လှကျော်ဇော - ဆရာမုံရွာအောင်ရှင်သို့ ...
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၁
ကျွန်မ ဆရာမုံရွာအောင်ရှင်ကို လူပုဂွိုလ်အရ မသိပါ။ ကျွန်မတို့နဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်အချို့နဲ့ ရင်းနှီးခဲ့ကြကြောင်းတော့ ကြားထားပါတယ်။ ဒါပေမဲ့ မီဒီယာဌာနတချို့ရဲ့တွေ့ဆုံမေးမြန်းခန်းတွေမှာ တခါတလေ ဆုံတတ်လေ့ရှိပါတယ်။ အဲလိုအချိန်မျိုးတွေမှာ ဆရာက ကျွန်မကိုနှုတ်ဆက်တတ်ပါတယ်။ ကျွန်မက ကျည်ကွယ်အရပ်နေသူဖြစ်လေတော့ အဲသလိုပြည်တွင်းက အာဏာရှင်တွေလက်အောက် ကြက်ကလေး၊ ငှက်ကလေးတွေလို နေနေရရှာတဲ့သူများနဲ့ဆက်ဆံတဲ့အခါ သူတို့အတွက်အန္တရာယ်ရှိမှာစိုးလို့ အလွန်သတိထားဆက်ဆံပါတယ်။ ဒါကြောင့် ဆရာကို တရင်းတနှီးမဆက်ဆံဖြစ်ခဲ့ပါဘူး။ အခုမှ အားနာနေမိတယ်။
ကျွန်မကသာ အဲသလို ခပ်တန်းတန်းဆက်ဆံခဲ့ပေမယ့် ဆရာကတော့ နားလည်ပုံရပြီး၊ ကျွန်မတို့တတွေအပေါ် ခင်မင်ဟန်ရှိပါတယ်။ ဒါကြောင့်ပဲထင်ပါရဲ့။ ၂၀၁၉ ဒီဇင်ဘာ (၃) ရက်က ငါတို့စာပေစာအုပ်တိုက်မှာ ဗမာပြည်ကို ခေတ္တပြန်လည်ရောက်ရှိနေတဲ့ ဆရာကြီးမောင်စွမ်းရည်ဦးစီးကျင်းပတဲ့ ဖေဖေ့ရဲ့ရာပြည့်အခန်းအနားမှာ တက်ရောက်ပြီး အမှတ်တရဂုဏ်ပြုစကားဆိုခဲ့ပါတယ်။
အဲဒီပွဲမှာ ဆရာက အနှစ် (၁၀၀) ပြည့်သွားတဲ့တိုင် ပြည်သူလူထုက သတိရလွမ်းဆွတ်ခြင်းခံရတဲ့ ပြည်သူ့သူရဲကောင်းများရဲ့သေခြင်းတရားနဲ့ပတ်သက်ပြီး မော်စီတုန်းရဲ့ရေးသားချက်များကို ကိုးကားသွားခဲ့ပါတယ်။
ဆရာက-ကျွန်တော်တို့ရဲ့အမှတ်တရခေါင်းဆောင်တွေ၊ သူရဲကောင်းတွေကို ဘာဖြစ်လို့ ရာပြည့်သွားတဲ့အထိ အခုအထိ လူတွေက သတိတရရှိနေရတာလဲ။ မော်စီတုန်းစကားနဲ့ပြောရင် လူတယောက် ကွယ်လွန်အနိစ္စရောက်သွားရင် ငှက်မွေးလိုလဲ ပေါ့ပါးနိုင်သလို၊ ရိုးမတောင်ကြီးလိုလဲ ကြီးမြတ်နိုင်တယ် ... တဲ့။ ကျွန်တော်တို့တသက်တာအမှတ်တရရှိနေရတဲ့သူတွေက အဲသလို ရိုးမတောင်ကြီးလို ကြီးမြတ်စွာကွယ်လွန်ခဲ့ကြလို့၊ ပြည်သူအပေါင်းက သတိတရဂုဏ်ပြုနေကြရတာ ...တဲ့။
မော်စီတုန်းက ၁၉၄၄ မှ ာအလွန်ကျော်ကြားတဲ့ ပြည်သူ့အကျိုးဆောင်ကြဆိုတဲ့ ဆောင်းပါးတစောင်ရေးခဲ့ပါတယ်။ ပါတီဝင်တွေရဲ့ လေ့လာရေးစာစောင်အဖြစ်လဲ အခုအထိ သတ်မှတ်ထားတာပါ။ အဲဒီထဲမှာ မော်က ...
- လူဆိုတာ သေရမှာချည်းဘဲ၊ ဒါပေမဲ့ သေရတဲ့အဓိပွါယ်ချင်းမတူဘူး။
- လူမှန်ရင် သေရစမြဲဖြစ်ပေမယ့်၊ ထိုက်ရှန်းတောင်ထက် လေးတာလဲရှိတယ်။ ငှက်မွေးထက် ပေါ့တာလဲရှိတယ်။
- ပြည်သူ့အကျိုးအတွက်သေရတာဟာ ထိုက်ရှန်းတောင်ထက်တောင် လေးသေးတယ်။ ဖက်ဆစ်အတွက်အားထုတ်ပြီး ပြည်သူကိုသွေးစုတ်ဖိနှိပ်သူတွေအတွက်သေရတာဟာ ငှက်မွေးထက်တောင်ပေါ့သေးတယ်လို့ ရေးထားပါတယ်။
(မှတ်ချက် - ထိုက်ရှန်းတောင်ဆိုတာ တရုတ်ပြည်ရဲ့တောင်တလုံးအမည်ဖြစ်ပြီး ဒါကို ဆရာက ရိုးမတောင်လို့ မြန်မာမှုပြုလိုက်ပုံရှိပါတယ်။)
ဟုတ်ပါတယ်။ ဆရာမုံရွာအောင်ရှင်အနေနဲ့လဲ မိမိခေတ်ကာလရဲ့တာဝန်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ရနိုင်သမျှ နေရာပေါင်းစုံက တတ်နိုင်သမျှပါဝင်ခဲ့ပြီး အကြိမ်အချို့ အဖမ်းအဆီးခံခဲ့ရပါတယ်။ နောက်ဆုံးအကြိမ်လွတ်လာပြီး မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ရောက်တဲ့နေရာက စွမ်းသမျှ ဆန့်ကျင်ခဲ့တာမို့ ဆရာသမိုင်းပေးတာဝန်ကျေပါပြီ။ အေးချမ်းစွာအနားယူပါတော့။
ဆရာရဲ့မပြီးဆုံးသေးတဲ့တာဝန်ကို ကျန်ဗမာပြည်သူတရပ်လုံးက ရရာလက်နက်ကိုင်စွဲပြီး၊ နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ဒီစစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြမှာပါ။ သိပ်ကိုသေချာနေပါပြီ။
လှကျော်ဇော
၅-၁၂-၂၀၂၁။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar