Breaking News

မသီတာ (စမ်းချောင်း) - တော်လှန်ရေး မညှိုးမနွမ်း အောင်ရမည်

မသီတာ (စမ်းချောင်း) - တော်လှန်ရေး မညှိုးမနွမ်း အောင်ရမည် 
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၁

လက်နက်ကိုင်တော်လှန်ရေးအပေါ် လူထုရဲ့ ကိုးစားယုံကြည်မှု တိုးပွါးလာတာနဲ့အမျှ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာလည်း ပြောင်းလဲလို့လာနေပါတယ်။ အဲဒီအပြောင်းအလဲကတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ တော်လှန်ရေးအတွင်း မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အား အသုံးပြုခြင်းဆိုတဲ့ အကြောင်း အရာနှစ်ခုကို သေချာကွဲပြားခြားနားစွာ နားလည်သဘောပေါက်ကျင့်သုံးနိုင်မှုအပေါ်မှာ မူတည်နေပါတယ်။

နွေဦးတော်လှန်ရေးဟာ အကြမ်းမဖက် ငြိမ်းချမ်းစွာ ခုခံတဲ့တော်လှန်ရေးအဖြစ် သန္ဓေတည်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ တရားလွန်ဖိနှိပ်ညှင်းပန်းသတ်ဖြတ်မှုတွေဟာ လူထုကို အခြေအနေတစ်ခုဆီ တွန်းပို့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တော်လှန်ရေးအတွင်း မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးပြုပြီး ခုခံစစ်ကို ဆင်နွှဲမှ ဖြစ်တော့မယ်ဆိုတဲ့ အသိဟာ လူငယ်၊ လူကြီးအားလုံးဆီကို ရောက်လာခဲ့ပါတယ်။ တသက်လုံးက အကြမ်းမဖက်တော်လှန်ရေးနဲ့သာ အသားကျခဲ့သူတွေကပါ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် လက်နက်ကိုင်မှ ရတော့မယ်ဆိုတဲ့အသိမျိုး ဖြစ်သွားလောက်အောင် စစ်ကောင်စီက ရမ်းကားသတ်ဖြတ်အနိုင်ကျင့်ခဲ့တာပါ။

ဒီလိုနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စိုက်လိုက်မတ်တတ်လုပ်ခဲ့သူတွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးပါလာခဲ့ပါတယ်။ တော်လှန်ရေးအတွင်း မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးချနိုင်ဖို့အတွက် လိုအပ်ချက်ဟာ လက်နက်သာမက တိုက်ရေးခိုက်ရေးပညာလည်းဖြစ်တာကြောင့် လက်နက်ကိုင်တပ်များဟာ နွေဦးတော်လှန်ရေးရဲ့ ဦးဆောင်နေရာကိုရောက်လာသလို ဖြစ်လာပါတယ်။ နွေဦးတော်လှန်ရေးအနေနဲ့ ခေတ်အဆက်ဆက်က ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးအခြေခံ စိတ်သဘောထား ကွဲလွဲမှုတွေကို တော်လှန်ပြီး ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုတဲ့ စံသဘောထားအခြေခံ စည်းလုံးရေးကို ဦးတည်ခဲ့ပါတယ်။ 

လက်နက်ကိုင်တပ်အများစုဟာ လူမျိုးရေးအခြေခံ ဖွဲ့စည်းထားခဲ့တာမို့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် လက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ လူငယ်ထုဟာ လူမျိုးရေးအခြေခံ လက်နက်ကိုင်အစုအဖွဲ့တွေရဲ့ စစ်ရေးဦးဆောင်မှုအောက်ကို  ခိုလှုံခဲ့ကြရပါတယ်။ ပြည်ထောင်စုတပ်မတော်သဘော လက်နက်ကိုင်တပ်ပေါင်းစုဆိုတာကို ပြောဆိုခဲ့ကြပေမဲ့ လက်တွေ့မှာ နိုင်ငံရေးအရ အခြေခံစံသဘောတရားဆိုင်ရာ ငြင်းခုန်မှုတွေသာ အဆက်မပြတ် ပေါ်ထွက်လာခဲ့ပြီး ခုခံတပ်နဲ့ လက်နက်ကိုင်အစုအဖွဲ့ရယ်လို့ မကွဲပြားတဲ့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲသူများလို့ သိမ်းကြုံးသတ်မှတ်ကြရတဲ့ အစုအဖွဲ့ပေါင်း သုံး-လေးရာလောက် ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီမှာတင် စစ်ရေးပစ်မှတ်ဆိုင်ရာ သတိပေးဝေဖန်ချက်တွေကို ခုတလော ဖတ်လာရပါတော့တယ်။ ဒလန် ရှင်းလင်းရေးမှာ တိကျတဲ့မူဘောင် ရှိစေဖို့၊ စိတ်နာကျည်းမှုနဲ့ စီရင်ချက်ချသလို သဘောဆောင်တဲ့ ရှင်းလင်းမှုတွေ မလုပ်ဖို့ဆိုတာမျိုးတွေ ပြောလာ၊ရေးလာကြပါတယ်။ ဒီလိုရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်လို့ ငြိမ်းချမ်းစွာခုခံတဲ့တော်လှန်ရေးကိုပဲ ဆက်လက်လုပ်ဆောင်ကြဖို့ ပြောခဲ့ကြဖူးပါတယ်။ အခြေအနေအရ ဒီလမ်းကို ရွေးလိုက်ရတဲ့အခါမှာလည်း မူဘောင်တွေ အခိုင်အမာ ချမှတ်တဲ့အပြင် တော်လှန်ရေးထဲ ပါဝင်သူအားလုံးကပါ အဲဒီမူဘောင်တွေကို သဘောပေါက်လက်ခံရအောင် ချပြထားရမှာလည်း ဖြစ်ပါတယ်။ ခက်တာက စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် လူတိုင်းက သတင်းအချက်အလက်တွေတိုင်းကို လက်လှမ်းမမီ ဖြစ်နေကြရတာပါပဲ။

နိုင်ငံရေးအရ ပန်းတိုင်တူပေမဲ့ လမ်းခရီးမှာ အသုံးပြုတဲ့နည်းလမ်း ကွဲပြားတာဟာ ပြဿနာ မဟုတ်ပါဘူး။ ပြဿနာကတော့ အဲဒီလို တိကျရှင်းလင်းတဲ့အနေအထား မရှိမှုပေါ်မှာ အခြေခံပြီး တော်လှန်ရေးလုပ်ထုံးလုပ်နည်းနဲ့ အယူအဆသဘောတရားပိုင်းတွေမှာ မလိုလားအပ်တဲ့ ဝေဝါးမှုတွေ၊ ငြင်းခုန်ရန်ဖြစ်မှုတွေက တိုးတိုးလာတာပါပဲ။ ခုလို လူတိုင်းက သတင်းအချက်အလက်တိုင်းကို လက်လှမ်းမမှီ ဖြစ်နေချိန်မှာ ကိုယ်စားပြုမှုတို့ တရားဝင်ဖြစ်မှုတို့ တန်းတူဖြစ်မှုတို့နဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြတာကို မြင်တွေ့ရတော့ အတော်လေး စိတ်ပူပန်မိပါတယ်။ 

နွေဦးတော်လှန်ရေးရဲ့ အခြေခံမူဘောင်ကို တော်လှန်ရေးထဲ ပါနေသူတွေအပြင် ထောက်ခံအားပေးသူတွေရော ကန့်ကွက်ဆန့်ကျင်သူတွေကပါ တိကျရှင်းလင်းစွာ နားလည်နေကြရဲ့လားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာနေတယ်လို့ မြင်မိပါတယ်။ နိုင်ငံရေးဦးဆောင်ကဏ္ဍအနေနဲ့ စုဖွဲ့ထားတဲ့ အစုအဖွဲ့တွေဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာရ်ပီအိပ်ချ်)၊ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ)၊  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (အန်ယူစီစီ) တွေထဲမှာ စီအာရ်ပီအိပ်ချ်ဟာ လူထုရဲ့ ရွေးကောက်တင်မြှောက်မှုကို တရားဝင်ရထားသူတွေနဲ့ ဖွဲ့ထားတာဖြစ်ပါတယ်။ နိုင်ငံရေးအဖွဲ့သက်သက်ပါပဲ။ အန်ယူဂျီကတော့ ရွေးကောက်ခံတွေအပြင် မဟာမိတ်အဖွဲ့တွေရဲ့ အမည်စာရင်း တင်သွင်းခံရသူတွေနဲ့ စုပေါင်းဖွဲ့ထားတာပါ။ အန်ယူစီစီကတော့ အဲဒီအဖွဲ့တွေကိုယ်တိုင်က စုပေါင်းပါဝင်ထားတာမျိုးပေါ့။ ဒီတော့ ဒီအထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်နေပါတယ်။ နိုင်ငံရေးနဲ့စစ်ရေးအရော ခေါင်းဆောင်မှုအသွင်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ဒီနေ့ နွေဦးတော်လှန်ရေးဘက်အခြမ်းက အကြပ်အတည်းက အဲဒီသုံးဖွဲ့ကြားက ပါဝါချိန်ခွင်ညှာဆိုင်ရာ အငြင်းအခုန်လို့ ဆိုရပါမယ်။

နွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်မှုအပိုင်းမှာ နိုင်ငံရေး-စစ်ရေးအရော ဖြစ်လာတဲ့အချိန်ကစပြီး တိကျရှင်းလင်းတဲ့ နိုင်ငံရေးအရွေ့နဲ့ သက်ဆိုင်တဲ့ သဘောတရားရေးရာ အကြပ်အတည်းတွေ ပေါ်ထွက်လာတယ်လို့ ဆိုရမှာပါ။ လက်နက်ကိုင်တိုက်စစ်အသွင်လား၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အသွင်လားဆိုတဲ့ မကွဲပြားမှုဟာ အောက်ခြေမှာပါ ဝေဝါးစရာ လှုပ်ရှားမှုတွေကို မွေးဖွားပါတယ်။ ဒီလိုပဲ ဦးဆောင်မှုအပိုင်းမှာလည်း လက်နက်ကိုင်တပ်တွေအပေါ် လူထုရဲ့ ကိုးစားမှုဟာ အဲဒီအစုအဖွဲ့တွေကို တန်းတူတရားဝင်ဖြစ်မှု ပေးအပ်နိုင်သလား၊ နိုင်ငံရေးအရ လူထုရဲ့မဲဆန္ဒကို ရထားတဲ့ တရားဝင်ရွေးကောက်ခံတွေအနေနဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းရန်ကြံစည်မှုအလိုအရ ရွေးကောက်ပွဲပျက်ပြယ်ပြီးဖြစ်လို့ တရားဝင်မှု မကျန်တော့ဘူးလား၊ ဒီလို အငြင်းအခုန်တွေ ပေါ်လာစေပါတယ်။

ဒီနေရာမှာ အားလုံးက ငြင်းလို့ မရနိုင်တဲ့အရာကတော့ ဘယ်သူတွေက ဘယ်လောက် တရားဝင်နေပါတယ်၊ တန်းတူဖြစ်ပါတယ်ပြောပြော အများပြည်သူလူထုရဲ့ ရွေးကောက်ပွဲမဲရလဒ်ပေါ် အခြေခံတဲ့ အဆုံးအဖြတ်ကိုသာ တရားဝင်အဖြစ် အသိအမှတ် ပြုပေးနိုင်မယ်ဆိုတဲ့ နိုင်ငံတကာရဲ့လုပ်ထုံးလုပ်နည်းသာ ဖြစ်ပါတယ်။ (အီးယူက ထုတ်ပြန်တာကို သရုပ်ခွဲကြည့်ကြည့် အာဆီယံနိုင်ငံတချို့က ပြောတာကိုပဲကြည့်ကြည့် အန်ယူဂျီကို ထောက်ခံ (မပစ်ပယ်) ပေမဲ့ တရားဝင်အသိအမှတ်ပြုပေးနိုင်တာက ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်ရမယ့် အစိုးရဆိုတဲ့သဘော ဖြစ်နေတာ အထင်အရှားပါပဲ) ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ကြိုးစားတဲ့အတွက် ရွေးကောက်ခံတယောက်တလေပါ ပါဝင်ဖွဲ့ထားပြီး တိုင်းရင်းသားနာမည်တွေ စုံလင်အောင် ပါနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ် မပြုတာလည်း အထင်အရှားပါ။ ဒါကို အာဏာသိမ်းရန် ကြံစည်လိုက်လို့ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ တွက်လို့ မဖြစ်ပါဘူး။ 

ရွေးကောက်ခံတွေ နေသာသလိုနေနေကြ၊ ဘဝပျက်ကြ၊ အဖမ်းခံရကြ၊ သေကြ၊ တောခိုကြ၊ လွတ်မြောက်နယ်မြေရောက်ကုန်ကြဆိုတာကို ရွေးကောက်ပွဲ ပျက်ပြယ်သွားပြီလို့ မကောက်ယူဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဆိုတာ ရွေးကောက်ခံတွေ အနိုင်ရတဲ့ပွဲ မဟုတ်ဘဲ မဲဆန္ဒရှင်လူထုရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသိအမှတ်ပြုတဲ့ ဒီမိုကရေစီလမ်းစဉ် ဖြစ်လို့ပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီတစ်ခုတည်းက အများစု အနိုင်ရခဲ့ပြီး အဲဒီပါတီထဲက ရွေးကောက်ခံအများစုဟာ တော်လှန်ရေးမှာ အဆင်မပြေ ဖြစ်နေတဲ့အတွက်ကြောင့် တစ်ပါတီ အာဏာပိုင်စိုးတဲ့စနစ် ဖြစ်သွားပြီလို့ ထင်မြင်ပြောဆိုနေကြတာလည်း မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ နဂိုကတည်းက အများစုဟာ ဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝနဲ့ စနစ်ထဲက လူတွေရဲ့ အားသာ/အားနည်းချက်တွေကို ကွဲပြားအောင် မမြင်နိုင်ကြတာမို့ အဲဒီလို အပြောအဆို အရေးအသားတွေဟာ နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အထောက်အကူ မပြုနိုင်ပါဘူး။ 

ရွေးကောက်ပွဲမှာ တစ်ပါတီတည်း မဲအပြတ်အသတ် အနိုင်ရတာဟာ လူထုက ညံ့လို့၊ မရွေးတတ်လို့ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကြောင့်လို့ ထောက်ပြနေကြရုံနဲ့ လက်ရှိရွေးကောက်ပွဲစနစ်ရဲ့ အားနည်းချက်ကို လူထုက သဘောမပေါက်နိုင်ပါဘူး။ အမြဲအပြတ်အသတ် အနိုင်ရတဲ့ ပါတီကြီးပျက်သွားရင်၊ မရှိတော့ရင် ပိုပြီးလူစုံတက်စုံရှိတဲ့အစိုးရမျိုး ရလာနိုင်တယ်လို့ တွေးပြတာကလည်း စစ်ကောင်စီလုပ်နည်းကား ဆန်လွန်းလှပါတယ်။ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ဖို့ လိုတယ်ဆိုတဲ့အကြောင်း မဲဆန္ဒရှင်တွေကိုယ်တိုင် သဘောပေါက်အောင် ရှင်းပြစည်းရုံးတာကို ပိုအားထုတ်မယ်ဆိုရင်တော့ လူထုဟာ သူတို့ကိုယ်တိုင်ရဲ့ (လက်နက်မပါတဲ့) အစွမ်းအစနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို တတ်နိုင်သေးတယ်ဆိုတဲ့ ယုံကြည်ချက် ရလာနိုင်ပါမယ်။ (လက်နက်ကိုင်တော်လှန်ရေးကသာ အဖြေလို့ ယုံကြည်လာကြချိန်မှာ လက်နက်မကိုင်နိုင်သူတွေ အများကြီး ရှိနေသေးတာမို့ လက်နက်မပါတဲ့ တော်လှန်ရေးဆိုတာ မျှော်လင့်ချက်မမဲ့ကြောင်း လူထုကို အသိပေး အားပေးနေဖို့ အရေးကြီးပါတယ်) အဲလိုမှမဟုတ်ရင် စစ်ကောင်စီက ငါတို့ ပေးထားတဲ့မဲတွေကို ပစ်ပယ်သလို နိုင်ငံရေးဦးသျှောင်ဆိုသူတွေကလည်း ငါတို့ရဲ့ဆန္ဒသဘောထားကို လျစ်လျူရှုဖို့ ကြိုးစားလာနေပြီ၊ ဒါဆို ဒီမိုကရေစီမှာ ပြည်သူ့အတွက် ပြည်သူက ပြည်သူအားဖြင့်ဆိုတာ ဘာမှ မဟုတ်တော့ဘူး၊ နိုင်ငံရေးအီလစ်လို့ဆိုရမယ့် တိုက်နိုင်ခိုက်နိုင်၊ အော်နိုင်ငြင်းနိုင်သူတွေရဲ့အကြိုက်ပဲ ငါတို့က လိုက်လုပ်နေရဦးမှာပါလားလို့ ခံစားသွားရနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရေး/စစ်ရေးအရ ဦးဆောင်နိုင်သူလို့ ကိုယ့်ကိုယ်ကိုယ် သဘောပိုက်သူတွေဟာ ဒါလေးကိုတော့ သတိပြုကြစေချင်ပါတယ်။ လူထုကို မျက်နှာမူပြီးပဲ နိုင်ငံရေးအငြင်းအခုန်တွေကို လုပ်ကြစေချင်ပါတယ်။ လူထုကို ခုတုံးလုပ်ပြီး တော်လှန်ရေးကို ဦးဆောင်လို့ မဖြစ်နိုင်ပါဘူး။

တော်လှန်ရေးကို အသွင်ပြောင်း တဆစ်ချိုးအောင် စစ်ကောင်စီက တွန်းပို့ခဲ့တယ်ဆိုပေမဲ့ နွေဦးကို အရောင်မပြောင်း အတောင်မညောင်းဘဲ ပန်းဝင်ခွပ်လက်မှန်အောင်နဲ့ သက်လုံမလျော့ ပန်းဝင်ကြော့အောင်ကတော့ တော်လှန်ရေးထဲက အစုအဖွဲ့တိုင်းနဲ့ လူတိုင်းရဲ့ နိုင်ငံရေးအမြော်အမြင်၊ အဆင်အခြင်တွေကသာ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

တော်လှန်ရေး မညှိုးမနွမ်း အောင်ရမည်။

သူ့ဖေ့ဘုတ်ခ်မှ ကူးယူသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar