လွင်(ဘော်တွင်း) - မိုးကောင်းတဲ့အရပ်
မိုးကောင်းတဲ့အရပ်
လွင်(ဘော်တွင်း)
(မိုးမခ)ဒီဇင်ဘာ ၁၁၊ ၂၀၂၁
မနက်ခင်း နေရောင်ခြည်အောက်မှာ မိုးစက်လေးတွေက တဖွဲဖွဲ ကျနေတယ်။ ရန်ကုန်မိုးဟာ အစိုးမရဘူးလို့ ပြောလေ့ရှိကြပေမဲ့ သတိထားရင် ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒီမိုးဖွဲလေးက နောက်ထပ် သည်းထန်မဲ့ မိုးကြီးတွေကို ဆွဲငင်ခေါ်ယူလာနိုင်တယ်လေ။ အရှေ့ဘက်က ဖြာဆင်းလာတဲ့ နေရောင်ခြည်က လင်းလက်ဖို့ အားယူနေတုန်း အနောက်တောင်ဖက်မှာ တိမ်ညိုတွေ တရိပ်ရိပ်တက်လာနေပြီ။ ရန်ကုန်ဟာ မိုးကောင်းတဲ့အရပ်မဟုတ်လား။
တစိမ့်စိမ့်ရွာနေတဲ့ မိုးစက်တွေကို ငေးရင်း ပြင်လက်စ ပါဝါပွိုင့် ဆလိုက်တွေ ဆက်ပြင်ဦးမှ လို့တွေးမိတယ်။ ဇွမ်း (Zoom ) အကောင့်မှာလည်း ပရိုဖိုင်းပုံကလေးတင်ထားဦးမှပဲ လို့ တဆက်ထဲ စဉ်းစားမိပြန်တယ်။ အစည်းအဝေးပဲဖြစ်ဖြစ်၊ ဆွေးနွေးပွဲပဲ ဖြစ်ဖြစ် ဗီဒီယို ကင်မရာပိတ်ထားရင် အမဲရောင်ကြီးပေါ်နေတာထက် ရုပ်ပုံလှလှလေး မြင်နေရတာ ပိုကောင်းမယ်လို့ ထင်တယ်လေ။ ဘာပုံလေးထည့်ရင်ကောင်းမလဲ ရွေးဦးမှ။ မူပိုင်ခွင့်ကို လေးစားရမယ်ဆိုတော့ လိုင်းပေါ်က ပုံတွေ လက်လွတ်စပယ် ယူမသုံးချင်ဘူး။ ကိုယ့်ဘာသာ ရိုက်ထားတဲ့ ပုံလေးဆိုကောင်းမယ်။
အတွေးက ပုံတွေဘက်ရောက်နေပေမဲ့ လက်က ပြင်ဆင်လက်စ ပါဝါပွိုင့်ဖိုင်ကို ဖွင့်မိတာ။ “လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အလုပ်ရုံဆွေးနွေးပွဲ” ဆိုတဲ့ ခေါင်းစဉ်။ နောက် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကျယ်ဖွင့်ထားတဲ့ အချက်ခြောက်ချက်။ ဒီအပိုင်းက စာဖတ်သလိုမျိုးပြောလိုက်ရုံပဲ။ အဲဒီအချက်ခြောက်ချက်ကို တချက်ခြင်းပြန်ဆွေးနွေးမှ နည်းနည်းရှင်းပြရမယ်။ နောက်ဆလိုက်။
အင်း ပထမဆုံး နံပါတ် ၁က “လွတ်လပ်စွာ ထင်မြင်ယူဆခွင့်” တဲ့။ ပညာရှင်တွေကထည့်ထားလို့သာ ကိုယ့်မှာ ဒီအချက်ကို ထည့်ထားရတာ။ ထင်မြင်ယူဆတာပဲ။ ကိုယ့်ဘာသာထင်ချင်ရာ ထင်၊ တွေးချင်ရာတွေး လို့ရတာပဲ မဟုတ်လား။ စိတ်ထဲမှာရှိတာတွေကို အတိအကျ မြင်နိုင်တဲ့သူရယ်လို့ ရှိလို့လား။ စိတ်ကိုဖတ်နိုင်တဲ့ ကိရိယာရယ်လို့လည်း ဟုတ်တိပတ်တိ မရှိသေးပါဘူး။ စိတ်ထဲမှာ တွေးနေတာကို ဘယ်သူမှမမြင်နိုင်၊ မကြားနိုင်တာမို့ ဘာအန္တရာယ်မှလဲ မရှိနိုင်ဘူး။ ထုတ်မပြောဘူးဆိုရင် ပြီးတာပဲလေ။ ဘယ်သူသိတာမှတ်လို့။ လွတ်လွတ်လပ်လပ် တွေးနိုင် ထင်နိုင် ယူဆနိုင်တာပဲ မဟုတ်လား။ ဒါကို ရပိုင်ခွင့်တခုအနေနဲ့ အထူးပြောနေစရာလိုလို့လား။
လိုပါသတဲ့။ အတွေးတွေအယူအဆတွေဟာ တကယ်တမ်း လွတ်လပ်ပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရင် ပညာ ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု (စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဓလေ့ထုံးစံ) ဆိုပြီး အမျိုးမျိုးအထွေထွေသော ဝန်းကျင်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေ ရှိနေမှာတဲ့။ ဘရိန်းဝေါ့ရှ် (Brain Wash) လိုဟာမျိုးနေမှာပေါ့။ သဘောပေါက်ပါတယ်။ ကိုယ်တွေ ကိုးတန်းဆယ်တန်းတုန်းက ဘောဂဗေဒတောင် ဆိုရှယ်လစ် ဘောဂဗေဒပဲသင်ရတာ။ တေဇလူ ငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် စသည်ဖြင့် လုပ်ခဲ့ရတာပဲ။ တက္ကသိုလ်တက်တော့တောင် နိုင်ငံရေးသိပ္ပံဆိုပြီး ရွှီးလုံးတွေ လုပ်ခဲ့ရသေး။
ဒါပေမဲ့ ကိုယ့်မှာ ဒီအတွေးအခေါ် အယူအဆတွေရဲ့ လွှမ်းမိုးမှုကို တွန်းလှန်နိုင်တာလား၊ ဒီ ဝါဒဖြန့် ပညာရေးကပဲ ကိုယ့်အတွေးတွေကို မချုပ်ကိုင်နိုင်တာပဲလား၊ သင်တဲ့ စာတွေက ဒီဘက်နားကဝင်၊ ဟိုဘက်နားကထွက် ဖြစ်ကုန်လို့ပဲလား။ ကိုယ့်အတွေးအခေါ် အယူအဆကဖြင့် လွတ်လပ်ပါတယ်။ ဥပမာ- ဒီမိုကရေစီကိုလက်ခံတာ၊ ချမ်းသာကြွယ်ဝမှုကို အဆိုးမမြင်တာမျိုးပေါ့၊ ဘယ်လိုစနစ်ပဲဖြစ်ဖြစ် လူသားတွေရဲ့ သဘာဝနဲ့လိုက်လျော ညီထွေမဖြစ်ရင် အောင်မြင်ဖို့ ခဲယဉ်းမယ် ဆိုတာမျိုးပေါ့။
ဝါဒဖြန့် ရိုက်သွင်းမှုတွေကြောင့် အတွေးအခေါ်တွေ မလွတ်လပ်မဖွံ့ဖြိုး ဖြစ်သွားနိုင်တဲ့အတွက် လွတ်လပ်စွာထင်မြင်ယူဆခွင့်ကို ပထမဆုံးအချက်အနေနဲ့ ထည့်ထားရတာပေါ့လေ။ ဒီလိုပဲ ပြောရမှာပဲ။ ကိုယ်တော့ဖြင့် ကိုယ့်အထင်နဲ့ကိုယ် လွတ်မြောက်နေတာ။ ဘယ်လိုပဲရိုက်သွင်းစေဦး ကိုယ်က ကျယ်ကျယ်ပြန့်ပြန့် တွေးနိုင်ရင် ဘောင်လာခတ်လို့ဘယ်ရမလဲ။
သွပ်မိုးပေါ် မိုးစက်ကျသံက တဗြောင်းဗြောင်းမြည်လာတယ်။ မလင်းတလင်း နေရောင်ခြည်ဟာ ပျောက်ကွယ်သွားပြီ။ တနေကုန်စွေနေမဲ့ မိုးပါပဲ။ ဝတ္တုစာအုပ်ထူထူတအုပ်ဆွဲပြီး အိပ်ရာထဲ ဝင်ကွေးနေရရင် ကောင်းမှာ။
တွေးရင်းနဲ့ ဇွမ်း အကောင့်မှာ ပုံထည့်ဖို့ သတိရလာပြန်တယ်။ လိုင်းကောင်းတုန်း ပရိုဖိုင်းပုံလေး တင် (upload) ထားဦးမှ။
လူပုံက လှတပတ မရှိဘူး။ ဒီတော့ ပန်းကလေးတွေထည့်ရမလား။ ကိုယ့်ဘာသာရိုက်ထားတဲ့ ပန်းပုံတွေက လှလည်းမလှ။ အနီးကပ်ဆွဲယူကြည့်တော့လည်း မပြတ်မသား၊ ဝါးတားတား။ ပုံတွေရွေးရင်းနဲ့ ပရိက္ခရာ ရှစ်ပါး ပန်းချီသရုပ်ဖော်ပုံလေး တွေ့တယ်။ ကိုယ်ဆွဲတာ မဟုတ်ပေမဲ့ ကိုယ့်ဝတ္တုအတွက် သရုပ်ဖော်ပုံဆိုတော့ သုံးချင်သွားတယ်။ ဘေးက စာတွေမပါအောင် သေသေချာချာ ဖြတ်တောက်ပြီး တင်လိုက်တယ်။ လှတယ်။
ပရိုဖိုင်းက ကိုယ့်ဝတ္တုသရုပ်ဖော်ပုံဖြစ်တာကြောင့် ဂုဏ်ယူဝင့်ကြွားချင်တာလဲ ပါတာပေါ့။ လာမဲ့ ဆွေးနွေးပွဲမှာ နိုင်ငံခြားသားတွေလည်း ပါမယ်ဆိုတော့၊ မြန်မာနိုင်ငံရဲ့ အမြင့်မားဆုံး ယဉ်ကျေုးမှုဖြစ်တဲ့ ဘာသာသာသနာအကြောင်း၊ ရှင်ပြုအလှူအကြောင်း၊ မောင်ရှင်လောင်း အကြောင်းတွေလည်း တင်ပြပြီးသားဖြစ်တာပေါ့။ မြန်မာ့ယဉ်ကျေးမှုအကြောင်း ပြောကြ၊ ပြကြရင် ရှင်ပြုအလှူက မပါမဖြစ်မဟုတ်လား။ သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးကိုကြည့်ရင်း ဗုံတော်သားကဗျာ အဆုံးသတ်ကလေးကိုတောင် ရွတ်လိုက်မိသေးတယ်။
….ကောက်တီနဲ့ မယ်စော၊ ရောနှောလို့ ပျိုးထောင်၊ မိုးလေကခေါင်။ သည်ပျိုးရယ် ရေအောင်မှ၊ မယ်နဲ့မောင် အလှူပေးရမယ်၊ မိုးကူပါ့လေး ။ (ဒီကဗျာကို ဘယ်အတန်းမှာ သင်ခဲ့ရတာပါလိမ့်)
ပရိုဖိုင်းပြင်ရင်း နောက်ခံ ဘက်ဂရောင်းလေးပါ ပြင်လိုက်မှပဲ။ ပုံရွေးဦးမှ။ မိုးရွာကြီးထဲမှာ သီလရှင်ဆရာလေးတွေ ဆွမ်းဆန်ခံကြွနေတဲ့ပုံလေး၊ ဒါလေးတင်မယ်။ ဒါမှ ရှေ့က ပရိုဖိုင်းပုံနဲ့ လိုက်ဖက်မှုရှိမှာပေါ့။ ရဟန်းတွေ ကိုရင်တွေနဲ့ သီလရှင်ဆရာလေးတွေရဲ့ ကွာခြားမှုအကြောင်းတောင် စိတ်ထဲဝင်လာသေးတယ်။
တကယ်တော့ ပုံတွေထက် ကိုယ်တင်ပြရှင်းလင်းရမဲ့ အချက်အလက်အကြောင်းအရာတွေကို ပိုင်နိုင်ကျွမ်းကျင်ဖို့က ပိုအရေးကြီးတာမဟုတ်လား။ ကိုယ့်ဘာသာ အာရုံပြောင်းလိုက်ရင်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် ပါဝါပွိုင့်ကို ပြန်ဖတ်တယ်။ “လွတ်လပ်စွာ ထင်မြင်ယူဆခွင့်” အကြောင်း ပြောရင်း ရိုက်သွင်းခံခဲ့ရတဲ့ အတွေးအခေါ် အယူအဆတွေမှာ ပိတ်မိမနေဘဲ ဖောက်ထွက်နိုင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းမျိုး မေးလာရင် ဘယ်လိုဖြေရပါ့။ စာများများဖတ်ပါလို့ ဖြေရမှာပဲ။ “အလိမ္မာ စာမှာရှိ” လေ။ ကိုယ်တွေလဲ ဒီလိုပဲ ဖောက်ထွက်ခဲ့ရတာ။ စာအုပ်စာပေ ရှားပါးရင်တော့ မျက်စိကိုဖွင့် နားကိုစွင့်ထားရမှာပေါ့။ ပြောနေတဲ့စကားတွေ ကြားအောင်နားထောင်၊ ဖြစ်နေတဲ့အဖြစ်တွေ မြင်အောင်ကြည့်၊ သိပ်တော့ မလွယ်ဘူးပေါ့လေ။ လွတ်လွတ်လပ်လပ်တွေးနိုင်ဖို့ လိုတာကိုး။
မိုးထဲရေထဲဆွမ်းခံကိုယ်တော်တွေကြွလာပြီမို့ ဆွမ်းလောင်းရဦးမယ်။ အတွေးတွေ ခဏဖြတ်၊ သဘက်ကလေးပခုံးပေါ်တင်၊ အသင့်ပြင်ထားတဲ့ဆွမ်းဗန်းကိုမပြီး အိမ်ရှေ့ထွက်၊ ကွန်ကရစ်လမ်းဟာ မိုးရေကြောင့်စိုစိုစွတ်စွတ်ဖြစ်နေပေမဲ့ ဖိနပ်မစီးဘဲ ခြေဗလာနဲ့ပဲ ဆွမ်းလောင်းလိုက်တယ်။ မြန်မာ့ယဉ်ကျေးမှုမဟုတ်လား။ မြန်မာ့ဓလေ့မဟုတ်လားလေ။
လွင်(ဘော်တွင်း)
(PEN Myanamar မှ ထုတ်ဝေသောလွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် လက်စွဲစာအုပ်ကိုကိုးကားပါသည်။ )
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar