Breaking News

ကိုကျော် (မြစ်ကြီးနား) - ဒေတာ၊ ဥာဏ်ရည်တုနဲ့ လူသားတွေရဲ့အနာဂတ်

ကိုကျော် (မြစ်ကြီးနား) - ဒေတာ၊ ဥာဏ်ရည်တုနဲ့ လူသားတွေရဲ့အနာဂတ်
(မိုးမခ) နို၀င်ဘာ ၂၊ ၂၀၂၁

ကမ္ဘာ့အရောင်းရဆုံးစာအုပ် "Sapiens" လူသားမျိုးနွယ်သမိုင်းကြောင်းကို ရေးသားထုတ်ဝေခဲ့တဲ့ အစ္စရေးမှ သမိုင်းပညာရှင် ပါရဂူ ယူဝဲလ်နိုဝါးဟာလားရီ (Yuval Noah Harari) က ကမ္ဘာပေါ်မှာ အထင်ရှားဆုံး တွေးခေါ်ပညာရှင်များထဲက တစ်ဦးဖြစ်ပါတယ်။

အနာဂတ်နဲ့ပတ်သက်ပြီး ဟာလားရီက "Homo Deus" နဲ့ "21 Lessons for the 21st Century" စာအုပ်နှစ်အုပ်ကိုလည်း ရေးသားခဲ့ပါတယ်။ "Sapiens" စာအုပ်ကို ကမ္ဘာတဝှမ်း ဘာသာစကားပေါင်း ၆၅ ခုထိ ဘာသာပြန်ထုတ်ဝေခဲ့ပြီး စာအုပ်ပေါင်း ၃၅ သန်းကျော် ရောင်းခဲ့ရပါတယ်။ သမ္မတဟောင်း အိုဘားမား၊ နည်းပညာကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်နဲ့ ဇူကာဘတ်တို့ကအစ သူရဲ့စာအုပ်တွေကိုဖတ်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ 
ပြီးခဲ့တဲ့နွေရာသီတုန်းက စီဘီအက်စ်သတင်းဌာန 60 minutes သတင်းအစီစဥ်အတွက် တဲအဗစ်မြို့မှာ ဟာလားရီနဲ့ စီအင်အင်သတင်းထောက် အင်ဒါဆန်ကူးပါး တွေ့ဆုံခဲ့ပြီး လူသားတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောပြခဲ့တာကို ကိုးကားဖော်ပြလိုက်ပါတယ်။ 

လူသားတွေထက် အဆများစွာ ဥာဏ်ရည်မြင့်မားပြီး အဆင့်မြှင့်တဲ့ လူ့အဖွဲ့အစည်းသစ်တစ်ခုကို မြင်ရတော့မှာဖြစ်ပြီး ဒါဟာ စိတ်ကူးယဥ်သိပ္ပံ ဇာတ်လမ်းတစ်ခုလို့ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဒီထက်မကပိုပြီး ကြောက်စရာကောင်းပါတယ်။ 

မကြာတော့တဲ့ အချိန်ကာလတစ်ခုမှာ မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာနည်းနဲ့ဖြစ်ဖြစ်၊ လူ့ဦးနှောက်ကိုကွန်ပြူတာနဲ့ တိုက်ရိုက်ချိတ်ဆက်တဲ့နည်းနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် ဥာဏ်ရည်တုနည်းပညာနဲ့ လူခန္ဓာကိုယ်နဲ့ ဦးနှောက်တွေကို ပြုပြင်ပြောင်းလဲနိုင်မဲ့ နည်းပညာအရည်အချင်းတွေ ရှိလာတော့မှာမို့ နောက်ထပ်ရာစုနှစ် ၁ ခု ၂ ခု အတွင်းမှာ လူသားတွေနဲ့ လုံးဝကွဲပြားခြားနားမဲ့ အုပ်စုတစ်ခုက ကမ္ဘာကြီးကို လွှမ်းမိုးထားမှာဖြစ်ပြီး၊ လူသားနဲ့ ချင်ပန်ဇီမျောက်ဝံကြား ကွာခြားမှုထက် ပိုပြီးကြီးမားသွားမှာ ဖြစ်ပါတယ်။ 

ဥာဏ်ရည်တုနည်းပညာနဲ့ မျိုးရိုးဗီဇပြောင်းလဲနိုင်တဲ့ နည်းပညာတွေကို အပြိုင်အဆိုင်ကြိုးစားနေကြပြီး မကြာခင်တစ်နေ့မှာ မိဘတွေက ဥာဏ်ပိုကောင်းတဲ့ ပိုပြီးလှပဆွဲဆောင်မှုရှိတဲ့ သားသမီးတွေ မွေးထုတ်နိုင်မဲ့အပြင် သူတို့ရဲ့ဦးနှောက်တွေကို ကွန်ပြူတာနဲ့ချိတ်ဆက်ထားနိုင်တဲ့ လူသားနဲ့စက် နှစ်မျိုးပေါင်းစပ်ထားမဲ့ လူသားမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

အကျိုးဆက်အနေနဲ့ လူ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မျိုးရိုးဗီဇ တန်းတူညီမျှမှုမရှိတာဖြစ်လာနိုင်ပြီး အကယ်၍ နည်းပညာသစ်တွေကို ချမ်းသာတဲ့လူတွေ (သို့မဟုတ်) တိုင်းပြည်တစ်ခုကပဲရယူထားခဲ့ရင် ဟိုမိုဆေးပီးယန်စ် မျိုးနွယ်ကနေခွဲထွက်ပြီး ကွဲပြားခြားနားတဲ့လူသားတွေ ရှိလာမှာဖြစ်ပါတယ်။ ကျနော်တို့တွေက ဟိုမိုဆေးပီးယန်စ်ရဲ့ နောက်ဆုံးမျိုးဆက်အဖြစ်နဲ့ ကျန်ရစ်သွားနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ဥာဏ်ပညာနဲ့ သိမြင်ခံစားမှုတို့ ပေါင်းစပ်ခဲ့ကြပြီး ဥာဏ်ပညာက ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ သိမြင်ခံစားမှုက နာကျင် ပျော်ရွှင် ချစ်ခင်မုန်းပွား စတဲ့ ခံစားနိုင်မှုတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ကွန်ပြူတာနဲ့ ဥာဏ်ရည်တုတွေက ခံစားမှုတွေမရှိကြပါဘူး။ သူတို့မှာ ဥာဏ်ရည်ပဲရှိကြပြီး လူသားတွေနဲ့ လုံးဝမတူညီတဲ့ နည်းလမ်းမျိုးနဲ့ ပြဿနာကို ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။

အခုချိန်မှာဆိုရင် ဘဏ်တွေတချို့မှာ ရှုပ်ထွေးနက်နဲတဲ့ ဥာဏ်ရည်တုနည်းပညာကို ပုံမှန်အသုံးပြုပြီး ဘဏ်ချေးငွေလျှောက်တဲ့သူ ဘယ်သူကရနိုင်မယ် မရနိုင်ဘူးဆိုတာကို ဆုံးဖြတ်ကြပါတယ်။ ကွန်ပြူတာစက်တွေက အလွန်ကြီးမားတဲ့ ဒေတာအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကာ ဆုံးဖြတ်ချက်ချပေးပြီး ကမ္ဘာ့ငွေကြေးဈေးကွက်ကို လည်ပတ်နေစေတာက ဥာဏ်ရည်တုကိုဖန်တီးတဲ့ ပရိုဂရမ်မာတွေကိုယ်တိုင်တောင် နားလည်နိုင်စွမ်း မရှိအောင်ဖြစ်နေပါတယ်။ ဒေတာအချက်အလက်တွေကို အများဆုံး ပိုင်ဆိုင်အုပ်စိုးထားနိုင်တဲ့ တိုင်းပြည်များနဲ့ ကွန်ပြူတာများက အနာဂတ်မှာ ကမ္ဘာကြီးကိုအုပ်စိုးမဲ့သူတွေ ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာပေါ်မှာ ဒေတာများက ငွေကြေးပိုက်ဆံထက် ပိုပြီးတန်ဖိုးရှိပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းက နည်းပညာကုမ္ပဏီကြီးတွေ Whatsapp နဲ့ Instagram တို့ကို ဒေါ်လာဘီလီယံချီငွေ ပေးပြီးဝယ်ကြတော့ ရူးနေကြကုန်ပြီလားလို့ လူတွေကထင်ခဲ့ပါတယ်။ တကယ်တော့ အဲဒီ အပ်ပလီကေးရှင်းတွေကနေ ဒေတာတွေထုတ်ပေးတာကြောင့် ဖြစ်ပါတယ်။ ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ဒေတာစုဆောင်းခြင်း ဒေတာတူးဖော်ခြင်းလိုမျိုး ဖြစ်လာပါပြီ။ ဒေတာအချက်အလက်တွေက နောက်ဆုံးတော့ ဘယ်ကိုရောက်သွားကြသလဲ? ကယ်လီဖိုးနီးယား ဆီလီကွန်ဗယ်လီကိုလား? ရှန်ဟဲ နဲ့ ပီကင်းကိုလား?

ကိုဗစ်ကပ်ရောဂါကလည်း ကျနော်တို့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်ပြီး ဇီဝဗေဒဆိုင်ရာ ဒေတာအချက်အလက်တွေကို စုဆောင်းပေးဖို့ တံခါးဖွင့်ပေးခဲ့ပါတယ်။ အစိုးရနဲ့ ကုမ္ပဏီကြီးတွေက ကျနော်တို့ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘာရုပ်ရှင်ကြည့်တယ် စသဖြင့် ခြေရာခံလာပြီး နောက်တဆင့်ဆိုရင် ကျနော်တို့ရဲ့အရေပြားအောက်မှာ လျှို့ဝှက်စောင့်ကြည့်လေ့လာမှုတွေ လုပ်လာမှာဖြစ်ပါတယ်။

စမတ်ဖုန်းလက်ပတ်နာရီတွေ အသုံးပြုပြီး ကျနော်တို့ရဲ့ နှလုံးခုန်နှုန်း၊ ခြေလှမ်းအရေအတွက်၊ အိပ်ရေးတွေကို မှတ်တမ်းပြုစုထားပေးပြီး ကျန်းမာရေးအတွက် အထောက်အခုပြုပေးတာ မှန်ပါတယ်။ ဒါပေမဲ့ မေးခွန်းက ကျနော်တို့ရဲ့ အချက်အလက်တွေကို ဘယ်နေရာမှာများ ထပ်ပြီးသုံးနေသလဲ? ဘယ်သူတွေက စောင့်ကြည့်ထိန်းသိမ်းပေးသလဲ? ဆိုတာဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက အစ္စရေးအစိုးရက ပြည်သူများရဲ့ ကျန်းမာရေးအချက်အလက်တွေကို Pfizer ဆေးဝါးကုမ္ပဏီသို့ ပို့ပေးခဲ့ပြီး (နာမည် လိပ်စာ ဖုန်း စတဲ့အချက်အလက်တွေ မပါ) ဘယ်လိုသောလူများက ကာကွယ်ဆေးကို ဦးစားပေးထိုးခွင့်ရဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခြေခံအားဖြင့် ဆေးဝါးအသစ်၊ ကုသမှုအသစ် ထုတ်လုပ်ဖို့ ဒေတာတွေကိုသုံးပြီး သုတေသနပြုလုပ်တာဖြစ်ပြီး ဒီအဆင့်အထိတော့ မဆိုးသေးပါဘူး။
ကျနော်တို့ရဲ့ ဒေတာအချက်အလက်တွေကို အလွဲသုံးစားမလုပ်နိုင်အောင် ဖြေရှင်းနိုင်တဲ့နည်းလမ်းတချို့ ရှိပါတယ်။

အရေးကြီးတဲ့ ပထမတစ်ချက်ကတော့ အကယ်၍ သင်ရဲ့အချက်အလက်တွေ ပေးလိုက်မယ်ဆိုရင် သင့်အတွက်အကျိုးရှိဖို့ ဒေတာကို အသုံးပြုရမှာဖြစ်ပြီး၊ သင့်ကို ထိန်းချုပ်ပြီးခြယ်လှယ်ဖို့ မဖြစ်စေရပါဘူး။ ဒုတိယအချက်က ပြည်သူတစ်ယောက်စီတိုင်းကို အနီးကပ်စောင့်ကြည့် လေ့လာသွားမယ်ဆိုရင် ကုမ္ပဏီကြီးတွေ၊ အစိုးရတွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုပါ စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။ တတိယအချက်က ဒေတာအချက်အ လက်တွေကို ဘယ်တော့မှ တစ်နေရာထဲမှာပဲ စုဆောင်းသိမ်းဆည်းထားခွင့် မရှိစေရပါဘူး၊ သို့မဟုတ်ခဲ့ရင် အာဏာရှင်တွေအတွက် ဟင်းချက်ပြုတ်နည်း ဖြစ်သွားမှာဖြစ်ပါတယ်။

နောက်ပြီးတော့ ကျနော်တို့လူသားတွေဟာ ဟာလားရီရဲ့အခေါ် "hacked humans" ဖြစ်ဖို့အန္တရာယ်လည်း ရှိနေပါတယ်။ hacked human ဆိုတာက ကျနော်တို့ရဲ့အကြောင်းကို ကျနော်တို့ကိုယ်တိုင်ထက် ပြင်ပအရာ (ဥာဏ်ရည်တုကွန်ပြူတာ) က ပိုပြီးသိလာတာမျိုး ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ သင်လုပ်ခဲ့သမျှ အရာအားလုံးရဲ့ ဒေတာအချက်အလက်တွေကို ခွဲခြမ်းစိပ်ဖြာပြီး တူညီမှုတွေကိုရှာဖွေကာ သင်ဘယ်လိုလူမျိုးဖြစ်တာကို သိနိုင်ပါတယ်။

Netflix က သင်ဘာရုပ်ရှင်ကိုကြည့်ပါ၊ Amazon က သင်ဘာပစ္စည်းကိုဝယ်ပါဆိုပြီး ကိုယ်တိုင်နှစ်သက်တတ်မဲ့အရာတွေကို အကြံပြုနေပါတယ်။ တဖြည်းဖြည်းနဲ့ သင်ဘယ်တက္ကသိုလ်တက်ရမယ်၊ ဘယ်ဘာသာယူရမယ်၊ ဘာအလုပ်လုပ်ရမယ်၊ ဘယ်သူ့နဲ့ လက်ထပ်ရမယ်၊ ဘယ်သူ့ကိုမဲထည့်ရမယ် ဆိုတာကအစ ကွန်ပြူတာ algorithms တွေက ပြောလာမှာဖြစ်ပါတယ်။

ဒေတာနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေက လူတွေရဲ့ ဘာကိုကြိုက်တယ်မကြိုက်ဘူး သိရုံတင်မဟုတ်ဘဲ ဒီထက်ပိုပြီးနက်နဲပါတယ်။ လာမဲ့ နှစ် ၂၀ လောက်ကိုတွေးကြည့်လိုက်ပါ၊ ဂျာနယ်လစ်၊ တရားသူကြီး၊ နိုင်ငံရေးသမားနဲ့ စစ်တပ်အရာရှိ အားလုံးတို့ရဲ့ သမိုင်းကြောင်း ကိုယ်ရေးအချက်အလက် အစအဆုံးကို ပီကင်း သို့မဟုတ် ဝါရှင်တန်က တစ်ယောက်ယောက်ဆီမှာ ပိုင်ဆိုင်ခဲ့မယ်ဆိုပါစို့၊ သူတို့ကို ကိုင်တွယ်ထိန်းချုပ်ထားနိုင်တဲ့ စွမ်းရည်ပါဝါက သမိုင်းမှာ ဘာနဲ့မှမတူအောင် ဖြစ်သွားမှာဖြစ်ပါတယ်။

ဟာလားရီက အစ္စရေးနိုင်ငံ Hebrew University မှာ ကွန်ပြူတာပညာရှင် နဲ့ ဇီဝဗေဒဆိုင်ရာ အင်ဂျင်နီယာတို့အတွက် ကျင့်ဝတ်ဆိုင်ရာနဲ့ အတွေးအခေါ်ဒဿာနတွေကို သင်ကြားပေးနေပါတယ်။ ပရိုဂရမ်မာတွေ ဆော့ဝဲကုတ်တွေရေးနေတာက နိုင်ငံရေး၊ စီးပွားရေး၊ လူ့ကျင့်ဝတ် နဲ့ လူ့ဘောင်ဖွဲ့စည်းပုံတွေကို ပြန်လည်ပုံဖော်နေတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဥပမာ မောင်းသူမဲ့ကားတစ်စီးက လူ့ကျင့်ဝတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်ရပါမယ်။ အကယ်၍ ကလေးငယ်တစ်ဦးက ရုတ်တရက် ကားရှေ့ကိုရောက်လာတဲ့အခါ ကလေးရဲ့အသက်ကို ကာကွယ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကားကိုဘေးသို့ကွေ့ရှောင်ပြီး ဘေးမှာရှိတဲ့ထရပ်ကားနဲ့ တိုက်ချင်တိုက်မိမယ်၊ မောင်းသူမဲ့ကားထဲက ကားပိုင်ရှင်ကလည်း သေချင်သေသွားနိုင်မယ်။ မောင်းသူမဲ့ကားရဲ့ ကွန်ပြူတာဆော့ဝဲ ပရိုဂရမ်မာက ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်ရမှာဆိုတာ ကုတ်ရေးရမှာဖြစ်ပြီး၊ ဘယ်သူက အသေခံရမှာလဲဆိုတဲ့ ဒဿနဆိုင်ရာမေးခွန်းပြဿနာကို ဖြေရှင်းနိုင်ရမှာ ဖြစ်ပါတယ်။

ဥာဏ်ရည်တုနည်းပညာက လူ့အခွင့်အရေးကို ခြိမ်းခြောက်မှုရှိလာပြီး အားလုံးသဘောတူနိုင်တဲ့ စည်းမျဥ်းသတ်မှတ်ချက်တွေ ရှိလာတဲ့အချိန်အထိ ယာယီဆိုင်းငံ့ထားဖို့ ကမ္ဘာ့ကုလသမဂ္ဂက ပြီးခဲ့တဲ့လတုန်းက အကြံပြုတိုက်တွန်းခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အကြံပေးပုဂ္ဂိုလ်များကလည်း နည်းပညာသစ်တချို့ကို ဟန့်တားဖို့ "bill of rights" အမည်ပေးထားတဲ့ ဥပဒေတစ်ခုကို တင်ပြထားပါတယ်။ ကျနော်တို့ရဲ့ ဟိုမိုဆေးပီးယန်စ် လူသားမျိုးနွယ်က လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်ဖို့ သင်ယူခဲ့ကြသလိုပဲ အခုချိန်မှာ ကျနော်တို့ပူးပေါင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုကပဲ ဥာဏ်ရည်တုနည်းပညာရဲ့ အင်အားကြီးထွားလာမှုကို ကာကွယ်ထိန်းချုပ်လို့ မရပါဘူး။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ခန့်မှန်းဟောပြောနိုင်တဲ့ ပရောဖက်ဆရာလည်း မဟုတ်ပါဘူး၊ လူသားတွေအတွက် အန္တရာယ်အရှိနိုင်ဆုံး ဖြစ်လာနိုင်တာကို သတိပေးခြင်းသာဖြစ်ပြီး ပစ္စုပန်မှာ ကျနော်တို့တတွေ တစ်ခုခုလုပ်ဆောင်ပြီး ကြိုတင်ကာကွယ်သွားဖို့ကိုသာ မျှော်လင့်ထားကြောင်း ယူဝဲလ်နိုဝါးဟာလားရီက ပြောသွားပါတယ်။

CBS - Oct 31, 2021 - Yuval Noah Harari on the power of data, artificial intelligence and the future of the human race.

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar