲ့တာပါ။ 

သို့ပေမယ့် နိုင်ငံရေး အလှည့်အပြောင်း ငြိမ်းချမ်းရေး အလားအလာ အလှည့်အပြောင်းက ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှာ ဖြစ်လာခဲ့တာ တနိုင်ငံလုံး အသိဖြစ်ပါတယ်။ မတ်လ နဲ့ ဧပြီလ ဝန်းကျင်ကတည်းက ငြိမ်းချမ်းစွာဆန္ဒပြခြင်းနဲ့ စစ်အာဏာသိမ်းမှုကို အနိုင်မရနိုင်တော့ဘူးဆိုတဲ့ အယူအဆက ဆန္ဒပြသူအများစုရဲ့ အမြင်ဖြစ်လာပြီး တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေဆီ သွားရောက်ကာ လက်နက်ကိုင်သင်တန်း ဖောက်ခွဲရေးသင်တန်းတွေ တက်ခဲ့ကြပြီးနောက် NLD အများစုပါတဲ့ NUG အစိုးရ၊ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ကိုဖွဲ့စည်းခဲ့ကြာတဲ့နောက် တိုင်းပြည်က ပြည်တွင်းစစ်မီး ကျယ်ကျယ်ပြန့်ပြန့် တောက်လောင်ဖို့ အသင့်ဖြစ်နေတဲ့ အနေအထား ဖြစ်လာခဲ့တာပါ။ 

မင်းတပ်၊ ကယားပြည်နယ်စတာတွေက စတင်တိုက်ပွဲခေါ်သံခေါ် တိုက်ခိုက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းက နောက်က ဆက်ခါဆက်ခါ လိုက်ပြီး တိုက်ခိုက်ခဲ့ကြတာပါ။ ဒီအဖြစ်အပျက်တွေက မဝေးသေးတဲ့ အတိတ်စာမျက်နှာ များများလှန်စရာမလိုတဲ့ မှတ်တမ်းတွေမို့ အားလုံးသိပြီး မှတ်ဥာဏ်ထဲ သစ်လွင်နေဆဲ ဝမ်းနည်းမှုတွေတောင် ကျန်ရှိနေဆဲပါ။ 

အခုလတ်တလော ဖြစ်ပျက်လာတဲ့ အဖြစ်အပျက်တွေက စစ်ကောင်စီဘက်က အရပ်သားလူမှုအသိုက်အဝိုင်းခေါင်းဆောင်၊၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တပ်ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်တို့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အခြားသော တိုင်းရင်းသားဒေသတွေမှာလည်း အလားတူ ကြားခံအရပ်သားနဲ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီတပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်တို့ တွေ့ဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နဲ့တွေ့ဆုံရာမှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး နဲ့ ရပ်နားထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်စနိုင်ရေးတွေ ဆွေးနွေးကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြတာ တွေ့ရပါတယ်။ 

NUG က တော်လှန်ရေး အရှိန်မြှင့်ဖို့ တနည်းအားဖြင့် တိုက်ခိုက်မှုတွေ တိုးလုပ်ကြဖို့ စက်တင်ဘာ ၇ ရက်နေ့မှာ နှိုးဆော်လိုက်တဲ့နောက် မြို့ပေါ်  တိုက်ခိုက်မှုတွေ စစ်ကိုင်းတိုင်း နဲ့မကွေးတိုင်းတို့က တိုက်ခိုက်မှုတွေ ပိုများပြားလာတာပါ။ ဒီလို နှိုးဆော်မှုဟာ တိုက်ပွဲအရှိန်မြှင့်ဖို့ နှိုးဆော်လိုက်တာ ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲပိုမိုများပြားလာမယ်လို့ ယူဆရပါတယ်။ 

သို့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေမှာလည်း သူတို့ အခြေစိုက်ထားတဲ့ နေရာဒေသရှိ လူထုကို အကာအကွယ်ပေးဖို့ သူတို့ကို ရွှေ့ပြောင်းဖို့နေရာချဖို့ စတဲ့ ကိစ္စတွေအထိ ထည့်သွင်းစဥ်းစားရတာတွေ ရှိကောင်းရှိမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အခုလို ဘာသာရေးခေါင်းဆောင်တွေ အဲဒီနယ်မြေဒေသ လူမျိုးစုတွေရဲ့ ခေါင်းဆောင်တွေ နဲ့ ဒုက္ခသည်ကိစ္စတွေ နေရပ်ပြန်ရေး စတာတွေ ဆွေးနွေးဖို့ ပါဝင်လာတာ ဖြစ်ပါတယ်။ 

ဒီလိုဆွေးနွေးမှုတွေက NUG က ခေါ်လိုက်တဲ့ တိုက်ပွဲခေါ်သံကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေနိုင်မလဲ။ တိုက်ပွဲလား ငြိမ်းချမ်းရေး ဆွေးနွေးရေးလား ဆိုတာ ပြန်မေးခွန်းထုတ်စရာ ရှိလာနိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှ ဖြစ်ထွန်းလာတဲ့ ဖွဲ့စည်းလာတဲ့ လက်နက်ကိုင် အစုအဖွဲ့တွေ အနေနဲ့တော့ တိုက်ပွဲဘက်ကို ပိုအားသန်တာ ဖြစ်ပါလိမ့်မယ်။ လက်နက်ကိုင် တိုက်ပွဲမှာ ဆယ်စုနှစ်များစွာ တိုက်ခိုက်နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ ရှုထောင့်အသီးသီးကို စဥ်းစားပြီးဆုံးဖြတ်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် အကျိုးဆက်ကို ပိုအလေးပေး စဥ်းစားဆုံးဖြတ်ကြတာ ဖြစ်နိုင်ပါတယ်။ 

ဒီနေ့အတွက် နောက်တချက်ကတော့ အမေရိကန် သံတမန် ဘီလ်ရစ်ချတ်ဆန် ရဲ့ခရီးစဥ်နဲ့ လာမယ့် နိုင်ငံရေးက ဒေါ်အောင်ဆန်းစုကြည် အလွန်နိုင်ငံရေး ဖြစ်လာမလားဆိုတဲ့ ယူဆချက် တခုဖြစ်ပါတယ်။ ဘီလ်ရစ်ချတ်ဆန် ရဲ့ ခရီးစဥ်ရဲ့ ရည်ရွယ်ချက်ကိုတော့ ကိုဗစ်ကာကွယ်ရေး အကူအညီနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီခေါင်းစဥ်အောက်က လာရောက်တာသာ ဖြစ်ပါတယ်။ သို့ပေမယ့် အကယ်၍ သူ့ရဲ့ ခရီးစဥ်က ဒိထက်ပိုတဲ့ ဆွေးနွေးမှု စစ်ကောင်စီနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ NUG တို့ EAOs တွေအကြား ဆွေးနွေးမှုတွေ အထိ ရည်ရွယ်ချက်များ ရှိနိုင်မလားလို့ တွေးဆစရာလည်း ရှိပါတယ်။ 

နောက်နောင်လာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပြည်နယ်တွေ လူမျိုးစုဒေသတွေ အရေးနဲ့ မြန်မာလူမျိုးတွေ အများစုနေထိုင်တဲ့ တိုင်းဒေသကြီးတွေ အရေးအတွက် NUG ကကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်လာပြီး နောက်နောင် အနာဂတ် မြန်မာ့ နိုင်ငံရေးအခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဗဟိုပြုတဲ့ အခင်းအကျင်းကနေ ရွေ့သွားမလားလို့ တွေးဆစရာတွေ ရှိလာနေပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar