လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (တတိယအချက်)
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၁
၃။ စီးပွားရေးတည်ဆောက်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ တည်ဆောက်ရေးများအကြား ဆက်ဆံရေး
အမျိုးသားကာကွယ်ရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းအင်ဟာ အဆင့်တခုအထိတော့ ရရှိထားတာပါ။ အမေရိကန်ကျူးကျော်မှုကိုခုခံပြီး ကိုးရီးယားကူညီရေးစစ်ပွဲကြောင့်ရော၊ နှစ်ပေါင်းများစွာပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးနဲ့ ခိုင်မာတောင့်တင်းစေရေးများကြောင့်ရော၊ ကျွန်တော်တို့ရဲ့လက်နက်ကိုင်အင်အားစုများဟာ ပိုမိုအင်အားစွမ်းပကားကြီးလာနေပါတယ်။
ခုအခါမှာ ကျွန်တော်တို့ဟာ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဆိုဗီယက် တပ်နီတော်ထက် အင်အားကြီးနေပါပြီ။ ဒါ့အပြင် လက်နက်ပိုင်းဆိုင်ရာတပ်ဆင်ရာမှာလည်း တိုးတက်နေပါပြီ။ ကျွန်တော်တို့ရဲ့ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများကိုလည်း တည်ဆောက်နေပါပြီ။ ကောင်း ကင်နဲ့ မြေကမ္ဘာ ကွဲသွားချိန်ကစလို့ ကျွန်တော်တို့ လေယာဉ်ပျံနဲ့ကားများ မထုတ်လုပ်နိုင်ခဲ့သေးပါဘူး။ အခု တော့ ကျွန်တော်တို့ စတင်ထုတ် လုပ်နေပါပီ။
ကျွန်တော်တို့မှာ အနုမြူဗုံးမရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အတိတ်ကလဲ လေယာဉ်ပျံတွေ အမြောက်တွေ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ဂျပန်နယ်ချဲ့သမားတွေကိုရော၊ ချန်ကေရှိတ်ကိုရော၊ မုယောစပါးစားပြီး ရိုင်ဖယ်နဲ့အနိုင်တိုက်ခဲ့တာပါ။ ကျွန်တော်တို့ဟာ အရင်ကထက်အင်အားကြီးနေပြီး၊ အနာဂတ်မှာလည်းပိုအားကြီးလာမှာပါ။ ကျွန်တော်တို့မှာ လေယာဉ်ပျံတွေ အမြောက်တွေ ပိုများလာမှာသာမက အနုမြူဗုံးလဲရှိလာမှာပါ။ လက်ရှိကမ္ဘာကြီးမှာ ကျွန်တော်တို့အနိုင်ကျင့်မခံချင်ရင် အနုမြူဗုံး မရှိလို့ မဖြစ်ပါဘူး။ ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ။ စိတ်ချရတဲ့နည်းလမ်းတခုကတော့ စစ်ရေးနဲ့ အုပ်ချုပ်ရေးဘက်ဆိုင်ရာ အကုန်အကျတွေကို အချိုးအစားကျနစွာ လျှော့ချပြီး စီးပွား ရေးတည်ဆောက်မှုတွေမှာ ပိုမိုသုံးစွဲဖို့ဖြစ်ပါတယ်။ စီးပွားရေးတည်ဆောက်မှု မြန်မြန်တိုးတက်လာမှသာ ကာကွယ်ရေးဆိုင်ရာတည်ဆောက်မှုများ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။
၁၉၅၀ ကကျင်းပခဲ့တဲ့ (၇) ကြိမ်မြောက် ဗဟိုကော်မတီရဲ့တတိယ မျက်နှာစုံညီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတဲ့ပြဿနာဖြစ်တဲ့ နိုင်ငံတော် ယန္တရားကို ချုံ့နိုင်သမျှချုံ့ပြီးစစ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အကုန်အကျများကိုလျှော့ချကာ၊ ဒီနည်းကို ကျွန်တော်တို့ရဲ့ဘဏ္ဍာရေးနဲ့း ပွားရေးအခြေအနေများ ပိုမိုကောင်းမွန်လာစေရေးအတွက် အခြေခံ လိုအပ်ချက် (၃) ခုထဲက တခုအဖြစ် သဘောထားခဲ့ကြပါတယ်။ ပထမငါးနှစ်-စီမံကိန်းကာလက စစ်ရေးနဲ့အုပ်ချုပ်မှုဆိုင်ရာ အကုန်အကျများဟာ နိုင်ငံတော်ဘတ်ဂျက် စုစုပေါင်းကုန်ကျစားရိတ်ရဲ့ (၃၀) ရာနှုန်းရှိခဲ့ပါတယ်။ ဒီအချိုးအစားဟာ သိပ်မြင့်ပါတယ်။ ဒုတိယငါးနှစ် စီမံကိန်းမှာတော့ (၂၀) ရာနှုန်းလောက်အထိ လျှော့ချရမယ်။ ဒါမှသာ စက်ရုံတွေများများတည်ဆောက်ပြီး စက်တွေအများအပြားထုတ်လုပ်နိုင်ရေးအတွက် ဘဏ္ဍာငွေတွေရလာမှာဖြစ်တယ်။ ကာလတပိုင်းရှိလာတဲ့အခါ၊ ကျွန်တော်တို့မှာ လေယာဉ်ပျံတွေ၊ အမြောက်ကြီးတွေ အများအပြားရှိလာရုံမက၊ ကိုယ်ပိုင်အနုမြူဗုံးလဲ ရှိကောင်းရှိလာနိုင်ပါတယ်။
ဒီမှာလဲ မေးခွန်းပေါ်လာပြန်ပါတယ်။ ခင်ဗျားတို့ရဲ့အနုမြူဗုံးလိုချင်မှုဟာ တကယ်စစ်မှန်ပြီး စိတ်အားထက်သန်မှုရောရှိရဲ့လား။ သို့မဟုတ်ဝတ်ကျေတမ်းကျေလောက်ပဲလား။ လိုချင်မှုဟာ တကယ်စစ်မှန်ရင်တော့ စစ်ရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာ အကုန်အကျအချိုးအစားကိုလျှော့ ချပြီး စီးပွားရေးတည်ဆောက်မှုအတွက် ပိုအကုန်အကျခံရမှာ။ တကယ်လို့ ဒီစိတ်ဆန္ဒဟာ အပေါ်ယံပဲဖြစ်နေမယ်ဆိုရင်တော့ လမ်းဟောင်းကြီးအတိုင်း ဆက်လျှောက်နေမှာပဲ။ ဒါဟာ သေနင်္ဂဗျူဟာမူဝါဒပြဿနာဖြစ်လို့၊ စစ်ကော်မရှင်အနေနဲ့ ဆွေးနွေးညှိနိုင်းကြဖို့ မျှော်လင့်ပါတယ်။
အခုအချိန်မှာ စစ်သားအားလုံးထွက်ခိုင်းလိုက်ရင် မှန်ပါ့မလား။ မမှန်ပါဘူး။ မဖြစ်နိုင်ပါဘူး။ ရန်သူတွေက ပတ်လည်ဝိုင်းနေသေးပြီးအနိုင် ကျင့်ခံနေရတုန်း။ အဝိုင်းခံထားရတုန်း။ ကျွန်တော်တို့ရဲ့အမျိုးသားကာကွယ်ရေးကို ပိုမိုအားကောင်းခိုင်မာအောင်လုပ်ရဦးမယ်။ ဒီအတွက် ကျွန်တော်တို့ဟာ ဦးစွာပထမ စီးပွားရေးတည်ဆောက်မှုလုပ်ငန်းများကို ခိုင်မာအားကောင်းအောင် ကြိုးစားကြရလိမ့်မယ်။
လှကျော်ဇော
၇-၁၂-၂၀၂၁။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar