မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၂၁
◾️ နိုင်ငံရေးအရ အမိန့်ပေးထားတဲ့ တရားရုံးရဲ့ စီရင်ချက်တွေ
ဒီဇင်ဘာလ ၆ ရက်နေ့ ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့ သဘာဝဘေးစီမံ ဥပဒေပုဒ်မနဲ့ သက်ဆိုင်တဲ့အမှုအတွက် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး အခြားသော ၅၀၅ (ခ) အမှုနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ၂ နှစ်စီ ပြစ်ဒဏ်ချခဲ့ပါတယ်။ ၄င်းတို့နှစ်ဦး အတွက် စုစုပေါင်း အမှု ၂ မှုအတွက် ၄ နှစ်စီချမှတ်ခံရတာ ဖြစ်ပြီး ချမှတ်တဲ့နေ့မှာတင်ပဲ စစ်ကောင်စီခေါင်းဆောင်ရဲ့ အမိန့်နဲ့ ထောင်ဒဏ် ၄ နှစ်ထဲက ၂ နှစ်ကို ပုဒ်မခွဲ ၄၀၁ အရ လျော့ပေါ့ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ပေမယ့် အကျဥ်းထောင်မပို့ပဲ လက်ရှိထားရှိတဲ့နေရာမှာပင်နေဖို့ ထုတ်ပြန်လိုက်ပါတယ်။
ဒီအဖြစ်အပျက်တွေကိုသုံးသပ်ကြည့်ရင် တရားရုံးဆိုတာက စစ်ကောင်စီလုပ်ဆောင်ချင်တဲ့အရာကို တံဆိပ်နှိပ်ပေးရုံသက်သက်သာ ဖြစ်တာတွေ့ရပါလိမ့်မယ်။ တရားစွဲဆိုရေး အဖွဲ့အစည်းတွေဟာလည်း ပြည်ထဲရေးဝန်ကြီးဌာန၊ ယခင်ဥပဒေဆိုင်ရာအကြံပေးဌာနကို တရားရေးဝန်ကြီးဌာနအဖြစ် သီးခြားဝန်ကြီးဌာနတခုအဖြစ်ဖွဲ့ပေးလိုက်ပြီး စစ်ကောင်စီအစိုးရ လုပ်ဆောင်ချင်တာကို နားထောင်ကောင်းအောင် ဥပဒေတွေနဲ့ တန်ဆာဆင် စွဲဆိုပြစ်ဒဏ်ချဖို့ အကောင်အထည်ဖေါ်ရတဲ့ ဌာနအနေနဲ့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်ထက်မတိုင်ခင်ကတည်းက တရားစီရင်ရေးဟာ အတိုင်းအတာတခုအထိ လွှမ်းမိုးခံနေခဲ့ရတာဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာတော့ ပိုပြီးဆိုးရွားစွာ ချုပ်ကိုင်အသုံးချခံရတဲ့ ဌာနတခုဖြစ်သွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ တရားစီရင်ရေးဟာ ဘယ်တုန်းကမှ မလွတ်လပ်ခဲ့သလို အစိုးရအဆက်ဆက်ရဲ့ နိုင်ငံရေးကစားရာမှာ အသုံးချခံခဲ့ကြရတဲ့ ဌာနတခုလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ဒီမိုကရေစီပြည့်ပြည့်ဝဝ ရရှိမှသာ တရားစီရင်ရေးဟာလည်း လွတ်လပ်နိုင်မှာဖြစ်ပြီး လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက်ကတည်းကိုက မြန်မာ့တရားစီရင်ရေးက အာဏာရ အစိုးရရဲ့ ထိန်းညှိခြင်းကို အနည်းနဲ့အများခံခဲ့ကြရပြီး မဆလ အစိုးရလက်ထက်မှာ တရားစီရင်ရေးကို ပြည်သူ့တရားစီရင်ရေး အသွင်သဏ္ဍာန်ယူပြီး မြို့နယ်လိုအဆင့်မှာ အောက်ခြေလူထုထဲက မဆလပါတီဝင်၊ အရံပါတီဝင် တွေနဲ့ ပြည်သူ့တရားရုံးသဖွယ် လုပ်ဆောင်ခဲ့ပါတယ်။ တဖန်စစ်အစိုးရလက်ထက်မှာလည်း စစ်အစိုးရရဲ့ ခိုင်းစေရာ စီရင်ခဲ့ကြရပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်လက်ထက်နဲ့ ၂၀၁၅-၂၀ ခုနှစ် အတွင်းမှာလည်း တရားစီရင်ရေးစနစ်ကို လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်အောင် ပြင်ဆင်ပြောင်းလဲဖို့ မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။
ဒီလိုအခြေအနေအောက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်နိုင်ငံရေးနဲ့ပတ်သက်သူအားလုံးကို တရားစီရင်ကြတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ လွတ်လပ်တဲ့ တရားရုံး တရားစီရင်ရေးအောက်မှာ မဟုတ်ဘူးဆိုတာ တနိုင်ငံလုံး သိရှိကြပြီးဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဒီတရားရုံးက ချမှတ်တယ်ဆိုတဲ့ ထောင်ဒဏ်က ၄ နှစ်ဖြစ်စေ နှစ် ၄၀ ဖြစ်စေ ဘာမှအနှစ်သာရအားဖြင့် ထူးခြားမယ်မထင်ပါဘူး။ နိုင်ငံရေးအရ သူတို့ဘယ်လောက် သက်တမ်းခံနိုင်မလဲ ဆန့်ကျင်သူအင်အားစုတွေရဲ့ ဖိအား တိုက်ခိုက်တွန်းလှန်မှုကို ဘယ်လောက် ခံနိုင်မလဲဆိုတဲ့အပေါ်မှာသာ အဖြေရှာရမယ့် သဘောလို့ထင်ပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ရော ကျန်တဲ့ နိုင်ငံရေးသမားတွေအနေနဲ့ပါ တရားစီရင်ရေးကို အတည်အတံ့နဲ့ ခုခံကာကွယ်နေတာမျိုးဟာ အကျိုးမဲ့ အချည်းနှီးသဘောပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာကိုအဖြေမရသရွေ့ ဒီတရားစီရင်ရေးတွေ ပြစ်ဒဏ်တွေဟာ နိုင်ငံရေး ဖိနှိပ်မှု အသုံးချမှုတခုထက် မပိုဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးမှုတွေက ထောင်ဂဏန်းကနေ သောင်းဂဏန်းနီးနီး ရောက်ရှိတော့မှာ ဖြစ်ပြီး အဲဒီဖမ်းဆီးခံရသူ သောင်းဂဏန်းနီးနေတဲ့ အရေအတွက်မှာ ထောင်ဂဏန်းမျှသော သူတွေက အထူးတရားရုံး၊ အကျဥ်းနည်းနဲ့ စစ်ဆေးတယ်ဆိုတဲ့ စစ်ခုံရုံးတွေမှာ ရင်ဆိုင်နေကြရတာပါ။ ဥပဒေအကျိုး ဆောင်သူတွေ စေတနာ့ဝန်ထမ်း ရှေ့နေတွေလည်း အများအပြား နိုင်ငံရေးအမှုတွေမှာ လိုက်လံအကျိုးဆောင်ပေးနေကြတာတွေ ရှိပါတယ်။ ဒီလိုအကျိုးဆောင်လို့ တရားစီရင်ရေးက ဥပဒေအတိုင်း ဖြစ်လိမ့်မယ်လို့မျှော်လင့်လို့တော့မရပါဘူး။ မိသားစုအတွက် စိတ်ပိုင်းဆိုင်ရာ အင်အားဖြစ်စေဖို့ ထိန်းသိမ်းခံထားရတဲ့ သူတွေရဲ့ ကျန်းမာရေး အခြေအနေ သူတို့ရဲ့ အကျဥ်းထောင်ထဲက အခွင့်အရေးနဲ့ပတ်သက်တာတွေကို သိရှိနိုင်ဖို့ အတွက်ရှေ့နေတွေက ကူညီပေးနေတဲ့ သဘောပဲ ဖြစ်ပါတယ်။
ဒီအနေအထားကို ကောင်းစွာနားလည်သဘောပေါက်မှသာ စစ်ကောင်စီလက်ထက် တရားစီရင်ရေး တရားရုံးတွေအပေါ် ကိုယ့်ဘက်က ထားရှိသင့်တဲ့ သဘောထား မှန်ကန်စွာထားနိုင်မှာလည်းဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar