မင်းညွန့်လှိုင် - မောင်နီမွန်ချန်ထားရစ်သော ... ( ကဗျာဆရာကြီးမောင်နီမွန်သို့ နှုတ်ဆက်ဂါရဝပြုကဗျာ + ပန်းချီ )
မင်းညွန့်လှိုင်
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၁
လူ့ဘုံခန်းဝါရဲ့ထောင့်မှန်တစ်ခုမှာ
ဟင်းလင်းပွင့်နှလုံးအိမ်နဲ့
ကဗျာဆရာ နေထိုင်ခဲ့တယ် ။
ပခုံးနိမ့်နိမ့်မြို့တမြို့မှာ
အပြုံးမြင့်မြင့်နဲ့
ကဗျာဆရာ ရှင်သန်ခဲ့တယ် ။
သူ့မျက်လုံးက အနီးမှုန်တယ်
သူ့ကဗျာက
ပုဂ္ဂလိက အခန်းကျဉ်းထဲ
ဘယ်တော့မှ ခြေချုပ်မကျခဲ့ ။
မြင်ကွင်းကျယ်ကို
အမြဲငတ်မွတ်နေတဲ့အကြည့်တွေနဲ့
ဆရာဖြေလမ်းနဲ့ဈေးလမ်းထောင့်မှသည်
အမတရဲ့နိုင်ငံတော်အထိ
လူးလားခေါက်ပြန်
ကဗျာဆရာလမ်းလျှောက်ခဲ့တယ် ။
ခရီးက
လမ်းကိုဖြစ်စေရဲ့
လှိုင်းရေးတဲ့ ဂရပ်ဖ်မျဉ်းအတိုင်း
ငှက်ရဲ့ပျံသန်းရေးပရိုဂရမ်လို
မြစ်ရဲ့သြခက်စတြာခေါ်ဆောင်ရာ
မောင်နီမွန်လမ်း ။
ကဗျာဆရာက
သူ့လမ်းရဲ့တဖက်တချက်မှာ
သတိပေးဆိုင်းဘုတ်နှစ်ခုတိတိ
စိုက်ထူထားခဲ့တယ် ။
ချစ်ပါ
ဒုက္ခရောင်စုံဝင်းလက်နေတဲ့
ကမ္ဘာမြေကိုချစ်မက်ပါ ။
မုန်းပါ
ကမ္ဘာဖျက်အမုန်းခါးခါးကို
အသေအချာမုန်းတတ်ပါ ။
တသက်သက်နဲ့
တသက်တာလမ်းကလေး
လွမ်းမဝနိုင်ပြီကော ။ ။
( အေဒီ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ မှာထွက်ခွာသွားတဲ့ ဦးနီမွန်သို့ ...)
၂/၁၁/၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar