Breaking News

အောင်သူငြိမ်း - ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး နည်းနည်းလွဲနေသလား (US Democracy Summit)

အောင်သူငြိမ်း - ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး နည်းနည်းလွဲနေသလား (US Democracy Summit)
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၁

မနေ့က ဒီဇင်ဘာ ၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကဦးဆောင်ကျင်းတဲ့ ကမ္ဘာ့ဒီမိုကရေစီအစည်းအဝေး စတင် ဖွင့်လှစ်ခဲ့ပါပြီ။ နိုင်ငံပေါင်း ၁၁၀ က နိုင်ငံ့ခေါင်းဆောင်တွေကိုဖိတ်ကြားပြီး အွန်လိုင်းကတက်ရောက်စေခဲ့ပါတယ်။ အခြားဖိတ်ကြားသင့်သူတွေဖြစ်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီမိုကရေစီကို ဘယ်လိုခုခံကာကွယ်နိုင်ကြမလဲဆိုပြီး မဟာဗျူဟာတွေ ဆွေးနွေးရေးဆွဲ ချမှတ်နိုင်ဖို့လည်း စဉ်းစားထားပါတယ်။  ဒီခေါင်းစဉ် အာဂျင်ဒါက သမ္မတဘိုင်ဒင် ရွေး ကောက်ပွဲပြီးကတည်းက အာသီသပြင်းပြနေတဲ့ကိစ္စပါပဲ။ 

သမ္မတဂျိုးဘိုင်ဒင်က အိမ်ဖြူတော် ခမ်းမစင်မြင့်က မိန့်ခွန်းပြောရာမှာ “ကျနော်တို့ ခေတ်ကာလရဲ့ ပြဌာန်းထားတဲ့ စိန်ခေါ်မှုပြဿနာကြီး” (the defining challenge of our time) လို့ ပြောခဲ့ပါတယ်။ “ဒီမိုကရေစီ၊ လူသားအားလုံးအတွက် လူ့အခွင့်အရေးများအပေါ်ကို တစိုက်မတ်မတ်နဲ့ သတိပေးခေါင်းလောင်းထိုးနေတဲ့ စိန်ခေါ်မှုကို ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်နေကြရပါတယ်။ ဒီမိုကရေစီအတွက် စွမ်းစွမ်းတမံဆောင်ရွက်သူများ (champions) တွေ လိုအပ်နေပါတယ်” လို့ ဆိုခဲ့ပါတယ်။ “အမေရိကန်ဒီမိုကရေစီနဲ့ ပတ်သက်လို့လည်း ကျနော်တို့ရဲ့ အမြင့်မားဆုံးစံနှုန်းတွေနဲ့ ဆက်လက်နေထိုင်နိုင်ဖို့ ဆက်လက်ပြီး လှုပ်ရှားတိုက်ပွဲဝင်နေကြရပါတယ်။ ကျနော်တို့အကြား ကွဲပြားမှုတွေကို အနာကျက်အောင် ကုသနေရပါတယ်။ ကျနော်တို့ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဖော်ပြထားတဲ့၊ နိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့အိုင်ဒီယာတွေအပေါ်ကို ပြန်လည်ပြီး စိတ်ပိုင်းဖြတ် သံန္နိဌာန်ချမှတ်ဖို့ လိုအပ်တယ်” လို့ ဆိုခဲ့ပါတယ်။ 

ဒါပေမယ့် ဒီမနက် ဘန်ကောက်ပို့စ်သတင်းစာမှာ ထိုင်းနိုင်ငံ ချူလာလောင်ကောင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနက ပါမောက္ခ သစ်ထိနန် ပုန်ဆုဟီရက် (Thitinan Pongsudhirak) ရေးတဲ့ဆောင်းပါး The Misguided U.S. ‘Democracy Summit’ (တလွဲတချော်ဖြစ်ရတဲ့အမေရိကန် ဒီမိုကရေစီထိပ်သီးအစည်းအဝေး) ကတော့ စိတ်ဝင်စားစရာကောင်းပြီး၊ ဝေဖန်သုံးသပ်တဲ့အမြင်ကို ဖတ်ရပါတယ်။ သူက အမေရိကန်သမ္မတရဲ့ “ဒီမိုကရေစီထိပ်သီးအစည်းအဝေး” က အငြင်းပွားဖွယ် ဖြစ်တယ်။ ရည်ရွယ်ချက်ကောင်းပေမယ့်၊ မရည်ရွယ်ထားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိနိုင်တယ်လို့ ဖော်ပြပါတယ်။ 

ပထမ အငြင်းပွားစရာတခုကတော့ ဖိတ်ကြားပုံပါ။ ဘယ်နိုင်ငံတွေကို ဒီမိုကရေစီနိုင်ငံတွေလို့သတ်မှတ်ပြီး ဖိတ်ကြားသလဲဆိုတာ မေးခွန်းရှိပါတယ်။ အခု ဆွေးနွေးပွဲအတွက် နိုင်ငံပေါင်း ၁၁၀ က ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပါတယ်။ “ဒီမိုကရက်တစ်” လို့ နာမည်တပ်ထားသော်လည်း အချို့နိုင်ငံတွေကို ချန်ခဲ့တာကတော့ လက်ခံနိုင်ဖွယ် ရှိပါသေးတယ်။ ဥပမာအားဖြင့် အင်ဂိုလာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီရတ်၊ ပါကစ္စတန်တွေကို ချန်ခဲ့ပါတယ်။ ဒါပေမယ့် အချို့နိုင်ငံတွေကတော့ ဒီမိုကရေစီရွေးကောက်ပွဲတွေတော့ ရှိနေပါတယ်။ ဖြစ်လာတဲ့လမ်းကြောင်းကတော့ ခေါင်းဆောင်တွေက လူပြိန်းကြိုက်အယူအဆ (populism) နဲ့ လက်ျာစွန်းအပြုအမူတွေ ကျင့်သုံးနေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်က ဖြည်းဖြည်းချင်း ပြန်ဆုတ်ခွာလာတဲ့ နိုင်ငံတွေပါ။ အိန္ဒိယ၊ ပိုလန်တို့လိုနိုင်ငံတွေဖြစ်ပြီး သူတို့ကိုတော့ အစည်းအဝေးမှာ ဖိတ်ကြားတက်ရောက်စေပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ၃ နိုင်ငံပဲ ဖိတ်ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့ ဖြစ်ပါတယ်။ အာဆီယံကုန်းမြေပေါ်ကနိုင်ငံတွေ တခုမှ ဖိတ်ကြားချင်း မခံရပါဘူး။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စတာတွေ ဖိတ်ကြားမခံရပါဘူး။ ဘုရင်စနစ်နဲ့ ဘရူနိုင်း၊ တပါတီစနစ်နဲ့ လာအို၊ တပါတီစနစ်နဲ့ ဗီယက်နမ်၊ တပါတီထဲက အာဏာလွှမ်းမိုးထားတဲ့ ကမ္ဘောဒီးယား၊ စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံတို့ကို ချန်ခဲ့တာ နားလည်နိုင်စရာရှိပါတယ်။ ထိုင်းလည်း ချန်ခဲ့ခံရပါတယ်။ ပါမောက္ခ သစ်ထိနန်ရေးတာကတော့ ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း စစ်အာဏာသိမ်းမှု ၂ ခါဖြစ်ခဲ့တဲ့နိုင်ငံမိုလို့ ဒီမိုကရေစီမရသေးလို့ ချန်တာထားပါတော့။ စင်ကာပူကိုပါ ဖြုတ်ချန်ထားခဲ့ပါတယ်။ People’s Action Party (PAP) တပါတီတည်း အာဏာလွှမ်းထားလို့ စင်ကာပူကို ဒီမိုကရေစီလို့ မသတ်မှတ်ဘူးဆိုပါစို့။ ဒါပေမယ့် နိုင်ငံရေးနယ်ပယ်၊ လူထုအခွင့်အရေး၊ လွတ်လပ်ခွင့်တွေ တိုးတက်လာနေခဲ့ပါတယ်။ ဖိတ်ကြားတဲ့ မလေးရှားမှာတော့ ပြောရရင် ဒီမိုကရေစီ နောက်ပြန်ဆွဲမှု၊ ဆုတ်ယုတ်မှုတွေ ဖြစ်နေခဲ့ပါတယ်။ 

ပထမအချက်အနေနဲ့ ပါမောက္ခ ဒေါက်တာ သစ်ထိနန် ဆွေးနွေးတာကတော့ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ် (democracy vs. authoritarian dichotomy) စည်းခွဲခြားရတာက ပြတ်သားမနေပါဘူး။ စည်းက ဝေဝေဝါးဝါး ရှိပါတယ်။ အဲသလို ခွဲခြားခြင်းအားဖြင့် မိတ်ဆွေတွေ မများစေဘဲ၊ ရန်သူတွေ ပိုမွေးမြူသလို ဖြစ်နိုင်ပါတယ်။ စင်ကာပူလိုကိစ္စမျိုးမှာ ဒီမိုကရေစီစံနှုန်းတွေ ဆုတ်ယုတ်နေတဲ့ ဖိလစ်ပိုင်နဲ့ယှဉ်ရင် ပိုလို့မကျေနပ်စရာတွေ ဖြစ်နိုင်ပါတယ်။  

ဒုတိယအချက်ကတော့ ရုရှားနဲ့တရုတ်ကို မဖိတ်ပါဘူး။ ဖယ်ချန်ခဲ့ပါတယ်။ ဒီအခါ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အနောက်တိုင်းဆန့်ကျင်ရေး ဝေဖန်မှုတွေနဲ့ တုံ့ပြန်ပါတယ်။ တရုတ်နိုင်ငံကတော့ ပိုစနစ်ကျပါတယ်။ ဖက်စုံနဲ့ နည်းနာတကျ သုံးသပ်မှုတွေလုပ်ပြီး အမေရိကန်ဒီမိုကရေစီရဲ့အားနည်းချက်တွေ ဖွင့်ချပါတယ်။ ဒီမိုကရေစီဟာ အနောက်တိုင်းနိုင်ငံတွေကပဲ လက်ဝါးကြီးအုပ်ထားဖို့မဟုတ်ကြောင်းနဲ့ တရုတ်နည်း တရုတ်ဟန် ဒီမိုကရေစီ China: Democracy That Works ဆိုတဲ့ စက္ကူဖြူစာတမ်းတစောင်ထုတ်ပြန်ပြီး တုံ့ပြန်လာပါတယ်။ တလောက မြန်မာနိုင်ငံ တရုတ်သံရုံးက ပို့စ်တွေတင်လာတာ မြင်ခဲ့ကြရမှာပါ။ 

တရုတ် "the state of democracy in the United States" အစီရင်ခံစာမှာ အမေရိကန် ဒီမိုကရေစီရဲ့ ဖွဲ့စည်းပုံကျကျ တည်ရှိနေတဲ့ပြဿနာတွေကို ထောက်ပြပါတယ်။ လူနည်းစု ထိပ်သီးတွေက ချယ်လှယ်ထားတာ၊ အကျယ်အပြန့်အားဖြင့် ဒီမိုကရေစီ အလုပ်မဖြစ်နေတာ (minority elite and broad dysfunctionality) ထောက်ပြပါတယ်။ အပြန်အလှန် အထိန်း အထေ လုပ်တဲ့ကိစ္စတွေမှာလည်း ဗီတိုအာဏာက လွှမ်းထားတာကို (vetocracy) လို့ ဆိုပါတယ်။ အရိုးစွဲနေတဲ့ လူမျိုးရေးခွဲခြားမှုစနစ် (entrenched racism)၊ ဓနဥစ္စာ မညီမျှမှုကိုလည်း ထောက်ပြပါတယ်။ 

ဘာပဲပြောပြော ဒီအစည်းအဝေးကနေ တန်ဖိုးထားမှု (democratic values) တွေနဲ့ အမျိုးသား အကျိုးစီးပွား (national interests) ကို ပေါင်းစည်းနိုင်မယ်လို့ ဘိုင်ဒင်က ယူဆထားပုံရပါတယ်။ သစ်ထိနန်သုံးသပ်တာကတော့ ဒီလို ဆွေးနွေးပွဲမျိုး ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ခက်မယ်ဆိုပါတယ်။ လူတွေက ဘယ်နိုင်ငံက “ဒီမိုကရေစီဖြစ်သလဲ” ဆွေးနွေးငြင်းခုန်မှုတွေ နဲ့ စွပ်စွဲတာ၊ မကျေလည် မအေးချမ်းနိုင်တာတွေ ကြုံရမယ်လို့ သုံးသပ်ပါတယ်။ 

ဒီမိုကရေစီဟာ တသမတ်တည်း (static) မဟုတ်ပါဘူး။ ဒီနေ့ ဒီမိုကရေစီနိုင်ငံတခုက နောက်တနေ့မှာ နောက်ပြန်လျှောကျတာလည်း ဖြစ်နိုင်ပါတယ်။ အရှေ့တောင်အာရှရဲ့ ဒီမိုကရေစီ အခြေအနေက ကျဆင်းနေပါတယ်။ ဒါပေမယ့် လုံးဝမျှော်လင့်ချက် ကုန်ခမ်းသွားပြီလို့ မဟုတ်ပါဘူး။ အထူးသဖြင့် လူငယ်မျိုးဆက်တွေက ၂၁ ရာစုမှာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်တွေ ခံစားရယူလိုကြတဲ့ ဆန္ဒတွေက ပြင်းပြင်းပြပြ ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ မှာ အဟောင်း အာဏာရှင်တွေ ပြန်ထကြွလာပြီး လူ့အဖွဲ့အစည်းကို ခြောက်လှန့်နေကြပါတယ်။ လာမယ့် နှစ် ၃၀ မှာတော့ မျိုးဆက်သစ်တွေက ဒီလှိုင်းကို ပြန်တွန်းလှန်နိုင်ကြမှာပါ။ ပိုလွတ်လပ် ပွင့် လင်းတဲ့၊ ပိုလို့ဒီမိုကရေစီကျတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်ကြမှာပါ… လို့ ပါမောက္ခ သစ်ထိနန်က ရေးထားပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar