မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၁
◾️ မြို့ကြီးတွေနဲ့ နယ်တွေရဲ့ ကွာဟချက်၊ စစ်ကောင်စီတရားရုံးရဲ့ စီရင်ချက်နဲ့ မိုဘိုင်းဒေတာ စျေးမြှင့်မှု
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ပြုတ်ကျအောင် အဖွဲ့အစည်းအမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းကြရာမှာ ရန်ကုန်မြို့ မန္တလေးမြို့တို့လို မြို့ကြီးတွေက မတည်မငြိမ်ဖြစ်သည့်တိုင် အသက်ရှင်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းအတွက် အတိုင်းအတာတခုအထိ လုပ်နိုင်ကိုင်နိုင်ကြသေးတာမျိုး ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ဖမ်းဆီးမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ ဗုံးပေါက်ကွဲတာတွေ၊ အလစ်အငိုက် ပစ်ခတ်လုပ်ကြံတာတွေ ရှိနေသည့်တိုင် မြို့မှာ နေထိုင်သူတွေအဖို့ နေ့စဥ် အလုပ်သွားတာ၊ ကျန်းမာရေးကိစ္စ၊ အလုပ်ရှာဖွေရေးကိစ္စ၊ လူမှုရေးကိစ္စတွေအတွက် နေ့စဥ် သွားလာလုပ်ကိုင် နေကြသူတွေအများအပြားရှိပါတယ်။ မနက်မိုးလင်းတာနဲ့ အလင်းရောင်မလာသေးခင် စျေးကားတွေ ကုန်ပစ္စည်းပို့တဲ့ကားတွေ သွားလာနေတဲ့ အသံကြားနေရတာ ဖြစ်ပါတယ်။ မိုးလင်းပြီး နံနက် ၈ နာရီလောက်ကစလို့ ကားအသွားအလာ အနည်းငယ်ကြပ်လာပြီး နံနက် ၁၀နာရီလောက်ကနေ နေ့လည် ၁၁ နာရီ ၁၂ နာရီလောက်ထိ မြို့လည်တဝိုက် စည်ကားတဲ့နေရာတွေမှာ ကားလမ်းတွေပိတ်နေ တရွေ့ရွေ့သွားနေတာတွေ ကြုံကြရတာ နေ့စဥ်လိုလို ဖြစ်ပါတယ်။ လမ်းဆုံက မီးပွိုင့်တွေ မကြာခဏ လျှပ်စစ်မီးပျက်တတ်သလို လျှပ်စစ်မီးပျက်တဲ့အခါ အရင်ကာလတွေလို ယာဥ်ထိန်းရဲတွေထွက်လာပြီး လမ်းရှင်းတာတွေ မရှိတော့ပါဘူး။ ယာဥ်ထိန်းရဲစခန်းတွေကို ကားပေါ်က မောင်းပြန်သေနတ်နဲ့ ပစ်ပြေးတာတွေ၊ ဗုံးခွဲတာတွေကြောင့် အများစုသော ယာဥ်ထိန်းရဲကင်းတွေမှာ ရဲတွေ ပုံမှန်နေတာမရှိတော့ပဲ လူမြင်ကွင်းကပျောက်နေကြတာပါ။ ရန်ကုန်မြို့ရဲ့ အများပြည်သူ ဝန်ဆောင်မှုတွေရဲ့ အချို့အစိတ်အပိုင်းတွေကို ရပ်ဆိုင်းထားလိုက်တဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။
ရန်ကုန်မြို့မှာ ဘတ်စကားလိုင်းတွေလည်း အစီးရေလျော့နည်းပေမယ့်လည်း နေ့စဥ်ပြေးဆွဲနေသလို လမ်းသွားလမ်းလာတွေလည်း ခုလပိုင်းတွေမှာ ပြန်လည်များပြားလာနေတာ တွေ့ရပါတယ်။ ဒီအခြေအနေတွေကို ကြည့်ရင် ရန်ကုန်မြို့က ပစ်ခတ်လုပ်ကြံမှုတွေ ပေါက်ကွဲမှုတွေရှိနေသည့်တိုင် သွားလာနေကြ လုပ်ကိုင်နေကြမြဲ အတိုင်းအတာတခုထိ လူတွေ အသက်ရှင် စားသောက်ဖို့ လည်ပတ်နေတယ်လို့ ဆိုရမယ့် သဘောပါ။
လက်နက်ကိုင် တိုက်ပွဲ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းခွဲမှုတွေ ဖြစ်ပွားနေတဲ့ နယ်တွေ ကျေးရွာတွေက ရန်ကုန်ထက်စာရင် အများကြီး ကံဆိုးပြီးဆုံးရှုံးထိခိုက်မှုများတာ ကို သတိပြုမိပါတယ်။
နေ့စဥ်သတင်းတွေထဲ ရွာကနေ တိမ်းရှောင်နေကြရတဲ့သူတွေ အရေအတွက် ထောင်နဲ့ချီ သောင်းနဲ့ချီနေတာ တွေ့ရပါလိမ့်မယ်။ နာရီပိုင်းတိမ်းရှောင်နေတာမျိုး ရှိသလို ရက်သီတင်းပတ်နဲ့ချီ တိမ်းရှောင်နေကြရတာလည်း ရာနှုန်းအများအပြားရှိနေတာပါ။ စစ်ကိုင်းတိုင်းမှာဆိုရင် ယင်းမာပင်၊ ကနီ၊ မုံရွာတဝိုက်၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ ချောင်းဦး၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ မင်းကင်း၊ ပုလဲ၊ ဆားလင်းကြီး စတဲ့ဒေသတွေမှာ လူပေါင်းသောင်းနဲ့ချီ လက်နက်ကိုင်တိုက်ပွဲတွေ စစ်ကောင်စီရဲ့ မြေလှန်ဖျက်ဆီးမှု ယောင်္ကျားမိန်းမ မရွေး ပစ်ခတ်သတ်ဖြတ် မီးရှို့တာ၊ နေအိမ်တွေ မီးတင်ရှို့တာ ကြုံနေကြရတာ ဖြစ်ပါတယ်။
ပိုင်ဆိုင်မှုတွေ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေး လုပ်ငန်းအရောင်းအဝယ် စတာတွေ အားလုံးနီးပါး လောလောဆယ် အခြေအနေအောက်မှာ လုပ်ကိုင်ဖို့မလွယ်ကူကြတဲ့အနေအထား အဆင်မသင့်ရင် မိမိကိုယ်တိုင်ရော မိသားစုဝင်တွေရဲ့ အသက်တွေပါ ဆုံးပါးနိုင်တဲ့ အခြေအနေမျိုးအောက်မှာ လှုပ်ရှားသွားလာနေကြရတာ သတင်းတွေကို ကြည့်ရင် အကဲခတ်နိုင်ပါတယ်။
မြို့ပေါ်က သူတွေထက် နယ်ကသူတွေရဲ့ ပေးဆပ်မှုက အဆများစွာပိုတာ ဖြစ်ပါတယ်။ ဒီလိုရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု၊ အရောင်းအဝယ် စက်မှုလက်မှု ကုန်ထုတ်လုပ်မှု ဆိုးရွားစွာကျဆင်းတာကို လေ့လာစစ်တမ်းကောက်ထားတဲ့ ကုလအစီရင်ခံစာအရဆိုရင် နောင်လာမယ့်နှစ်မှာ အငတ်ဘေးနဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်မျဥ်း တရက်ကို ၁ ဒေါ်လာအောက်ဝင်ငွေသာရှိတဲ့ လူဦးရေ သန်းနဲ့ချီ ရှိနိုင်တယ်ဆိုထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေအတွက် အသက်ဆုံးရှုံးမှုတွေသက်သာအောင် စစ်ကောင်စီကို ဘေးဖယ်ထားပြီးစဥ်းစားရင် NUG အနေနဲ့ ဘာတွေပြင်ဆင်ထားသင့်သလဲ လူထုအနေနဲ့ ဘာတွေကြိုတင်ပြင်ဆင်ထားနိုင်မလဲဆိုတဲ့ မေးခွန်းရှိမယ် ထင်ပါတယ်။ ကုလသမဂ္ဂအနေနဲ့တော့ အရေးပေါ် ရိက္ခာအကူအညီလိုမျိုးအတွက် ဒေါ်လာသန်းရာဂဏန်းချီလိုအပ်မှာဖြစ်တယ်လို့ နိုင်ငံတကာကို နှိုးဆော်ထားတာ သတင်းထဲတွေ့ရပါတယ်။ နိုင်ငံတကာ အကူအညီလည်းလိုအပ်သလို မိမိတို့ဘာသာ မိမိတို့ ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာလည်း စဥ်းစားအဖြေရှာဖို့ အရေးကြီးတယ်လို့ ထင်မြင်ပါတယ်။
ဒီနေ့သတင်းတွေထဲ အခြားလူစိတ်ဝင်စားတဲ့သတင်းတပုဒ်ကတော့ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ ပါတီရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးစီမံ ပုဒ်မ ၂ မျိုးနဲ့ ထောင်ဒဏ် ၄ နှစ် စီရင်ချက်ချလိုက်တဲ့သတင်းပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စွဲဆိုပြစ်ဒဏ်ချတဲ့ ပုဒ်မနဲ့အတူတူဖြစ်ပြီး ပြစ်ဒဏ်လည်းအတူတူပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ပြစ်ဒဏ်လျော့ပေါ့တဲ့ ကြေညာချက်လို ထုတ်ပြန်တာမရှိတာ၊ ဒေါက်တာဇော်မြင့်မောင်က အိုးဘိုအကျဥ်းထောင်မှာ ထားရှိတဲ့အခြေအနေတွေတော့ မတူကြပါဘူး။
ဒီစီရင်ချက်တွေ စစ်ဆေးမှုတွေက နိုင်ငံရေးအရဖမ်းဆီးထားဖို့ အကြောင်းရှာစီရင်ချမှတ်တယ်လို့ပဲ ယူဆသင့်ပြီး ပြစ်ဒဏ် ၄ နှစ်ချသည်ဖြစ်စေ ဝန်ကြီးချုပ်ဟောင်း နန်းခင်ထွေးမြင့်လို ၇၅ နှစ်ချသည်ဖြစ်စေ ဘာမှအနှစ် သာရအားဖြင့် မထူးဘူးလို့ပဲ ယူဆသင့်ပါတယ်။
ဒီလိုတရားစီရင်မှုတွေက နိုင်ငံရေးအာဏာရဲ့ အသုံးချခံရတာဖြစ်ပြီး စစ်အာဏာသိမ်းကာလမဟုတ်ပဲ ရွေးကောက်ပွဲနဲ့ အုပ်ချုပ်တယ်ဆိုတဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာမှာတောင်မှ တရားစီရင်ရေးက လွတ်လပ်မှုမရှိခဲ့တာမို့ အခုစီရင်ချက်တွေကို ဘာမှအလေးအနက်မထားဖို့ တရားရုံးထုတ်တာတွေ အမှုသွားအမှုလာတွေ တရားဥပဒေအတိုင်း ဖြစ်ဖို့လည်း မျှော်လင့်စရာမရှိတာ သေချာတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်ဆုံး သတင်းအကြောင်းအရာ တခုက မိုဘိုင်းဒေတာလို့ခေါ်တဲ့ မိုဘိုင်းအော်ပရေတာတွေရဲ့ အင်တာနက်ဝန်ဆောင်ခတွေကို စျေးနှုန်းတက်ဖို့ စစ်ကောင်စီရဲ့ ဝန်ကြီးဌာနက မကြာခင်က ညွှန်ကြားထားပြီး ဒီနေ့နေ့စွဲနဲ့ စပြီးမြင့်တက်သွားပြီဖြစ်ပါတယ်၊ ယေဘုယျအားဖြင့် ၂ ဆနီးပါးမြင့်တက်သွားတာဖြစ်ပါတယ်။ ရုံးသုံး အိမ်မှာ အထိုင်သုံးတဲ့ ဖိုင်အာအင်တာနက် နှုန်းထားတွေတော့ မြင့်တက်မလား ဒီအတိုင်းပဲ ဆက်သွားမလား မရှင်းလင်းသေးပါဘူး။
ရည်ရွယ်ချက်က သာမန်လူထု ဝင်ငွေနည်းတဲ့ ရုံးလုပ်ငန်း ကုမ္ပဏီဝန်ထမ်း အဖွဲ့အစည်းဝန်ထမ်းတွေမဟုတ်တဲ့ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးသူတွေ အထူးသဖြင့် နယ်မြို့နဲ့ ကျေးလက်တွေက သုံးစွဲသူတွေကို အင်တာနက် သုံးစွဲမှုလျော့သွားအောင် လို့ ယူဆရပါတယ်။ စီးပွားရေးရှုထောင့် ပညာရေး လူမှုရေးရှုထောင့်ကကြည့်ရင် အင်တာနက်ဟာ ကုန်ကျစရိတ်သက်သာဆုံး ဆက်သွယ်ရေးနည်းလမ်း၊ ပုံစံအမျိုးမျိုး ပလက်ဖောင်းအမျိုးမျိုးပေါ်က သတင်းအချက်အလက်ရယူနိုင်တဲ့ နည်းလမ်း၊ ဖြေဖျော်ရေးလည်း ဖြစ်တဲ့ ဆက်သွယ်ရေးနည်းလမ်း ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ အာဏာသိမ်းပြီးနောက် ပစ်ခတ်မှု ဆန္ဒပြမှု ဖြိုခွဲမှု သတ်ဖြတ်မှု ရပ်ရွာတွေ မီးရှို့တာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နိုင်တဲ့ လက်ကိုင်ဖုန်းနဲ့ အများသိအောင် ဖြန့်နိုင်တဲ့ အင်တာနက်ကို ကန့်သတ်ဖြတ်တောက်ချင်တာကြောင့်အခုလို အောက်ခြေလူထု အများဆုံးသုံးတဲ့ မိုဘိုင်းအင်တာနက်ကို စျေးမြှင့်တင်ဖို့ ညွှန်ကြားပြီး ဆင်ဆာလုပ်တာလို့ ယူဆရပါတယ်။
ဆိုရှယ်မီဒီယာပလက်ဖောင်းဟာ သတင်းမှားတွေ သတင်းတုတွေ ဝါဒဖြန့်ချိမှုတိုက်ပွဲတွေ အဝါရောင်သတင်းပညာလို့ခေါ်တဲ့ ပရိသတ်ကို ဆွဲဆောင်လှုံ့ဆော်တာမျိုးတွေလည်း ရှိနေတာမှန်ပေမယ့် ဆင်ဆာလုပ်တဲ့နည်းနဲ့ ပိတ်ပင်တာကတော့ အနာဂတ်တွက် ကောင်းတဲ့ရလဒ်ထွက်မှာမဟုတ်တာ သေချာတယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar