Breaking News

ကိုသန်းလွင် - ငွေရင်း၏ တန်ဘိုး

ကိုသန်းလွင် - ငွေရင်း၏ တန်ဘိုး
(မိုးမခ) နို၀င်ဘာ ၂၃၊ ၂၀၂၁

(၁)
နိုင်ငံတစ်ခုတွင် ဘယ်သူက ဘာတွေပိုင်ဆိုင်ကြောင်း မဖော်ပြနိုင်ဘူးဆိုပါစို့။ လိပ်စာများကိုလည်း အလွယ်တကူမရှာဖွေနိုင်၊ တင်ရှိသောအကြွေးများကိုလည်း ဘယ်သူ့ကိုတောင်းရမည်ဟူ၍မသိ၊ ငွေအရင်းအမြစ်များကိုလည်း အရင်းအနှီးအဖြစ်ပြောင်းလဲရန်မဖြစ်နိုင်၊ ပိုင်ဆိုင်မှုကို ရှယ်ယာအဖြစ် မပြောင်းလဲနိုင်၊ ပိုင်ဆိုင်သောပစ္စည်းများကိုလည်းဖော်ပြရာ၌ စည်းကမ်းစနစ်မရှိ၊ နေထိုင်ရာအရပ် ပြောင်းတိုင်း ပြောင်းလဲနေကြသည်။ သင်ရောက်ရှိနေသောနေရာမှာ တတိယကမ္ဘာမှ ဆင်းရဲသောနေရာနှင့် ယခင်ကွန်မြူနစ်နိုင်ငံများဖြစ်ပါသည်။ ကမ္ဘာကြီး၏ ၈၀ % သောလူများမှာတွင် ထိုအနေအထားနှင့် နေထိုင်နေရပါသည်။

(၂)
ဥပမာ ပီရူးနိုင်ငံ လီမားမြို့တွင် အဝတ်အထည်ရောင်းသည့်ဆိုင်တဆိုင်ဖွင့်မည်ဆိုပါစို့ တရားဝင်ဖွင့်ခွင့်ရရန် ၂၈၉ ရက်ခန့်စောင့်ရပါသည်။ ကုန်ကျငွေမှာ ၁,၂၃၂ ဒေါ်လာဖြစ်ပါသည်။ နိုင်ငံပိုင်မြေကွက်ပေါ်တွင် ရုံးတစ်ခုဆောက်လုပ်ရန် အချိန် ၆ နှစ်နှင့် ၁၁ လ စောင့်ဆိုင်းရပါသည်။ ထိုသို့ဖွင့်ခွင့်ရရန်အတွက် လုပ်ငန်းဆိုင်ရာ ၂၀၇ နေရာ၊ ရုံးပေါင်း ၅၂ ရုံးကိုသွားရပါသည်။ ထိုသို့ ဆောက်ပြီးနေရာ၏ တိုက်တဲလ် (Title) ကိုရရန် အဆင့် ပေါင်း ၇၂၈ ခုရှိပါသည်။ တက္ကစီသမားတစ်ယောက်သည် ယာဉ်မောင်းလိုင်စင်ကိုရရန် ၂၆ လမျှ စောင့်ရပါသည်။

ဖိလစ်ပိုင်တွင် မြေတစ်ကွက်ဝယ်ရန် ဘေးမှအပေါင်းအသင်းများနှင့် ယူနီယံဖွဲ့ရပါသည်။ အဆင့်ပေါင်း ၁၆၈ ဆင့်ရှိပြီး အစိုးရနှင့်ပရိုက်ဗိတ်ရုံး ၅၃ ခုသို့သွားရခါ အချိန်ကာလအားဖြင့် ၁၃ နှစ်နှင့် ၂၅ နှစ်အကြား စောင့်ရပါသည်။ မြေသည် စိုက်ပျိုးမြေဖြစ်ပါက ၎င်းကိုမြေအမျိုးအစားပြောင်းရန် အဆင့် ၄၅ ဆင့်ရှိသောအဆင့်များကိုကျော်ဖြတ်ရပြီး နောက်ထပ် ၂ နှစ်ခန့် ထပ်စောင့်ရပါသည်။

ထိုသို့ ခက်ခဲခြင်းများမှာ အီဂျစ်နှင့် ဟေတီတို့တွင်လည်း ဖြတ်သန်းရန်ခက်ခဲသောနည်းလမ်းများနှင့် အလုပ်လုပ်ကြရပါသည်။ နေရာတိုင်းတွင်တရားဝင်လုပ်ကိုင်ရန်ခက်ခဲပြီး ဥပဒေများကို တခုမဟုတ်တခု ချိုးဖေါက်ကြရကာအချို့နေရာများသွားရန်မဖြစ်နိုင်လောက်အောင် ခက်ခဲပါသည်။ ထို့ကြောင့် တရားမဝင်လုပ်ကိုင်ရန်သာ ဆုံးဖြတ်လိုက်ကြရပါသည်။

၁၉၇၆ ခုနှစ်က ဗင်နဇွဲလားနိုင်ငံတွင် လုပ်သားထု၏ သုံးပုံနှစ်ပုံမှာ တရားဝင်အလုပ်သမားများဖြစ်ပြီး ယနေ့တွင် ၎င်းတို့၏ထက်ဝက်ကျော်မှာ တရားမဝင်လုပ်သားများဖြစ်နေကြပါပြီ။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ဘရာဇီးတွင်ဆောက်လုပ်သမျှ အိမ်ယာအသစ်များမှာ လုပ်သားများကို ငှါးရန်ရည်ရွယ်ခဲ့သည်။ ယနေ့တွင် ၃ % ကသာ တရားဝင်မှတ်ပုံတင်၍ အိမ်ငှါးရန်စာရင်းပေးသွင်းကြတော့သည်။ ဈေးကွက်တခုလုံး ဘယ်သို့ရောက်ရှိ သွားပါသနည်း။ ဈေးကွက်အသစ် ဖေဘီလတ် “Favelas” ဟုခေါ်ပြီး တရားမဝင် အိမ်ငှါးဈေးကွက်မှာ နှုန်းထားကိုထိန်းချုပ်မထားဘဲ ကြိုက်ရောင်း ကြိုက်ဝယ်လုပ်နေကြသည်။ အိမ်ငှားခကို USD နှင့်ပေးကြရပြီး လွတ်လွတ်လပ်လပ်လုပ်နိုင်ကြပါသည်။

သူတို့တွင် လိုက်နာရမည့်ဥပဒေမှာတခုတည်းသာရှိသော်လည်း တရားဝင် ဥပဒေများကတပိုင်း၊ ပြင်ပအများ သဘောတူညီနိုင်သည့်ဥပဒေများက တပိုင်းဖြစ်သည်။ ၎င်းမှာ အာဏာပိုင်များအသိဖြစ်သော၊ ဘေးပတ်ဝန်းကျင်မှာနေထိုင်ကြသူများလည်းသိသော ဥပဒေများဖြစ်ပြီး၎င်း ဆိုရှယ်ကွန်ထရက် “Social Contract” များမှာ ဆင်းရဲသားလောကဝယ် ခေတ်စားနေသည်။

နေရာပြောင်းရွှေ့လုပ်ကိုင်သူများမှာ နေရာအနှံ့ရှိနေကြပြီး ၎င်းတို့သည် အလုပ်မရှိအကိုင်မရှိ အငြိမ်းစားယူနေကြခြင်းမဟုတ်ပါ။ သူတို့သည် တရားမဝင်သော်လည်း သူတို့အလုပ်လုပ်နေကြသည်မှာ အချို့နေရာများတွင် အားရစရာကောင်းသည်။ လမ်းဘေးကကုန်ထုတ်လုပ်သည့်စခန်းများတွင် အဝတ်အစားများ၊ စီးစရာဖိနပ်များ၊ ကာတီရာလက်ပါတ်နာရီများ (Cartier watch) နှင့် Vuilton အိတ်များပါ ထုတ်လုပ်ရောင်းချကြသည်။ လမ်းဘေးတွင် သွားများကိုဖာပေးသော လိုင်စင်မဲ့သွားဆရာဝန်များလည်းရှိသည်။

၁၉၉၃ ခုနှစ်တွင် မက်စီကိုမြို့တော်တွင် လမ်းမ၌ဈေးရောင်းသူ ၁၅၀,၀၀၀ ကျော်ရှိခဲ့ပါသည်။ မက်စီကိုနှင့် အခြားမြို့တော် ၄၃ ခုနှင့်ရောပေါင်းပါက ၂၉၃,၀၀၀ ရှိပါသည်။ ၎င်းတို့ဆိုင်ခန်းမှာမှာ ၁.၅ မီတာမျှကျယ်ဝန်းကြပါသည်။ ထိုဆိုင်များကို စီတန်းလိုက်ပါက ၂၁၀ ကီလိုမီတာရှိသော ဆိုင်းတန်းကြီးကို ရရှိနိုင်ပါသည်။ ဤသို့ တရားမဝင်သော ဈေးရောင်းဈေးဝယ်မှုတွင် အိမ်များ၊ ရုံးခန်းများ၊ စက်ရုံများမှ ပါဝင်ကြသူများမှာ ထောင်ပေါင်းများစွာရှိပါသည်။ ၁၉၉၄ ခုနှစ်တွင် ဤကဲ့သို့တရားမဝင်ဘဲလုပ်ကိုင်နေကြသည့် မိုက်ခရိုစီးပွားရေးလုပ်သားပေါင်းမှာ ၂.၆၅ သန်းရှိပါသည်။

ဤသည်တို့မှာတကယ်ဖြစ်ပျက်နေသော လူနေမှုစနစ်အတွင်းမှ ဥပမာများသာ ဖြစ်ပါသည်။ နောက်ထပ်ပြသနာတမျိုးမှာ သေနေသောအရင်းများ (Dead Capital) များအရေးပင်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင်မြို့တော် နေလူများ၏ ၇၅% နှင့် ပြင်ပမှာနေထိုင်ကြသောလူများ၏  ၆၇%  မှာဘာမှသုံးမရတော့သောစာရင်းသေအရင်းများပေါ်တွင်နေထိုင်ကြသူများဖြစ်သည်။ ပီရူးမြို့တော်ကြီးတွင်နေထိုင်သူ၏  ၅၃% နှင့် ပြင်ပတွင်နေထိုင်သူ အားလုံး၏ ၈၁ % ရှိကြသည်။ ဟေတီနှင့်အီဂျစ်ပြည်တို့တွင် ဤရာခိုင်နှုန်းအချိုးအစားမှာ ပို၍မြင့်မားပါသည်။

များသောအားဖြင့်အနောက်နိုင်ငံများအနေဖြင့်ကြည့်လျှင် ဘာမှတန်ဖိုးမရှိသော အိမ်များဖြစ်ကြပါသည်။ ဟေတီနိုင်ငံ ပို့စ်အော်ပရင့် (Port au Prince) တွင် ကေဗင်တခုလုံးမှာ ဒေါ်လာ ၅၀၀ မျှ တန်ပါသည်။ မနီလာ မြီု့တွင် ရေစပ်စပ်ရှိသော မြေယာများ၌ တည်ထားသော ကေဗင်တခုလုံးမှာ ၂,၇၀၀ ဒေါ်လာတန်ပါသည်။ ကိုင်ရို ပြင်ပ၌တည်ရှိသောအိမ်တလုံးမှာဒေါ်လာ ၅,၀၀၀ တန်ပါသည်။ လီမာမြို့တွင်သာအကာအရံနှင့် သပ်သပ်ရပ်ရပ် ဘန်ဂလိုတစ်လုံးမှာ ဒေါ်လာ ၂၀,၀၀၀ ခန့်တန်ပါသည်။

ဟေတီတွင် ပိုင်ဆိုင်မှု တိုက်တဲလ် မရှိသော အိမ်ခြေများ၏ တန်ဖိုးမှာ ၅.၂ ဘီလီယံမျှရှိပါသည်။ တရားဝင်ကုမ္ပဏီများမှတရားဝင်ပိုင်ဆိုင်မှု၏ ၄ ဆမျှတန်ဖိုးရှိပါသည်။ အစိုးရပိုင်ပစ္စည်းများနှင့်ဆိုသော် ၉ ဆမျှရှိသည်။ ၁၉၉၅ ခုနှစ်က မှတ်တမ်းတင်သော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများထက် ၁၅၈ ဆမျှရှိပါသည်။ ဖီလစ်ပိုင်နိုင်ငံမှာ  တိုက်တဲလ်မရှိသည့် အိုးအိမ်များ၏တန်ဖိုးမှာ ၁၃၃ ဘီလီလံမျှရှိသည်။ 

ဤသည်မှာ ဖိလစ်ပိုင်စတော့အိတ်ချိန်းတွင် မှတ်တမ်းတင်ထားသည့် ကုမ္ပဏီ ၂၁၆ ခု စုစုပေါင်းတန်ဖိုးထက် ၄ ဆမျှရှိပါသည်။ တိုင်းပြည်တွင်ရှိသောဘဏ်ကြီးများ၏အပ်ငွေထက် ၇ ဆမျှရှိသည်။ နိုင်ငံပိုင်ကုမ္ပဏီများ၏အရင်းထက် ၉ ဆမျှရှိပြီး နိုင်ငံခြားမှရင်းနှီးမြုပ်နှံမှုအားလုံးထက် ၁၄ ဆမျှရှိပါသည်။ ဆင်းရဲသားများ၏ပိုင်ဆိုင်မှုမှာ နိုင်ငံတိုင်းလိုလိုတွင် အစိုးရဒေသဆိုင်ရာအိတ်ချိန်းများ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများထက် အဆမတန်ကြီးမားနေပါသည်။ ချမ်းသာသောနိုင်ငံများမှ ဆင်းရဲသောနိုင်ငံများသို့ချေးထားသောငွေက ကမ္ဘာ့ဘဏ်မှနိုင်ငံများသို့ပေး သောငွေများထက်လည်း ပို၍များပြားပါသည်။

တတိယကမ္ဘာ့နိုင်ငံများနှင့် ယခင်က ကွန်မြူနစ်ဖြစ်ခဲ့သောနိုင်ငံများ၏ တရားဝင်ပိုင်ဆိုင်ခွင့်မရသော ပစ္စည်းများ၏တန်ဖိုးစုစုပေါင်းမှာ ၉.၃ ထရီလီယံမျှရှိသည်ဟုခန့်မှန်းပါသည်။ ထိုငွေပမာဏမှာ အမေရိကန်တို့ပိုင်ဆိုင်သောငွေများအားလုံးထက် ၃ ဆပိုပါသည်။ ကမ္ဘာ၏မြို့တော်ကြီး ၂၀ တွင်ရှိသောစကော့အိတ်ချိန်းများတွင် မှတ်ပုံတင်ထားကြသည့် ကုမ္ပဏီများ၏ပိုင်ဆိုင်မှု အားလုံးပေါင်းနှင့် ညီမျှလုနီးပါးရှိပါသည်။ ၎င်းသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအနေဖြင့် ထိုနိုင်ငံငယ်များသို့ပေးသော နိုင်ငံခြားအထောက်အပံ့ငွေအားလုံးထက် အဆ ၂၀ ခန့်ပိုပါသည်။ လွန်ခဲ့သောအနှစ် ၃၀ အတွင်း ကမ္ဘာ့ဘဏ်မှထုတ်ချေးသော ချေးငွေအားလုံးထက် ၄၀ ဆမျှရှိပါသည်။ 

အပြည်ပြည်ဆိုင်ရာဆင်းရဲသူများအတွက်ဟုဆိုရာတွင် ကာလကတ္တားမြို့လမ်းဘေးပလက်ဖေါင်းတွင်အိပ်နေကြရသော သူတောင်းစားများ၊ သဲကန္တာရအတွင်းမှ ဆာလောင်မွတ်သိပ်နေကြသော ကလေးငယ်များပါဝင်ပါသည်။ ထိုပုံရိပ်များမှာ တကယ့်ပုံရိပ်များဖြစ်ပြီး ထိုသူတို့အားကူညီရန် ကျွန်တော်တို့အားလုံးက ကြိုးပမ်းရပါမည်။ အောင်မြင်သောလုပ်ငန်းရှင်များက သူတို့လူနေမှုအဖွဲ့အစည်းအတွင်းမှဖန်တီးလိုက်သော ချမ်းသာမှုများလည်းပါရှိပါသည်။

(၃)
သူတို့သည် ပြသနာများမဟုတ်ကြပါ။ ထိုအရာများမှာ ပြသနာများ၏အဖြေများသာဖြစ်ပါသည်။ အမေရိကန်ပြည်တွင်းစစ်အပြီးတွင် ရပ်ဆဲကွန်ဝဲလ် (Russell Conwell) ဆိုသူတစ်ယောက်က တစ်ပြည်လုံးကိုလှည့်၍ လူသန်းပေါင်းများစွာတို့ကိုပြောခဲ့သော ပုံပြင်တခုရှိပါသည်။ တခါက အိန္ဒိယကုန်သည်တစ်ယောက်သည် တစ်ကမ္ဘာလုံးပတ်၍ စည်းစိမ်ဥစ္စာကိုရှာခဲ့ပါသည်။ မောပန်း၍ခြေကုန်လက်ပန်းကျကာ အိမ်သို့ပြန်ခဲ့ပါသည်။ အိမ်မှာ ရေဆာ၍ ရေတွင်းတူးမည်ဟု တူရွှင်းကိုမြေသို့ချလိုက်သည်နှင့် Golconda ခေါ် ကမ္ဘာ့အကြီးဆုံးစိန်တွင်းကို တူးဖော်မိလျက်သာဖြစ်သွားပါသည်။

ကွန်ဝဲက ပေးချင်သောသတင်းစကားမှာ တတိယကမ္ဘာမှ နိုင်ငံများအတွက် တန်ဖိုးရှိလှပါသည်။ သူတို့၏ ဆင်းရဲသားများနေထိုင်ရာ ပတ်ဝန်းကျင်တွင် ထရီလီယံမျှတန်ဖိုးရှိသော စည်းစိမ်ဥစ္စာများရှိပါသည်။ ထိုစည်းစိမ်ဥစ္စာများကို ငွေရင်းအဖြစ် ပြောင်းလဲတတ်ဖို့သာ လိုပါသည်။

ကိုသန်းလွင်
Ref: Mystery of Capital Hanando Soto



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar