မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၁
• စစ်အာဏာသိမ်း ၉ လကြာပြီးနောက်
စစ်အာဏာသိမ်း ၉ လကြာပြီးနောက်မှာ မြန်မာနိုင်ငံကို ပြန်ကြည့်လိုက်တဲ့အခါ ပြည်တွင်းစစ်မီးက နိုင်ငံအနှံ့ ကျယ်ပြန့်လာနေပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက နှစ် ၇၀ လောက် စစ်ပွဲတွေ မကြုံဖူးတဲ့ ဒေသတွေမှာလည်း လက်နက်ကိုင်တိုက်ပွဲ ဖြစ်ဖို့ ပြင်ဆင်နေကြ လူတွေ နေအိမ်တွေစွန့်ခွာ ထွက်ပြေးနေကြရ၊ နေအိမ်တွေ မီးလောင်နေတဲ့ မြင်ကွင်းတွေ ကျန်ခဲ့တဲ့ အသုံးအဆောင်တွေကို မွှေနှောက်ဖျက်ဆီးထားတဲ့ မြင်ကွင်းတွေ စစ်ဖြစ်မယ့် အန္တရာယ်ကြောင့် မြို့နေသူတွေ စွန့်ခွာသွားကြလို့ လူမရှိတော့တဲ့ မြို့တွေ၊ ရွာတွေ၊ ပြာပုံဖြစ်သွားတဲ့ နေအိမ်တွေ၊ ဘုရားကျောင်းတွေ ဒါတွေက ကုန်လွန်ခဲ့တဲ့ ၉ လတာ သတင်းတွေ ဓါတ်ပုံတွေရဲ့ မြင်နေကျ မြင်ကွင်းတွေ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမြေပုံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို အနီရောင်နဲ့ခြယ်ပြထားတဲ့ မြန်မာနိုင်ငံမြေပုံဟာ စစ်အာဏာမသိမ်းမီက လက်နက်ကိုင်ပဋိပက္ခဒေသတွေဟာ နယ်စပ်ဒေသတွေ မှာဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ နယ်စပ်ဒေသမဟုတ်တဲ့ နိုင်ငံရဲ့အနောက်ဘက်မှာ၊ မြန်မာနိုင်ငံအထက်အလယ်ပိုင်းမှာ မြန်မာနိုင်ငံအရှေ့ တောင်ဘက်ကျတဲ့ ကယားပြည်နယ်လိုနေရာတွေမှာ အနီရောင်တွေတိုးပွားများပြားလာတာတွေ့ရမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုက ရလိုက်တဲ့ရလဒ်ထဲ ထင်သာမြင်သာဆုံးကတော့ ပြည်တွင်းစစ်မီး ပိုတောက်လောင်လာတာ ဖြစ်ပါတယ်။ နကိုက ပြာဖုံးနေတဲ့ မီးခဲတွေလည်း ပြာတွေဖယ်ပြီး ပြန်တောက်ဖို့ လေမှုတ်ပေးသလိုဖြစ်တာ၊ ထိန်ထိန်ငြီး လောင်ကျွမ်းဖို့အတွက် လောင်စာတွေ စုဆောင်းနေကြရတာ လက်တွေ့အခြေအနေဖြစ်ပါတယ်။ လောင်နေတဲ့ မငြိမ်းသေးတဲ့ မီးကို ငြိမ်းသတ်ဖို့ရာထက် လောင်ကျွမ်းပြီး အသစ်ကိုတည်ဆောက်မယ်ဆိုတဲ့ ယုတ္တိစဥ်းစားချက်က အားကောင်းလာနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ရွေးချယ်လိုက်တဲ့လမ်းဟာ ပြန်ဆုတ်လို့ရနိုင်သေးတဲ့လမ်းလား မဆုတ်နိုင်ကြတော့ပဲ ဆက်ပြီး လက်နက်နဲ့ ရင်ဆိုင်ကြတော့မယ့်လမ်းလားဆိုတာ မကြာခင်ကာလတွေမှာ ပြတ်ပြတ်သားသား ဖြစ်လာတော့မယ်လို့ ယူဆပါတယ်။ အခုလိုရေးသားဖေါ်ပြခြင်းဟာ ပြည်တွင်းစစ်မီး လောင်စေချင်လို့ ဆိုလိုတာမဟုတ်ပဲ ဖြစ်နေတဲ့အခြေအနေကို မျှော်ကြည့်ပြီးရေးသားရခြင်းသာ ဖြစ်ပါတယ်။
အဖြစ်အပျက်တွေက အဖွဲ့အစည်းတွေ အင်အားစုတွေမှာ ပါဝင်ဆုံးဖြတ်ခွင့်ရှိတဲ့ဦးဆောင်သူတွေရဲ့ အမြှော်အမြင်ရယ်၊ သူတို့ကို နောက်ကထောက်ခံ တွန်းအားပေးတဲ့ လူထုရဲ့သဘောထား ခံစားချက်တွေရယ် အိမ်နီးချင်းနိုင်ငံတွေရဲ့ နောက်ခံအခြေအနေနဲ့ သူတို့ရဲ့အကျိုးစီးပွားတွေရယ်နဲ့ နိုင်ငံတကာရဲ့ နိုင်ငံရေးရေစီးတို့နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာကြမယ်လို့ မျှော်လင့်ရပါတယ်။
ပြည်သူတွေအနေနဲ့ ဖြစ်လာမယ့် ရင်ဆိုင်ရမယ့် လှိုင်းလုံး ရေဆန်ရေစီးကို ကျော်ဖြတ်ကြဖို့ စိတ်ပိုင်း ရုပ်ပိုင်းနှစ်ခုစလုံး ပြင်ဆင်ထားကြဖို့သာရှိတယ်လို့ မြင်ပါတယ်။
အခု အခြေအနေဟာ နွေဦးတော်လှန်ရေးကို ထောက်ခံသူ အသက်အန္တရာယ်ရှိသည့်တိုင် ရင်ဆိုင်ပြီး ရှေ့တိုးလုပ်ဆောင်ခဲ့ကြသူ၊ မိမိကိုယ်တိုင် မသိလိုက်သော်လည်း တဖက်ရဲ့ အဖြူအမဲ အကြီးအငယ် ဆန့်ကျင်သူ မဆန့်ကျင်သူ မရွေး ဖမ်းဆီး ရိုက်နှက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူအသက်ပေါင်း ၁ ထောင်ကျော် သေဆုံးခဲ့ရပြီးဖြစ်သလို ထောင်နဲ့ချီလည်း ဖမ်းဆီးခံထားကြရဆဲအခြေအနေဖြစ်ပါတယ်။
ခုထိလျှောက်ခဲ့တဲ့လမ်းဟာ မချောမွေ့ပဲ ကြမ်းတမ်းလှသော်လည်း ရှေ့မှာ ဒီထက်ဆိုးတဲ့ အခြေအနေ လမ်းတွေကျသွားပြီးနောက်ပြန်တက်ဖို့ခက်ခဲလှတဲ့ ချောက်တွေက စောင့်ဆိုင်းနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ဒီအခြေအနေတွေ ချောက်ကမ်းပါးတွေ ပြန်တက်ဖို့ ခက်ခဲလှတဲ့ ကျင်းတွေ ချိုင့်တွေထဲ ကျမယ် မကျဘူးဆိုတာတော့ နောက်ခံအခြေအနေအရပ်ရပ် ဦးဆောင်သူတွေရဲ့ အမြှော်အမြင်၊ ဆိုးယုတ်ခြင်းနဲ့ ကောင်းမြတ်ခြင်းတို့ ပေါ်မှာသာ မူတည်နေတော့တယ်လို့သာ ဆိုချင်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar