Breaking News

သင်းရည်လွင် - ဒီဇင်ဘာ

Art - TYL
ဒီဇင်ဘာ 
သင်းရည်လွင်
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၂၁

ဆူးခြုံလေးတစ်ခုထဲ
ဘုတ် ငှက်ကလေးလည်း တိတ်တိတ်လေး ချမ်းနေတယ်
နှင်းတွေက တယ်လီဖုန်းထဲမှာတောင်
ဧရိယာ ပြင်ပ တဖွဲဖွဲကျလို့
ညီမလေးရဲ့ ဒီဇင်ဘာပေါ့
အနေဝေးသူတွေ ပြန်မဆုံနိုင်မယ့် ကမ်းခြေတစ်ခုလည်း ဖြစ်တယ်
စန္ဒယားသံထဲ အလွမ်းကို ကီးမြှင့်စရာ မလိုအောင်
ဝေးနေကြ လမ်းကလေးအတိုင်း
ဝေးလက်စ မကုန်တော့ဘူး
ရေဒီယိုအသံလှိုင်းထဲမှာ 
သိုးတွေ အိမ်ပြန်နောက်ကျမယ့်သီချင်းသံ ကြားရတယ်
ခရစ်စမတ်ပန်းတွေပွင့်အုံးမှာလား
ဂစ်တာကို ဘယ် ကော့ဒ်မှ မပါပဲ
တီးခတ်
စာသားချည်းသက်သက် ချရေးလိုက်တယ်
ကျွန်တော်တို့မိသားစု
ဘယ်တော့မှ လူမစုံနိုင်တော့ပါဘူး
ခေတ်ကြီးက သွေးခွဲလိုက်တာပါ
တောင်ယာမီးရှို့ချိန်ပါပဲ
ဘဝတွေလည်း လောင်မြိုက်ခဲ့တယ်။ ။ 

1122021
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar