Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၈ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၈ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၁

◾️ မကွေးတိုင်းထဲက တိုက်ပွဲတွေ၊ စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တဲ့ မြောက်ပိုင်း ၆ ဖွဲ့ 
ဒီဇင်ဘာ ၁၈ ရက်နေ့သတင်းတွေထဲမှာတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးကျေးရွာကို စစ်ကောင်စီဘက်က ရဟတ်ယာဥ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ကျေးရွာထဲက လူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့ သတင်း၊ လေးကေကော်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်ကစလို့ ၄ ရက်မြောက်တဲ့အထိ တိုက် ခိုက်မှု ပိတ်ဆို့ထားမှုတွေ ရှိနေဆဲဆိုတဲ့သတင်း၊ အမေရိကန်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေမူကြမ်း အတည်ပြုတယ်ဆိုတဲ့သတင်းတွေ မန္တလေးမြို့မှာ ရွှေဆိုင် ဓါးပြတိုက်ခံရပြီး တနေ့ထဲမှာပဲ ပုဂ္ဂလိက ကုမ္ပဏီရုံးခန်းတခုလည်း ဓါးပြတိုက်ခံရတဲ့သတင်း၊ ပလက်ဝမြို့နယ်မှာတော့ အရပ်သား ၆ ဦး လက်နက်ကိုင်အဖွဲ့တဖွဲ့က ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံရတဲ့ သတင်း ဒီလို တိုက်ပွဲတွေ ပဋိပက္ခတွေ နေရာအနှံ့အပြား ဖြစ်ပွားနေချိန်မှာပဲ မြောက်ပိုင်းလက်နက်ကိုင်ခြောက်ဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု စေ့စပ်ညှိနှိုင်းရေးကော်မတီတို့ မိုင်းလားမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ၂ ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။ 

ပထမဆုံးတော့ မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးရွာကို စစ်ကောင်စီဘက်က ရဟတ်ယာဥ် ၅ စီး တိုက်လေယာဥ် တစီးနဲ့ လာရောက်ပစ်ခတ်ခဲ့သလို ရွာကိုလည်း စစ်အင်အား ၁၀၀ လောက်နဲ့ ဝင်စီးနင်းတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။ နှမ်းခါးရွာဟာ ကလေး - ဂန့်ဂေါ ကားလမ်းနဘေးမှာရှိပြီး အိမ်ခြေ ၁ထောင်လောက်ရှိတဲ့ ရွာကြီးဖြစ်သလို ပြီးခဲ့တဲ့စက်တင်ဘာလတွေက နှမ်းခါးရွာအနီးဖြစ်ပွားတဲ့ မိုင်းခွဲတိုက် ခိုက်မှုတွေနဲ့ဆက်စပ်လို့ ကျေးရွာအိမ်ခြေအများအပြား မီးရှို့ခံခဲ့ရတာကြောင့် သတင်းတွေထဲ ဖတ်ရှုကြားသိခဲ့ရတဲ့ ကျေးရွာ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၁၇ ရက်နေ့ မနေ့က နှမ်းခါးရွာမှာ ကျေးရွာသူကြီးတွေ အစည်းအဝေးလုပ်ချိန်မှာ စစ်တပ်က ရဟတ်ယာဥ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ကျေးရွာက နေထိုင်သူတွေ လွတ်ရာကျွတ်ရာ ထွက်ပြေးကြရတာလို့သတင်းတွေမှာ ဆိုပါတယ်။ 

ကျေးရွာတွေကို အခြေခံပြီး စစ်ကောင်စီကို ခုခံကာကွယ်ကြတဲ့ နည်းဗျူဟာက စစ်ကောင်စီဘက်က မြေလှန်စနစ်သုံး ကျေးရွာမီးရှို့ ပိုင်ဆိုင်မှုတွေ သိမ်းယူ၊ ဖျက်ဆီးတာတွေက ကျေးရွာလူထုအဖို့ ထိခိုက်မှုများပြားစေနိုင်တဲ့ အလားအလာရှိပါတယ်။ နောက်နောင်မှာ ကျေးရွာတွေကို အခြေစိုက်ပြီး တိုက်ခိုက်မလား သို့မဟုတ် ရွှေ့ပြောင်းအခြေချနိုင်တဲ့ PDF တပ်ဖွဲ့လိုမျိုး ဖွဲ့စည်းပြီး တိုက်ခိုက်ကြမလားဆိုတာမျိုးလည်း စဥ်းစားအဖြေရှာသင့်တယ်လို့ မြင်ပါတယ်။ 

နောက်သတင်းတပုဒ် ဖြစ်တဲ့ မြန်မာ့အရေးကို မဟာဗျူဟာမြောက်အကူအညီပေးနိုင်မယ့် အချက်အလက်တွေပါတဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေပြင်ဆင်မှုမူကြမ်းကို  အမေရိကန်အထက်လွှတ် တော်က အတည်ပြုလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ဒီဥပဒေပြင်ဆင်မှုက မြန်မာအရေးကိစ္စမှာ အမေရိကန်က စစ်ရေးအရ လက်ဝင်ပါမယ်လို့တော့ အဓိပ္ပါယ်မသက်ရောက်ပါဘူး။ သို့သော်လည်း မြန်မာရဲ့ လက်ရှိလက် နက်ကိုင်တိုက်ပွဲတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို ရုပ်ဝတ္တုဆိုင်ရာအကူအညီတွေ ပေးနိုင်တော့မလားဆိုတဲ့ မှန်းဆမျှော်လင့်ချက်တွေ ရှိနေကြတာဖြစ်ပါတယ်။ 

ရီပတ်ဗလစ်ကန်ပါတီက လွှတ်တော်တွင်း အစုအဖွဲ့တွေရဲ့ ထင်ရှားတဲ့ခေါင်းဆောင်တဦးဖြစ်သူ မစ်ချ်မက်ကော်နယ်က ဦးဆောင်တင်သွင်းခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြထားပါတယ်။ မစ်ချ်မက်ကော်နယ်ဟာ အရင်စစ်အစိုးရလက်ထက်တွေကတည်းက မြန်မာ့နိုင်ငံမူဝါဒတွေနဲ့ပတ်သက်ရင် စစ်အာဏာရှင်အစိုးရတွေကို ဖိအားပေးနိုင်မယ့်ဥပဒေတွေ ဆုံးဖြတ်ချက် အတည်ပြုချက်တွေချမှတ်ဖို့ ဦးဆောင်နှိုးဆော်ခဲ့သူဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်မှာ အတွေ့အကြုံ သက်တမ်းကြာမြင့်ပြီး သြဇာရှိသူတဦးဖြစ်ပါတယ်။ 

အခြားသတင်းတွေအနက် မန္တလေးမြို့မှာ ဓါးပြတိုက်မှု ၂ မှု ခုရက်အတွင်းဖြစ်ပွားပြီး တခုကတော့ ရွှေဆိုင်ဓါးပြတိုက်မှုဖြစ်ပါတယ်။ သိန်း ၁ သောင်းခွဲလောက်တန်ဖိုးရှိတဲ့ ရွှေထည် စိန်ထည်တွေ ပါသွားခဲ့သလို နောက်ဓါးပြမှုတမှုမှာတော့ ပုဂ္ဂလိက ကုမ္ပဏီရုံးခန်းတခန်းက သိန်း ၃၀၀၀ လောက် ယူဆောင်သွားခဲ့တယ်လို့ သတင်းတွေမှာ ပါရှိပါတယ်။ တရားဥပဒေစိုးမိုးမှုကျဆင်းလာချိန် လက်နက်တွေ လွယ်လွယ်ကူကူရရှိနိုင်ချိန်မှာ အခုလို ဓါးပြမှုတွေ လုယက်မှုတွေ မကြာခဏဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ 

တဖန် ချင်းပြည်နယ် တောင်ပိုင်း ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ ပလက်ဝမြို့နယ်ထဲမှာ အရပ်သား ၆ ဦး သတ် ဖြတ်ခံရတဲ့သတင်းလည်း မီဒီယာတွေမှာဖေါ်ပြထားတာ ဖတ်ရှုရပါတယ်။ အရပ်သား ၇ ဦးကို အမည်နာမမသိရှိရသေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုက ခေါ်ဆောင်သွားပြီး ၆ ဦးအသက်ဆုံးရှုံးခဲ့ပြီး တဦးက ဒဏ်ရာရပြီး လွတ်မြောက်လာတယ်လို့ဆိုပါတယ်။ 

နောက်ဆုံးပိတ်သတင်းတပုဒ်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ဒါဇင်နဲ့ချီရှိတဲ့ မြန်မာနိင်ငံက မြောက်ပိုင်းအဖွဲ့တွေလို့ ခေါ်ဆိုတဲ့ အဖွဲ့ထဲက ၆ ဖွဲ့ နဲ့ စစ်ကောင်စီက ဖွဲ့စည်းတာဝန်ပေးထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု စေ့စပ်ဆွေးနွေးရေးကော်မတီနဲ့ ဒီဇင်ဘာ ၁၅ရက်နဲ့ ၁၆ ရက်နေ့တွေက မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

တွေ့ဆုံတဲ့ ၆ဖွဲ့ကတော့ UWSA, NDAA, MNDAA, AA, TNLA, SSPP/SSA တို့ဖြစ်တယ်လို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်အနေနဲ့ ကေအန်ယူ၊ ကေအိုင်အေလို ရှိပြီးသားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသအလိုက်ပေါ်ထွက်လာတဲ့ ပီဒီအက်ဖ်တွေနဲ့ ရင်ဆိုင်တိုက် ခိုက်နေစဥ်မှာ ကျန်တဲ့အဖွဲ့တွေကို ‌ေခတ္တအပစ်ရပ်ထားချင်တဲ့ ဆန္ဒရှိမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ 

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေမှာလည်း ယေဘုယျရည်မှန်းချက်ပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီဖြစ်ပြီး ဒီပန်းတိုင်ကိုရောက်ဖို့နဲ့ အဖွဲ့ရဲ့ ရပ်တည်ရှင်သန်နိုင်ရေး ဒေသနေ သက်ဆိုင်ရာလူမျိုးစုတွေကို အကာအကွယ်ပေးနိုင်ရေး စတဲ့အချက်တွေကို ပေါင်းစပ်စဥ်းစားပြီး စစ်ကောင်စီရဲ့ မဟာဗျူဟာ နည်းဗျူဟာကို တုံ့ပြန်ကြလိမ့်မယ်လို့ မှန်းဆရတာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar