Breaking News

ကိုကျော် (မြစ်ကြီးနား) - နယူးယောက်မှာ နိုင်ငံသားမဟုတ်သူများအား မဲထည့်နိုင်ခွင့်ဥပဒေအတည်ပြု

ကိုကျော် (မြစ်ကြီးနား) - နယူးယောက်မှာ နိုင်ငံသားမဟုတ်သူများအား မဲထည့်နိုင်ခွင့်ဥပဒေအတည်ပြု
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၁

ကြာသပတေးနေ့မှာ သမိုင်းဝင်ခြေလှမ်းတစ်ရပ်အဖြစ် အမေရိကန်နိုင်ငံသား မဟုတ်သူများအား ဒေသဆိုင်ရာ ရွေးကောက်ပွဲများမှာ ဆန္ဒမဲထည့်ခွင့်ပြုမဲ့ ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။ ဒီဥပေဒေကြောင့် မဲပေးနိုင်တဲ့အခွင့်အရေး ပိုမိုကျယ်ပြန့်စေလိုတဲ့ ရွေ့ပြောင်းနေထိုင်သူ ထောက်ခံသူများနဲ့ တဖက်မှာလည်း အမေရိကန်နိုင်ငံသားရဲ့တန်ဖိုးကို လျော့ကျသွားစေတယ်လို့မြင်နေကြတဲ့ ဝေဖန်သူများအကြား ငြင်းခုံတိုက်ပွဲတစ်ခု ဖြစ်လာစေပါတယ်။

ရက်ပေါင်း ၃၀ အတွင်း ဗီဒိုအာဏာဖြင့် ပယ်ချခဲ့ခြင်းမရှိပါက သို့မဟုတ် မြို့တော်ဝန်မှ ရက်ပေါင်း ၃၀ အတွင်း လက်မှတ်ရေးထိုးခဲ့ပါက ဥပဒေအဖြစ် သက်ဝင်သွားမှာဖြစ်ပြီး နယူးယောက်မြို့မှာရှိတဲ့ အမေရိကန်နိုင်ငံသားမဟုတ်သူ အရေအတွက် ၈ သိန်းကျော်တို့က ရွေးကောက်ပွဲများမှာ မဲထည့်နိုင်ခွင့်ရှိသွားမှာ ဖြစ်ပါတယ်။ ဥပဒေအသစ်က အမြဲတန်းနေထိုင်ခွင့် ရရှိထားသူများ (green card holders) သို့မဟုတ် အမေရိကန်မှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသူများ အကျုံးဝင်မှာဖြစ်ပါတယ်။

"မည်သူမဆို နယူးယောက်မြို့ အစိုးရရုံးအဖွဲ့မှာ အရွေးခံရလိုသူက အဲဒီအသိုင်းအဝိုင်းတွေရဲ့ ယဥ်ကျေးမှုဓလေ့ကို ဂုဏ်ပြုကျင်းပဖို့ ကပွဲမှာပါဝင်မယ် သူတို့ရဲ့အစားအစာကို သွားစားကြမယ်ဆိုရုံမက သူတို့ရဲ့ လိုလားချက်တွေကို အချိန်ယူပြီး ဆွေးနွေးပြောဆိုဖို့ လိုအပ်ပါလိမ့်မယ်။ အလုပ်သမားလူတန်းစား အသိုင်းအဝိုင်းတွေထဲမှာ အချိန်မြုပ်နှံပေးဖို့ လိုအပ်ပါလိမ့်မယ်" လို့ ဒိုမီနီကန်နိုင်ငံမှ ရွေ့ပြောင်းနေထိုင်သူ ယခု နယူးယောက်မြို့ ကောင်စီအဖွဲ့ဝင် Ydanis Rodriguez က ပြောပါတယ်။

"နယူးယောက်မြို့က တစ်စုံတစ်ခုလုပ်လိုက်ရင် တတိုင်းပြည်လုံးအထိ ဂယက်ရိုက်စေပါတယ်။ တခြားမြို့တွေမှာရှိတဲ့ ရွေ့ပြောင်းနေထိုင်သူများကိုလည်း သူတို့ရဲ့မဲထည့်နိုင်တဲ့ အခွင့်အရေး ရယူနိုင်တယ်ဆိုတာကို စဥ်းစားလာစေဖို့ ကျနော်တို့က ဦးဆောင်လမ်းပြပေးချင်တာဖြစ်ပါတယ်" လို့ နယူးယောက် လူဝင်မှုကြီးကြပ်ရေးညွန့်ပေါင်းအဖွဲ့ ဒါရိုက်တာ Murad Awawdeh က ပြောပါတယ်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က ဥပဒေကြောင့် အမေရိကန်နိုင်ငံသား ဖြစ်စရာမလိုအပ်ဘူးဆိုတဲ့ တိုက်တွန်းအားပေးမှုတွေ ဖြစ်ပေါ်လာနိုင်တာကို ပူပန်မှုရှိကြောင်း ထုတ်ဖော်ခဲ့ပေမဲ့ လွန်ခဲ့တဲ့လမှာတော့ ဥပေဒကိုအတည်ပြုခဲ့ရင် ဗီဒိုပါဝါနဲ့ ပယ်ချမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

တိုင်းပြည်ရဲ့နေရာတချို့မှာ အလားတူဥပဒေမျိုးနဲ့ ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုများ ကြုံခဲ့ရဖူးပါတယ်။ စက်တင်ဘာလတုန်းက Vermont ပြည်နယ်မှ မြို့နှစ်ခုရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲများမှာ နိုင်ငံသားမဟုတ်သူများအား ဆန္ဒမဲထည့်ခွင့် ပေးခဲ့တဲ့အတွက် ရီပတ်ပလီကင်ကော်မတီမှ တရားစွဲဆိုခဲ့ပါတယ်။ "အမေရိကန်ရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံခြားသားများကို ဝင်ရောက်ဆုံးဖြတ်စေတဲ့ အစွန်းရောက် အစီစဥ်ဖြစ်တယ်" လို့ ထုတ်ဖော်ခဲ့ပါတယ်။ အလာဘားမား၊ အရီဇိုးနား၊ ဖလော်ရီဒါ၊ ကိုရိုရာဒို နဲ့ ဒါဂိုတာမြောက်ပိုင်း ပြည်နယ်များမှာ ဒီလိုဥပေဒမျိုးကို တားမြစ်ထားပါတယ်။

အမေရိကန်မှာ နိုင်ငံသားဖြစ်မှ ဆန္ဒမဲထည့်ခွင့်ရှိတယ်ဆိုတာ အမြဲတမ်း မဟုတ်ခဲ့ပါဘူး။ အမေရိကန်သမိုင်းတလျှောက် နိုင်ငံတည်ထောင်ခဲ့ချိန်မှစပြီး ၁၉၂၆ ခုနှစ်အထိ ပြည်နယ်ပေါင်း ၄၀ တို့မှာ နိုင်ငံသားမဟုတ်သူများအား ဆန္ဒမဲထည့်ခွင့်ပြုခဲ့တဲ့ အချိန်ကာလများ ရှိခဲ့ပါတယ်။ တချို့နေရာများမှာ ဒေသဆိုင်ရာမှာ သာမက ပြည်နယ်နဲ့နိုင်ငံတော် ရွေးကောက်ပွဲများမှာပါ မဲထည့်ခွင့်ပြုခဲ့ကြပါတယ်။

ဘယ်သူတွေက ဆန္ဒမဲထည့်ခွင့်ရှိတယ်ဆိုတဲ့ မေးခွန်းက ရာစုနှစ်များတလျှောက် ပြောင်းလဲလာခဲ့ပြီး အဖရိကန်-အမေရိကန်လူမည်းများ၊ အမျိုးသမီးများ နဲ့ လူငယ်များတို့ကိုပါ ထည့်သွင်းလာခဲ့ကြပါတယ်။ "ဒီမိုကရေစီ ဆိုတာက ဆင့်ကဲပြောင်းလဲနေတဲ့ အလေ့အကျင့်တစ်ခုလို့လည်း တွေးလို့ရပါတယ်" လို့ Democracy for All: Restoring Immigrant Voting Rights in the United States စာအုပ်ရေးသားသူ ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Ron Hayduk မှ ထောက်ပြခဲ့ပါတယ်။

ဒိုမီနီကန်မှ ပြောင်းရွေ့နေထိုင်သူ ကလေးသုံးယောက်မိခင် Eva Santos အတွက်ကတော့ ဒီဥပေဒေဟာ နယူးယောက်မြို့မှာ အလုပ်လုပ်ကိုင်ပြီး အခွန်အခများပေးဆောင်ထားတဲ့ လူတစ်ဦးအနေနဲ့ အသိမှတ်ပြုခြင်းခံရတယ်လို့ခံစားရပြီး မြို့တော်ကို ဘယ်လိုစီမံအုပ်ချုပ်တာနဲ့ ပတ်သက်ပြီး ဝင်ရောက်ပြောပိုင်ခွင့် ရထိုက်တယ် လို့ ဆိုပါတယ်။

"ကျမရဲ့ကလေးတွေအားလုံး နယူးယောက်မြို့မှာပဲ မွေးဖွားခဲ့တာပါ။ အမေရိကန်နိုင်ငံသား မိဘတွေလိုပဲ ကျမရဲ့ကလေးတွေရဲ့ အနာဂတ်၊ သူတို့ရဲ့လုံခြုံရေး နဲ့ ဝါသနာစိတ်ဝင်စားမှု တို့အတွက် ဆုံးဖြတ်ချက်ချနိုင်မဲ့ မြို့တော်ရဲ့ ကိုယ်စားလှယ်ရွေးချယ်မှုမှာ ကျမကလည်း ပါဝင်ကူညီပေးနိုင်တဲ့လူ ဖြစ်လိုပါတယ်" လို့ Eva Santos မှ ပြောသွားကြောင်း။ 

(ကိုးကား။ ။ Time - Dec 10, 2021 - New York's Move Allowing Non-Citizens to Vote Could Lead Other Cities to Follow)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar