လင်းလက်နွေဦး - ရှင်သန်လိုစိတ်
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၁
တင်ကျွေးထားတဲ့ ဆရာတော်က တညနေမှာ အခေါ်တော်ရှိတာနဲ့ အပြေးအလွှား ဦးတိုက်ရပါတယ်။ ဘုန်းကြီးကျောင်းတွေကို စာဝင်တယ်တဲ့၊ ဘုန်းကြီးကျောင်းမှာ လူဝတ်ကြောင်တွေ မထားရဘူး၊ အာဂန္တုသံဃာတွေလာလည်း ဧည့်စာရင်း တိုင်ရမယ်တဲ့။ ဒါနဲ့ နှစ်ပေါင်းများစွာ ကင်းကွာနေရှာတဲ့ လူမနေတဲ့ အိမ်လေးဆီ ပြန်လာခဲ့ပါတယ်။ တနေ့နေ့ အစိုးရက ပင်စင်ပေးတဲ့အခါ ခိုနားစရာလေး ရှိပါစေတော့ဆိုပြီး တစ်ဖဲ့ပြီး တစ်ဖဲ့ ဆောက်လုပ်ခဲ့တဲ့ အိမ်လေး။ အချောထည်မကိုင်ရသေးတဲ့ ဖြူဖျော့ဖျော့အိမ်လေး ရှိရာပေါ့။
မြက်ပင်တွေ ပေါင်းပင်တွေ မင်းမူနေတဲ့ ခြံကလေးထဲ၊ ခြေ မချဝံ့ ချဝံ့၊ သိုင်းကွက်နင်းပြီး ဝင်လာရတယ်။ အမာခံ အလုပ်သမားတစ်ယောက် မခေါ်ခင်ကတော့ တစ်နေ့တစ်လံစိတ်နဲ့ပေါ့။ ကျွန်တော်မှာ နေနဲ့ မတည့်တဲ့ ရောဂါရှိတယ်။ သူဆင်းရဲရဲ့ သူဌေးရောဂါပေါ့လေ။ ဘုန်းကြီး ကျောင်းက ငှားလာတဲ့ ပေါက်ပြား၊ ထွန်ခြစ်၊ ဓားတွေနဲ့ ရှင်းလင်းခဲ့တာပါပဲ။ သမိုင်းထဲက ပျူစောထီးကတော့ ဘူးနွယ်တွေကို ရှင်းလင်းပြီး ဘူးဘုရားတည်ခဲ့တယ်နော်။ ကျွန်တော်တို့လည်း ပျူစောထီးထုံး နှလုံးမူပြီး ခုတ်ထွင် ရှင်းလင်းရတာပေါ့လေ။
ကြည့်ပျော်ရှုပျော် ဖြစ်လာဖို့ သုံးရက်လောက် မောင်းခဲ့ရတယ်။ လူတွေလည်း ဆီသည်မ လက်နှီးစုတ်ဖြစ်ကုန်တယ်။ အိမ်ဘက် မလှည့်ရသေးဘူးမို့ အလုပ်သမားတစ်ယောက်တော့ ခေါ်ခိုင်းရအောင်လို့ တိုင်ပင်ကြ တယ်။ ရွာနဲ့ အလှမ်းဝေးသူမို့၊ ဘယ်သူက လက်သမား၊ ဘယ်သူက ပန်းရန်၊ ဘယ်သူက ကူလီ...မသိ။ ဒါကြောင့် ရွာခံသူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းရတယ်။ သူက လက်သုံးတော် အလုပ်သမား တစ်ယောက်ကို ခေါ်ပေးတယ်။ အလုပ်အမြင် မရှိပေမယ့် ခိုင်းတဲ့အတိုင်း ဖြစ်အောင်လုပ်တတ်တဲ့သူပါပဲ။
တစ်ရက်တည်းနဲ့ အိမ်အနောက်ခြမ်းကမြက်တွေ အကုန်ပေါက်ပစ်လိုက်တယ်။ ဒုတိယနေ့မှာတော့ နေ့တစ်ပိုင်းပဲ အလုပ်ဝင်တယ်၊ သူ့အိမ်အလုပ်တွေကြောင့်တဲ့။ တတိယနေ့မှာတော့ အိမ်ကိုပဲ သန့်ရှင်းကြ တယ်။ အိမ်ရှေ့မျက်နှာစာက သရက်ပင်နဲ့ စည်းရိုးကြားမှာပဲ မြက်ထတာ၊ ဒီတော့ လူနေလို့ ရအောင် အိမ်အတွင်းအပြင်ကိုပဲ အဓိက ဦးစားပေးလိုက်တာပေါ့။ နောက်ရက်တွေမှာ ကိုယ့်မိသားစုပဲ တစ်နေ့ တစ်လံ ပြန်စရုံပေါ့။
အိမ်တက်မင်္ဂလာကို ကူညီညာ သယ်ပိုးပေးတဲ့သူတွေနဲ့ပဲ ကျင်းပလိုက်တယ်။ 'လာဗျာ လက်ဖက်ရည် သွားသောက်ရအောင်'ဆိုတော့ ဟန်ဆောင် ပန်ဆောင် တိုက်တာ မဟုတ်ပေမယ့် အားလုံးက အလိုက်တသိနဲ့ ငြင်းကြတယ်။ တော်တော်အားနာစရာကောင်းတယ်။ လိုက်ထရတ်ကားတစ်စီးစာ အိမ်ထောင်ပရိဘောဂတွေ ကို ကြည့်ပြီး စီနီယာ ဘိုးအေကြီးတစ်ယောက်ရဲ့ စကားတစ်ခွန်းက ကြားယောင်မိတယ်။ သူကတော့ ဘိုလိုဗျ၊ မပြောတတ်တော့ဘူး၊ 'လိမ့်ပါများရင် လုံးပါး ပါးတတ်တယ်'လို့ နားလည်လိုက်တယ်။ ဝန်ထမ်းဘဝမှာ ဟိုပြောင်း ဒီရွေ့ သိပ်မလုပ်နဲ့ပေါ့၊ မှာရှာတယ်။ ဒါပေမယ့် ကျွန်တော့်မှာ သူကောင်းဖြစ်မလား ဆိုပြီး တစ်ရွာ ပြီး တစ်ရွာ ပြောင်းနေရတယ်။ ခုထိ...။
အိမ်လေးကတော့ အလွမ်းပြေရှာရော့ပေါ့။
တစ်မနက်မှာ ကျန်နေတဲ့ အိမ်ရှေ့က မြက်ကလေးတွေကို ထပေါက်ကြတယ်။ ကျွန်တော် နားရင်း အဝတ်လှန်းကြိုးတန်း တန်းနေတုန်း မြက် ဆက်ပေါက်နေတဲ့ ဇနီးဖြစ်သူက အော်ပြောလာတယ်။ ကျွန်တော် လည်း အပြေးအလွှားပေါ့လေ။ ကလေးနှစ်ယောက်လည်း တအံ့တဩကြီး။ မထင်မှတ်တဲ့ မြင်ကွင်းကြောင့် ကျွန်တော် ပါးစပ်အဟောင်းသား။
'စံပယ်တဲ့လေးရုံ၊ ပျိုတို့မောင် မပန်ထိုက်
ပန်းပြတ်ခိုက်ကြုံ
အပွင့်ရယ် ကုန်၊ တစ်ငုံဖြင့် ကျန်ပါသေး
ပန်ချင်ရင် ပျို့မောင်ကြီးရယ်
ခေါင်းဖြီးခဲ့လေး...။' ငယ်ငယ်က ရခဲ့တဲ့ ကဗျာလေးကို အသံထွက်အောင် ရွတ်လိုက်မိပါတယ်။
စံပယ်တွေက အသက်ပြင်းလှချည်လား။ အပြေးအလွှားပြန်တွက်ကြည့်တော့ အနည်းဆုံး သုံးနှစ် ကျော်နေပြီ။ ဒီလိုဗျ၊ ကျွန်တော် ရေခြောက်လ ကုန်းခြောက်လ ဌာနတစ်ခုမှာ တာဝန်ကျပြီး ခြေထောက် ကျိုးရသေးတယ်။ အစည်းအဝေးက မိုးထဲလေထဲ၊ လမ်းမြေတွေက လယ်မြေတွေ၊ စေးတယ် ရေဝပ်တယ်၊ ဆိုင်ကယ်မလဲဘဲ လူလဲတယ် ခြေကျိုးတယ်။ လစာတစ်ဝက်နဲ့ ဆေးခွင့်ခံစားရတဲ့အချိန်၊ အဲတုန်းကလည်း ရွာပြန်နေရတယ်။ မိုးရွာတိုင်း သစ်ပင်စိုက်ချင်တဲ့ရောဂါကြောင့် စံပယ်လေးပင် စိုက်ခဲ့ဖူးတာကို။
အဲဒီကနေ အခုလက်ရှိနေရာ ပြောင်းရတော့ မိသားစုလိုက် ချီတက်သွားတော့ မစံပယ်ကို သေဒဏ် ပေးသလို ဖြစ်ခဲ့ရတယ်။ စံပယ်တွေက အသက်ပြင်းလှချည်လားဗျ။ ရေကြည့်တော့လည်း တစ်ပင်... နှစ်ပင်.. လေးပင်စလုံး ရှင်သေးတယ်။ အလယ်က အပင်လေးကတော့ အခုမှ ခိုက်မိပြီး ကျိုးသွားတယ် ထင်ပါ့။ ဒီတော့ သမီးဖြစ်သူက ပြောရှာတယ်၊ 'အစကတည်းက ကျိုးရက်ကြီး'တဲ့။
ပေါင်းမြက်တွေ ကြားမှာလေ... 'နောက်တစ်ချီ ဒီတစ်လုံး ဖုံးလိုက်ပြန်တာ' ဆိုသလို မြုပ်နေတာနော်။ ပေါင်းသင် ခါးဆွ လုပ်မပေးလို့ ကြပ်နေတဲ့ မြေကြီးထဲမှာနော်။ တစ်ဘက်က သရက်ပင် အုပ်အုပ်၊ တစ်ဘက် ခြံစည်းရိုးက တမာ၊ အဝေရာ၊ နဘူးပင်တွေက ဆိုင်းဆိုင်း။ ဆရာတစ်ယောက် ပြောသလို 'သေဖို့ အကောင်းဆုံး အခြေအနေ'၊ သူတို့ မသေခဲ့ဘူး။
'ကျမတို့ စိုက်ခဲ့တာလေ အပွင့်တွေတောင် ပွင့်ခဲ့သေးတယ်'တဲ့၊ ဇနီးက ရှေ့နေလိုက်ပေးတယ်။
'တရားခံ စံပယ်ပင်
စီရင်ချက် မချခင်
ဘာပြောချင်သလဲ'....
စံပယ်တွေက အသက်ပြင်းတယ်နော်။ ဒါနဲ့ ကျွန်တော် ကျကျနန ရှင်းလင်း၊ ပေါင်းသင် ခါးဆွ၊ မနက်တိုင်း ရေလောင်းပေးတယ်။ ကျွန်တော့်မျက်စိထဲမှာ မြင်နေတယ်လေ၊ အပွင့်ဖြူဖြူတွေ တပင်လုံး ဝေနေမယ့် စံပယ်ပင်ရုံကြီးတွေကို။
လင်းလက်နွေဦး
၁၉.၁၂.၂၀၂၁၊ ည ၈နာရီ ၄၅မိနစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar