လူခါးခါး - တိတ်ဆိတ်မှုရဲ့အော်သံ
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၁
အဲဒီနေ့ကပေါ့
နှင်းရည်တွေစိုးစွတ်နေတဲ့
မနက်ခင်းတစ်ခုဟာလေးလံထိုင်းမှိုင်း
လမ်းမတွေပေါ်မှာကတိတ်ဆိတ်ငြိမ်သက်
အေးတိအေးစက်နိုင်လွန်တဲ့မြင်ကွင်းမှာ
ခင်ဗျာတွေ့လိုက်လားမြင်မိလား
ခံစားမိလား အဲဒီတိတ်ဆိတ်မှုထဲမှာ
အဲဒီနေ့ကပေါ့
တိတ်ဆိတ်နေတဲ့လမ်းမပေါ်မှာ
အကျယ်လောင်ဆုံးအော်သံတွေ
ငါကြားလိုက်ရတယ်
ခင်ဗျာရောကြားမိလိုက်သေးလာ
အဲဒါနွေဦးရဲ့အရိပ်တွေ နွေဦးရဲ့အော်သံတွေ
ဟောဟိုမှာ ကြည့် ခင်ဗျာတွေ့လား
အဲဒီတိတ်ဆိတ်မှုထဲမှာစီးနေတဲ့သွေးတွေ
သေချာကြည့်
ခင်ဗျာမြင်အောင်သေချာကြည့်။
အဲဒီတိတ်ဆိတ်မှုထဲမှာ
ထန်တလန်ကိုတွေ့လိမ့်မယ်
စစ်ပြေးလမ်းပေါ်ကဘဝတွေတွေ့လိမ့်မယ်
ပန်းပင်ကြီးကိုတွေ့လိမ့်မယ်
ဒုံးတောကိုတွေ့လိမ့်မယ်
လူငယ်တွေကိုတွေ့လိမ့်မယ်
အဲဒီတိတ်ဆိတ်မှုထဲမှာတွေ့လိမ့်မယ်။
အဲဒီနေ့ကပေါ့
အမှောင်ထုကြီးအောက်က
တိုးထွက်လာမယ့်
အလင်းရောင်တစ်ခုကိုငါတွေ့လိုက်ရတယ်
အဲဒီတိတ်ဆိတ်မှုထဲမှာ
လူခါးခါး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar