Breaking News

ငြိမ်းချမ်း - ဆန်မရှိတဲ့ မီးဖိုချောင်

ငြိမ်းချမ်း - ဆန်မရှိတဲ့ မီးဖိုချောင်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၁

ယောင်္ကျားက ဆိုက်ကားနင်း၊ မိန်းမက ထမင်းချက်၊ ခလေးတွေက ကစား၊ ပျော်နေကြတဲ့ မြင်ကွင်းတွေကို မြင်မိသေးတယ်။  ဒါပေမဲ့ မြန်မာနိုင်ငံထဲကို ပြန့်ပွားလာတဲ့ ကိုဗစ်ရောဂါပိုးကျရောက်ချိန် ၂၀၂၀ ခုနှစ်ထဲမှာ အလုပ်မလုပ်နိုင်နဲ့သူတွေကို နိုင်ငံတော်က ထောက်ပံ့ကြေးတွေ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့နေတာဟာ အစိုးရက ပြည်သူလိုအပ်တာတွေ ကူညီနေတာ အင်တိုက်အားတိုက်ပါဘဲ။ 

၂၀၂၀ ခုနှစ် ကိုဗစ်ပိုးပထမလှိုင်းနဲ့ ဒုတတိယလှိုင်းမှာ နိုင်ငံတော်အစိုးရက ထောက်ပံ့ခဲ့တာတွေကို ထောက်ပံ့ခံခဲ့ရတဲ့ ပြည်သူတွေက စားဝတ်နေရေးအခက်အခဲရှိနေတဲ့ကြားက ကူညီခံခဲ့ရတာကြောင့် ပိတိမျက်နှာ ပျော်ရွှင်နေတဲ့မြင်ကွင်းတွေဟာ ဝမ်းနည်းစရာထဲက ဝမ်းသာာစရာတွေပါဘဲ။ ဒီလိုကူညီနေတဲ့အထဲမှာ အလှူရှင်တွေလည်း ပါပါတယ်။

မုန်းတိုင်းတို့ ရေဘေးတို့ဖြစ်ချိန်မှ အစိုးရနဲ့အလှူရှင်တွေက ပြည်သူတွေကို စေတနာရှင်တွေက အရေးပေါ်လိုအပ်နေတဲ့ ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ ခေါက်ဆွဲခြောက်တွေ ကူညီထောက်ပံ့တော့ ရကြတဲ့ ပြည်သူတွေလိုပေါ့။ 

(ကျွန်တော်မှာ မိန်းမကလည်း ကိုယ်ဝန်ဆောင်ထားရတယ်။ မိသားစုကလည်း ၇ ယောက်၊ ကျွန်တော်ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်ပြီး ဆိုက် ကားနင်းကျွေးနေရတော့၊ စားဝတ်နေရေးအတွက် အသက်ရှုကြပ်နေရတာပေါ့။ ဒါပေမဲ့ ဟိုကထောက်ပံ့ ဒီကထောက်ပံ့ဆိုတော့ ခုသာ ခံသာရှိတာပေါ့။ ဒါပေမဲ့ အခုတော့ ဘယ်သူကမှ လာမထောက်ပံ့တဲ့အပြင် ဘယ်အချိန် ဘယ်လိုပုဒ်မမျိုးနဲ့ လာဖမ်းမလဲ၊  စိုးရိမ်နေရတယ်) လို့ ဧရာဝတီတိုင်း မအူပင်မြို့က အနှေးယာဉ်ဆရာတယောက်က ပြောပြပါတယ်။

ခေတ်ဆိုတာ မြစ်နဲ့တူတယ်လို့ ဆရာတယောက်ကပြောပြဖူးလို့ မှတ်သားဖူးပေမဲ့ အခုခေတ်ကတော့ ရေမြောင်းလိုဖြစ်သွားပြီလို့တောင် ပြောရမလားလို့ လက်တွေ့နဲ့အတိတ်ကို နှိုင်းယှဉ်မီတယ်။ 

ဘာကြောင့်လည်းဆိုရင် အတိတ်နဲ့အနာဂဏ်က ဖြတ်သန်းကျော်ဖြတ်ခဲ့ရလို့ မြင်ခဲ့ရပေမဲ့ ပစ္စပ္ပုန်ကို လှမ်းမျှော်ကြည့်လိုက်ရင် လမ်းခရီးက ခပ်ရေးရေးလေး မြင်နေရသလိုပါဘဲ။ အဲ့ဒီပစ္စပ္ပုန်ကိုမြင်ရတဲ့ ခရီးလမ်း ခပ်ခပ်ရေးရေးလေးမြင်ကွင်းဟာ လက်ရှိတွေ့နေကြရတဲ့ စားဝတ်နေရေးပါပါဘဲလို့ အဖြေထုတ်ရမလိုပါဘဲ။

အခုခေတ် အခုကာလ အခုစနစ်ရဲ့နောက်ဆက်တွဲကိုပြေးကြည့်ရင် သဌေးကြီးတွေ၊ လခစားတွေ၊ ပင်စင်စားတွေလောက်သာ အသင်ပြေနေကြသလို ကျန်ပြည်သူတွေကတော့ အဆင်မပြေတာကို တွေ့ရပါလိမ်မယ်။ 

ကျွန်တော်တို့ အသက်ငယ်ငယ်တုန်းက လူကြီးသူမတွေ ပြောတာကြာဖူးတယ်။ ဘာတဲ့ ကုန်းကောက်စရာမရှိအောင် ရှားတယ်တဲ့။ အခုဖြစ်နေတာက အဲ့ဒီခေတ်ကြီးများဖြစ်နေပြီးလားလို့ ကြောက်မိတယ်လို့ ဧရာဝတီတိုင်း ပန်းတနော်မြို့က ရပ်မိရပ်ဖတယောက်က ပြောပြပါတယ်။

တကယ်တမ်းပြောကြစတမ်းဆိုရင်တော့ အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံ နှစ်ဘက်စလုံးညီမျှနေရင် သာယာဝပြောနေကြစမြဲပါ။ အခုတွေ့နေရတာက အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေ ညီမျှနေရဲ့သားနဲ့ လူငယ်စကားပြောရရင် ကြားကားဆွဲခံသွားရတာပါဘဲ။

ကြားကားဆိုလို့ ဆက်ရှင်းပြပေးပါ့မယ်။ ကားလမ်းပေါ်မှာ ကားရောင်စုံတွေမောင်နှင်သွားလာနေချိန် အစိမ်းရောင်ကားကြီးတစီးက ဖြတ်မောင်းသွားတဲ့နောက် အဝါရောင်ကားတွေ နံပါတ်ပြားမပါတဲ့ ကားတွေကလွဲပြီး ကျန်တဲ့ကားတွေက လမ်းဘေးရောက်သွားသလိုပါဘဲ။  

ကျမယောက်င်္ကျားက ရန်ကုန်မှာ တက္ကစီကားမောင်းတယ်။ အဲ့ဒီတုန်းကတော့ စားဝတ်နေရေးကအဆင်ပြေတယ်လေ။ ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြတာတွေဖြစ်တော့ ကားမမောင်းရဲတော့လို့ ရွာကို ပြန်လာရတယ်။ အခုဆို ကျမကိုယ်တိုင် နေ့စားအလုပ်လုပ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေရတယ်။ ဒါပေမဲ့ အရင်ကလိုအဆင်မပါဘူးလို့ မြန်အောင်မြို့နယ်ထဲက အိမ်ထောင်ရှင်မတယောက် ရင်ဖွင့်ပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ရန်ကုန်ကနေပြန်လာခဲ့ရတဲ့ တက္ကစီဆရာကတော့ ... ဟိုဘက်ကပစ် ဒီဘက်ကပစ်နဲ့ ဆိုတော့ ကားမထွက်ရဲဘူးလေ။ အဲ့ဒီတော့ ပိုင်ရှင်ကို နေ့တွက်ခမပေးနိုင်တော့ ရွာကိုဘဲပြန်လာတာ။ အခုတော့ ကျဘမ်းဘဲ  လုပ်စားနေရတယ်။

နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အစိုးရဟာ ညီမျှနေမှ ဖွံ့ဖြိုးတိုးတာပါ။ ဒါပေမဲ့ ဥပဒေနဲ့မညီတဲ့ အစိုးရ ဆိုရင်တော့ ခံစားပေးဆပ်ကြရတာက အောက်ခြေလူတန်းစား တနည်းအားဖြင့်ပြောရရင် ပြည်သူတွေပါဘဲ။

အစိုးရဆိုတာ ပြည်သူကတင်မြှောက်ထားတာ အဓ္ဓမသိမ်းထားတဲ့ အစိုးရမဟုတ်တဲ့ ဂုဏ်သရေရှိလူကြီးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာပြီး နိုင်တော်တာဝန်တွေ ထမ်းဆောင်ရတာမဟုတ်လား။ 

၂၀၂၁ ခုနှစ် မင်းအောင်လှိုင်တို့ စတင်အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာတော့ ဥပဒေဆိုတာ အမှိုက်တောင်းထဲရောက်သွားပြီး (ရေဗူးပေါက်တာမလိုချင်ဘူး။ ရေပါတာဘဲလိုချင်တယ်) တမိန့်၊ တသွေး၊ တသံဆိုတဲ့မူကို သုံးလာတာဟာ မင်းအောင်လှိုင်က နေဝင်းမူဘဲလား၊ သန်းရွှေမူဘဲလားဆိုတာတော့ စဉ်းစားစရာပါဘဲ။

ဒါပေမဲ့ ပြည်သူတွေထဲကပြောနေကြတဲ့အသံတွေ ကြားနေရတာကတော့ (အခုတက်နေတဲ့လူကြီးက ဘယ်သူသေသေ ငတေမာရင်ပြီးရော) ဆိုတဲ့ စကားသံတွေပါဘဲ။

စစ်အာဏာစသိမ်းတုန်းက ပြောတာက ၁ နှစ်တဲ့။ တနှစ်ပြည်တော့ ပြောပြန်တော့ နှစ်နှစ်တဲ့ကွာ၊ ဒီလူကြီးတွေက ငါတို့နိုင်ငံမှာ ဘယ်လောက်ထိဒုကပေးကြအုံးမလည်း မသိပါဘူးကွာလို့ ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေက အမည်မဖေါ်လိုတဲ့လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ 

သူဆက်ပြောပြတာက ကျွန်တော်တို့ကလည်း ကိုယ့်အလုပ်သမားတွေ ဖြုတ်ချင်လို့ ဖြုတ်တာတော့ မဟုတ်ဘူး။ ကိုဗစ်ရောဂါက ဝင်၊ ကိုစစ်တွေကလည်း ဝင်လာတော့ လုပ်ငန်းတွေပိတ်လိုက်ရတာကြောင့် မဖြစ်ချင်တဲ့ အခြေအနေကို ရောက်သွားတာပါဘဲ။

ကြံ့ဖွံ့ပါတီအာဏာ ရနေချိန်၊ ဒီချုပ်ပါတီ အာဏာရနေချိန်မှာတော့ ပြည်သူတွေ အသက်ရှုချောင်ခဲ့ကြရပေမဲ့ သေနတ်ကိုင်တဲ့သူတွေ အာဏာသိမ်းချိန်မှာတော့ ပြည်သူတွေရဲ့ သမုဒ္ဒရာ ဝမ်းတထွာအရေးက မလွယ်ကူတဲ့ အခြေအနေကို ရောက်သွားရပါတော့တယ်။ 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်နေ ကားမောင်းနေသူ အမျိုးတယောက်ရဲ့ ဇနီးတယောက်က ပြောပြတာကတော့ (ကျမယောင်္ကျားက ကားမောင်းတယ်။ ဘာအကြောင်းတွေမှန်းမသိဘဲ ကားလိုင်းတွေပိတ်တာ ၂ လ လောက်ရှိနေပြီ။ အရင်ကတော့ စားနိုင်သောက်နိုင်ဘဝပါဘဲ။ ဒါပေမဲ့ ကျမယောင်္ကျား ကားလည်းမမောင်းရရော ဆန်အိုးထဲမှာ ဆန်တောင်မရှိတော့တဲ့ဘဝမျိုးပေါ့ရှင်။)

အရင်းခေတ်က နောက်တော်ကြီးတွေပြောခဲ့တာ ကြားဖူး မှတ်ဖူး ဖတ်ဖူးတယ်။ ဘာတဲ့ ဒီမူ၊ ဒီလူ၊ ဒီအယူတွေနဲ့ တိုင်းပြည်ကြီးပျက်ရပြီလို့ ဦးနေဝင်းလက်ထက်က ပြောခဲ့ဖူးတယ်။ အခုတော့ ဥပဒေက ပျက်၊ အာဏာရှင်တွေက နှိပ်စက်တာကြောင့် ပြည်သူတွေမှာ ဆန်အိုးထဲမှာ ဆန်တောင်ရှာမတွေ့ကြတော့တဲ့ မီးဖိုးချောင်လေးတွေကို ကယ်တင်ကြကြဖို့ လက်တို့လိုက်ချင်တာက ငတ်ပြီး သေကြမလား တိုက်ပြီး သေကြမလားလို့ လက်တို့လိုက်ချင်ပါရဲ့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar