Breaking News

မောင်မောင်စိုး - ရှမ်းမှတ်စု (၃)

မောင်မောင်စိုး - ရှမ်းမှတ်စု (၃)
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၁

◾️ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ပဋိပက္ခများ 
၂၀၂၁ ဇွန်လခန့်မှစ၍ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုဖြစ်သည့် ပဋိပက္ခများသည် မြင့်တက်ခဲ့ပြီး  တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။ကျေးသီးဒေသ လွယ်ဟွန်းတောင်ကြောမှသည် ကျောက်မဲဒေသထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးခဲ့သည်။ RCSS ဖက်မှ တပ်အင်အားအလုံး အရင်းနှင့်စုစည်းတိုက်ခိုက်ခဲ့သကဲ့သို့ SSPP ဖက်မှလည်း သူ၏မဟာမိတ်များဖြစ်သည့် UWSA/TNLA တပ်ဖွဲ့များပါဝင်တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းများအရ သိရသည်။ တိုက်ပွဲများပြင်းထန်ပြီး စစ်ဘေးဒုက္ခသည်အများအပြားထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။ လက်ရှိစစ်ရေးပဋိပက္ခသည် ယခင်အချိန်အခါကာလများထက် များစွာပြင်းထန်သည့်အပြင် RCSS အား ရှမ်းပြည်မြောက်ပိုင်းမှ တွန်းထုတ်သည်ဖြစ်ရာ ပဋိပက္ခသည် ယခင်ကထက် ပို၍ပြင်းထန်လာခဲ့သည်။ 

ဤသို့သော အခြေအနေအောက်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်တည်လာသည့် သမိုင်းကြောင်းကို ပြန်လည်စေ့ငုရန်လိုသည်။ ၁၉၅၈ ခုနှစ် နွမ်စစ်ဟန် ရှမ်းလက်နက်ကိုင်ပုန်ကန်မှုအစပြုပြီးနောက် ၁၉၆၀/၆၁ ခုနှစ်ခန့်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ပေါ်လာသည်ကိုတွေ့ရသည်။ ၎င်းတို့မှာ SNA ၊ SSIA နှင့် SNUF တို့ဖြစ်သည်။ 

◾️ SNA 
စဝ်ငါးခမ်းဦးစီးပြီး စတင်ဖွဲ့စည်းစဉ်က TNA (Tai National Army) ဟု ခေါ်ဆိုခဲ့ပြိး နောက် ပိုင်းတွင် SNA (Shan National Army) ဟုပြောင်းလဲမှည့်ခေါ်ခဲ့သောအဖွဲ့ဖြစ်သည်။ SNA သည် အစောပိုင်းကာလက နွမ်စစ်ဟန်၊ SSA တို့နှင့်ဆက်စပ်ပတ်သက်မှုရှိသော်လည်း နောက်ပိုင်းတွင် သီးခြားရပ်တည်သည်။ SNA ကျိုင်းတုံဒေသ၊ အထူးသဖြင့် ကျိုင်းတုံနှင့်မြောက်ဖက် မိုင်းယန်း၊ မိုင်းယောင်းဒေသအား အခြေပြုလှုပ်ရှားသည်။ ရှမ်းအရှေ့ ကျိုင်းတုံဒေသလူထု၏ထောက်ခံမှုရယူလှုပ်ရှားပြီး ကျန်ဒေသများသို့ တိုးချဲ့လှုပ်ရှားမှု မရှိ၍ ကျန်ရှမ်းအဖွဲ့များနှင့် ပဋိပက္ခမရှိခဲ့ပေ။ SNA သည် ဒေသလက္ခဏာဆောင်သောအဖွဲ့ဟု ဆိုနိုင်သည်။ 

SNA သည် ၁၉၇၃ ခုနှစ်တွင် မိုင်းလားဒေသသို့ ထိုးဖေါက်လာသည့် CPB ၈၁၅ စစ်ဒေသနှင့် စတင်ဆက်သွယ်မိပြီး CPB နှင့် မဟာမိတ်ဆက် ဆံရေးအစပြုသည်။ ၁၉၇၆ ခုနှစ်တွင် SNA အားဖျက်သိမ်း၍ CPB အရှေ့ မြောက်စစ်ဒေသ၏ တပ်မဟာ ၇၆၈ အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ် CPB ပြိုကွဲသောအခါ တပ်မဟာ ၇၆၈ သည် ၈၁၅ စစ်ဒေသနှင့်ပူးပေါင်း၍ NDAA (National Democratic Alliance Army) ဖွဲ့စည်းပြီး နဝတနှင့် အပစ်ရပ်၍ ငြိမ်းချမ်းရေးယူခဲ့သည်။ နဝတကလည်း ၎င်းတို့ဒေသအား ရှမ်းပြည်အထူးဒေသ ၄ ဟု သတ်မှတ်ပေးခဲ့သည်။ SNA အဖို့ဆိုလျင် အဖွဲ့အစည်းလည်းမရှိတော့သည့်အပြင် သီးခြားရှမ်းအမျိုးသားနိုင်ငံရေးရပ်တည်မှု မရှိတော့ပေ။ 

◾️ SSIA 
SSIA (Shan State Independence Army) ကို ၁၉၆၀ ဝန်းကျင်တွင် နွမ်စစ်ဟန်သို့ရောက်ရှိလာသည့် ရှမ်းပညာတတ်အများစု ဦးဆောင်တည်ထောင်သည်။ SSIA ဖွဲ့စည်းပြီးနောက် သံလွင်မြစ်အနောက်ခြမ်းသို့ ကူးပြီး ရှမ်းပြည်မြောက်ပိုင်းသို့ ထိုးဖေါက်စည်းရုံးခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မဟာဒေဝီ နာယကအဖြစ်တာဝန်ယူသည့် SSA တွင် SNUF နှင့်အတူပါဝင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မိုးဟိန်း၏ SURA ပြန်လည်ခွဲထွက်ပြီးနောက် SSA အဖြစ် ကျန်ရစ်ခဲ့သူများမှာ မူလ SSIA အင်အားစုများဟုဆိုရမည်။ 

SSA သည် ၁၉၇၁ ခုနှစ်တွင် နိုင်ငံရေးအရ ဦးဆောင်ရန် SSPP အားဖွဲ့စည်းပြီးနောက် SSPP/SSA ဟုလူသိများခဲ့သည်။ SSPP/SSA သည် ၁၉၇၃ ခုနှစ်တွင် CPB နှင့်စတင် တပ်ပေါင်းစုဖွဲ့စည်းခဲ့ရာမှ ၁၉၇၅ ခုနှစ်တွင် SSPP ခေါင်းဆောင်ပိုင်းအတွင်း အတိအလင်းသဘောထားကွဲပြီး ကွန်မြူနစ်များနှင့်မပေါင်းလိုသည့် ခေါင်းဆောင်များ ထိုင်းနယ်စပ်သို့ထွက်ခွာသွားသည်။ သို့သော် သီးခြားအဖွဲ့အစည်းထူထောင်ခဲ့ခြင်းမရှိပါ။ CPB နှင့်  ပူး ပေါင်းသော SSPP/SSA အင်အားစုများ ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက်ရပ်တည်ပြီး အင်အားအချို့အား ထိုင်းနယ်စပ်တွင်လှုပ်ရှားစေခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ရှမ်းအရှေ့ထိုင်းနယ်စပ်တွင်ရှိသည် SSA တောင်ပိုင်းမှတပ်များ စဝ်ကွဏ်းဇိဏ်းနှင့် ပူးပေါင်းသွားပြီးနောက်ပိုင်းမှစ၍ ရှမ်းအရှေ့နှင့်ရှမ်းတောင်သို့ SSPP/SSA ထိုး ဖောက်ခြင်းမရှိတော့ပါ။ SSPP/SSA သည် ၁၉၈၉ ခုနှစ်တွင် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးယူခဲ့သည်။ ၂၀၀၉ တွင် SSPP/SSA မှ တပ်မဟာ ၃ နှင့် ၇ က ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းရန် လက်ခံခဲ့သော်လည်း တပ်မဟာ ၁ က လက်မခံဘဲ SSPP အဖြစ်ဆက်လက်ရပ်ခံခဲ့သည်။ သို့နှင့် နအ‌ဖအစိုးရနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွါးခဲ့ပြီး SSPP အား ပြန်လည်တည်ဆောက်ခဲ့ရသည်။ ၂၀၁၂ တွင် ဦးသိန်းစိန်အစိုးရနှင့် Bilateral အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သော်လည်း ၂၀၁၅ ထိ တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ ယခုအချိန်ထိ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ ရှမ်းအမျိုးသားနိုင်ငံရေးတွင် လက်နက်ကိုင်တပ်ဖွဲ့တခုအနေနှင့် ဆက်လက်ပါဝင်လျက်ရှိသည်။ 

◾️ SNUF 
၁၉၆၀/၆၁ ကာလတွင် စဝ်ကွဏ်းဇိဏ်းဦးစီး၍ SNUF  ကိုဖွဲ့စည်းခဲ့သည်။ အစောပိုင်းတွင် SSIA နှင့်မဟာမိတ်ဖွဲ့ထားပြီး သံလွင်မြစ်အနောက်ဖက် ရှမ်းပြည်တောင်ပိုင်းကို ထိုးဖေါက်လှုပ်ရှားခဲ့သည်။ ၁၉၆၄ တွင် မဟာဒေဝီအမှူးပြုသည့် SSA တွင် ပါဝင်ခဲ့သော်လည်း ၁၉၆၉ ခုနှစ်တွင် စဝ်ကွဏ်းဇိဏ်းသည် SURA အမည်ဖြင့် ပြန် လည်ခွဲထွက်၍ သီးသန့်လှုပ်ရှားခဲ့သည်။ SURA ဌာနချုပ်အား ရှမ်းအရှေ့ ထိုင်းနယ်စပ်တွင်အခြေပြုသည်။တပ်ဖွဲ့များက ရှမ်းအရှေ့နှင့်ရှမ်းတောင်တွင်လှုပ်ရှားသည်။ ၁၉၈၄ ခုနှစ်တွင် SSA တောင်ပိုင်းတပ်ဖွဲနှင့် ပူးပေါင်းပြီး TRC/TRA အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းသည်။ TRC/TRA သည် ၁၉၈၅ တွင် ခွန်ဆာ၏ SUA (Shan United Army) နှင့်ပူးပေါင်းပြီး SSRC/MTA ဟုဖွဲ့စည်းသည်။ စဝ်ကွဏ်ဇိဏ်းက ဥက္ကဌတာဝန်ယူပြီး ခွန်ဆာက တပ်မှူးတာဝန်ယူသည်။ ၁၉၉၅ တွင် MTA မှခွဲထွက်သည်  SSNA သည် ရှမ်း‌မြောက် သီ‌ပေါအနီး၌ အခြေပြုပြီးနောက် နအဖနှင့် အပစ်ရပ်သည်။ ၁၉၉၆ ခုနှစ် ခွန်ဆာလက်နက်ချချိန် စဝ်ရွက်ဆစ်တို့မှ လက်နက်မချခြင်းကို လက်မခံဘဲ SURA-SSA တောင်ပိုင်းအမည်ဖြင့် ဆက်လက်တိုက်ပွဲဝင်သည်။ ၂၀၀၅ ခုနှစ်တွင် SSNA နှင့် SURA/SSA တောင်ပိုင်းတို့ ပူးပေါင်းပြီး RCSS/SSA ကိုဖွဲ့စည်းခဲ့သည်။  RCSS သည် ၂၀၁၁/၁၂ တွင် အပစ်ရပ်လက်မှတ်ထိုးပြီး ၂၀၁၅ တွင် NCA လက်မှတ်ရေးထိုးသည်။ ရှမ်းအမျိုးသားနိုင်ငံရေးတွင် လက်နက်ကိုင်တပ်ဖွဲ့တခုအနေနှင့် ဆက်လက်ပါဝင်လျက်ရှိသည်။ 

သို့ဖြစ်ရာ ယနေ့ ရှမ်းပြည်အမျိုးသားနိုင်ငံရေးတွင် ထိပ်တိုက်ရင်ဆိုင်နေသော ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုဖြစ်သော SSPP နှင့် RCSS သည် ၁၉၅၈ ခုနှစ် နွမ်စစ်ဟန်ပုန်ကန်မှုစပြီး မကြာခင် ၁၉၆၀/၆၁ တွင် ပေါ်ပေါက်လာသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSIA နှင့် SURA ဆိုသည့်အခြေခံပေါ်မှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်ဟုသုံးသပ်ရပေသည်။ 

◾️ ထည့်သွင်းစဉ်းစားရမည့်အချက်များ 
ထို့ပြင် ရှမ်းပြည်နယ်နှင့်ပတ်သက်လျင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုထဲကိုသာ ထည့်သွင်းစဉ်းစား၍မရနိုင်ပါ။ ရှမ်းပြည်နယ်သည် ၆၀,၁၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးလည်းဖြစ်သည်။ အကြမ်းအားဖြင့် တြိဂံပုံသဏ္ဌာန်ရှိပြီး ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းဟူ၍ ခွဲခြားပြောဆိုလေ့ရှိကြသည်။ ရှမ်းပြည်နယ်တွင် ကိုယ်အုပ်ချုပ်ရေးဒေသ ၅ ခုအပါ ရှမ်းအရှေ့တွင် ခရိုင် ၃ ခု၊ ရှမ်းမြောက်တွင် ခရိုင် ၇ ခရိုင်၊ ရှမ်းတောင်တွင် ခရိုင် ၃ ခု စုစုပေါင်း ခရိုင် ၁၃ ခု၊  မြို့နယ် ၅၅ ခုရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅ သန်း ၈ သိန်းကျော်ရှိသည်။ 

ရှမ်းပြည်နယ်တွင် ဘာသာစကား၊ ယဉ်ကျေးမှုမတူညီသည့်အခြားတိုင်းရင်းသားလူမျိုးများလည်းရှိသည်။ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသပေးထားသော လူမျိုးများမှာ တအာင်း ပလောင်၊ ကိုးကန့်၊ ဝ၊ ပအိုဝ်း၊ ဓနု တို့ဖြစ်သည်။ ထို့ပြင် ရှမ်းမြောက်တွင် ကချင်၊ ရှမ်းအရှေ့တွင် လားဟူ၊ အာခါ တို့သည် လူဦးရေတသိန်းထက်ရှိပြီး တိုင်းရင်းသားရေးရာဝန်ကြီးပေးရသောလူမျိုးများဖြစ်သည်။ ထို့ပြင် တအာင်း ပလောင်၊ ဝ နှင့်ပအိုဝ်းတို့သည် ပြည်နယ်တောင်းဆိုမှုများရှိကြသည်။ 

ထို့ပြင် ရှမ်းပြည်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုသာမက အခြားတိုင်းရင်းသားလူမျိုးလက်နက်ကိုင်တပ်ဖွဲ့များလည်းရှိနေသည်။ ရှမ်းမြောက်တွင် KIA (ကချင်) တောင်ပိုင်းတိုင်း၊ TNLA (တအာင်း) တပ်ဖွဲ့၊ MNDAA ( ကိုးကန့်) တပ်ဖွဲ့ ၊ UWSA (ဝ) တပ်ဖွဲ့ ၊ ရှမ်းအရှေ့တွင် NDAA (ရှမ်း၊ အာခါ) တပ်ဖွဲ့နှင့် UWSA (ဝ) တပ်ဖွဲ့တို့ရှိသည်။ ထိုတပ်ဖွဲ့များသည် အင်အားအတော်အတန် တောင့်တောင့်တင်းတင်း ရှိကြသည်။ သို့ဖြစ်ရာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခု ပြသနာကိုစဉ်းစားရာတွင် ထိုအချက်အလက်များကိုပါ ထည့်သွင်းသုံးသပ်ရန်လိုသည်။ 

မောင်မောင်စိုး

Photo credit AFP

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar