Breaking News

အောင်ဝေး - နောက်မဆုတ်တဲ့သီချင်း

အောင်ဝေး -  နောက်မဆုတ်တဲ့သီချင်း 
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၂၁

ရေအလျဉ်ကို
ရင်ဘတ်နဲ့
ဆီးမခံချင်ပါနဲ့အရှင်။
ဘေလ်ရစ်ချတ်ဆန်
ပြန်မလာပါနဲ့။
ဆာဆာကာဝါ
ပြန်မလာပါနဲ့။
ဆွန်ကော့ရှန်
ပြန်မလာပါနဲ့။
ဓားကိုဆွဲထုတ်ပြီးကာမှ
ဓားအိမ်ထဲ
ငါတို့ပြန်မသွင်း။
နောက်ဆုတ်မယ်ဆိုရင်
ဒီသီချင်း
ငါတို့ဘယ်တော့မှမဆို။
လူသားချင်းစာနာမှုတဲ့လား
ဒီမှာ
လူသားချင်းမစာနာလို့
တိုင်းပြည်ပျက်နေတာပါ
အမေရိကန်ကြီးရယ်။
ဓာတ်ခဲနဲ့စစ်ခွေး
ငြိမ်းချမ်းရေးပဲလား
တစ်နိုင်ငံလုံး မငြိမ်းချမ်း
ပြည့်ဝမ်းမီးတောက်နေတယ်
မြင်လှည့်စမ်းပါ့နိပွန်ကြီးခင်ဗျား။
"ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့မှဖြစ်မယ်"
"ဒေါ်အောင်ဆန်းစုကြည်က
အဆုံးအဖြတ်ပဲ"
ခင်ဗျားတို့လာတိုင်း ဒီလိုပြော
ပြီးတော့လည်း
စစ်ခွေးတွေနဲံ
ကမ်ပေ့လုပ်ပြီးပြန်သွားတာပဲမဟုတ်လား
ပေါက်ဖော်ကြီးရဲ့။
ယောင်လို့များ
တောင်ပို့နား မကပ်လေနဲ့။
ပြည်ထောင်စုအိမ်ကြီးပေါ်
ဖွတ်တက်နေတာ
ပြာတွေသယ်မလာနဲ့။
အခုအချိန်က
တိုင်းပြည်အိပ်မက်နေတာမဟုတ်
အဆိပ်တက်နေတာ
နှစ်ဖက်စေ့စပ်ရေး လာမလုပ်နဲ့။
အခုအချိန်က
တိုင်းပြည်အေးချမ်းနေတာမဟုတ်
ဘေးသန်းနေတာ
တွေ့ဆုံဆွေးနွေးရေး လာမလုပ်နဲ့။
နောက်ဆုတ်ဖို့များ
ဒီသီချင်း
ငါတို့ယောင်လို့တောင်မဆို။
ကျွန်ုပ်တို့သည်
တစ်ယောက်အသက်ကို
တစ်ယောက်ငုတ်ရိုက်
မတုန်မခိုက် ဦးမစိုက်စတမ်း။
တိုက်ရဲသူသာ
စစ်ပွဲအောင်လံ ထူစတမ်း။
နွေဦးသည်
သွေးစွန်းခဲ့ပြီ။
ပန်းတို့လည်း
ကြွေခဲ့ကြပြီ။
ကြယ်တွေကား
မြေအားနမ်းအပ်
အိပ်စက်လတ်ပြီ။
မကျေ
မကျေ
ရာဇဝင်မကျေ။
နာကျင်ကြေကွဲသောခေတ်
စစ်အာဏာရှင်စနစ်
အမြစ်ဖြတ်။
တော်လှန်စစ်
ခုခံစစ်
လူထုစစ်မှတပါး
အခြားမရှိ။
ကြည့်လေ
ကောင်းကင်အိုအိုမှာ
တိမ်ညိုညိုတွေ ပြိုနေပြီ။
တောင်ကျချောင်းက
ဒေါင်းရောင်နေမျိုး
ဝက်ခေါင်းထို့းဆင်းလို့လာပြီ။
လေးကိုင်းကိုကွေးတင်၍
လေးညှို့ကိုငင်ပြီးပြီ
မြားဦးမှာ မရပ်ချင်ပါနဲ့အရှင်။     ။

အောင်ဝေး
(ဒီဇင်ဘာ ၁၊ ၂၀၂၁)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar