အောင်ဒင် - ဖက်ဆစ်များနှင့် စေ့စပ်ညှိနှိုင်းခြင်း
အောင်ဒင် - ဖက်ဆစ်များနှင့် စေ့စပ်ညှိနှိုင်းခြင်း
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၁
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်
မနက်ခင်းကထဲက တိတ်ဆိတ်ငြိမ်သက်ခဲ့တဲ့ နိုင်ငံတော်ဟာ
ညနေ ၄ နာရီမှာမှ
လက်ခုတ်သံတွေ၊ ကြွေးကြော်သံတွေနဲ့
ပြန်လည် လှုပ်ရှားလာတော့တယ်
ငါတို့ နိုင်တယ်၊
ဒီနေ့ တစ်နေ့ ငါတို့နိုင်တယ်၊
နောက်နေ့တွေမှာလည်း ငါတို့ နိုင်မယ်
အဆုံးသတ်အောင်ပွဲကို မကြာခင်မှာ ငါတို့ ရောက်ရှိတော့မယ်
ငါ ယုံကြည်တယ်၊ တကယ်…ရဲရဲ…။
ကုလသမဂ္ဂကြီးက ပြောတယ်
အာဆီယံက ပြောတယ်
ဖက်ဆစ်ဗိုလ်ချုပ်တွေရဲ့ ဂရုစိုက်မှုကို သာယာပြီး
ဖက်ဆစ်ဗိုလ်ချုပ်တွေနဲ့ အတူတကွ
သောက်စား မြူးတူး၊ ပျော်ပါးခဲ့ကြဘူးတဲ့
"မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ" ဆိုသူတွေကလည်း ပြောတယ်
ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းကြရမယ်…တဲ့ မှန်သင့်သလောက်တော့ မှန်ပါတယ်…။
ငါတို့အားလုံး နားလည်ကြတယ်
ခွေးရူးတစ်ကောင်ကို ချောင်ပိတ်ရိုက်ရင်
ထွက်ပေါက်မရှိတဲ့ ခွေးရူးက
သွေးရူးသွေးတန်း ခုခံရင်း
ငါတို့တွေလည်း ခွေးရူးကိုက်ခံရနိုင်တယ်
မအလကိုလည်း ထွက်ပေါက်တစ်ခုခု ပြသင့်တာပေါ့…။
သူ့ကို ရွေးချယ်ခွင့် ပေးကြရအောင်ပါ၊
ပြည်တွင်းက တရားရုံးမှာ
နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု၊
အကြမ်းဖက်လူသတ်မှုတွေနဲ့
တရားရင်ဆိုင်မလား?
ဒါမှမဟုတ်၊ အာဂျင်တီးနားနိုင်ငံက တရားရုံးမှာ
လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက်
တရားစီရင်တာ ခံမလား?
ဒါမှမဟုတ်၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တော်က
နိုင်ငံတကာတရားရုံး (ICJ) နဲ့
နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တွေမှာ
လူသားမျိုးနွယ်စုအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်
တရားစီရင်ခံမလား? …။
သူ့မှာ ရွေးချယ်စရာတွေ ရှိမှန်းသိရင်
သူ့ကိုလည်း ရွေးချယ်ခွင့်ပေးမယ်ဆိုရင်
သူလည်း လက်နက်ချဖို့ စဉ်းစားလာနိုင်ပါတယ်…။
သူ့ကို စဉ်းစားစရာတွေလည်း ချပြရမှာပေါ့
ဒါမှ သူ့ဆုံးဖြတ်ချက်ဟာ မှန်ကန်တိကျနိုင်မှာပေါ့…။
ပြည်တွင်းမှာ တရားစီရင်ခံမယ်ဆိုရင်
သေဒဏ်ပေါင်းများစွာ ချမှတ်ခံရနိုင်တယ်
အမိန့်မချခင်
အင်းစိန်ထောင်ထဲက အချုပ်ဆောင်မှာ
လပေါင်းများစွာ နေရမယ်
ဝါရင့်အကျဉ်းသားတွေက
သူ့ကို ပုံစံမောင်းကြလိမ့်မယ်
သူ့ကို မိလ္လာပုံးတွေ ထမ်းခိုင်းလိမ့်မယ်
ရေချိုးရင်လည်း ပုံစံပန်းကန်ပြားနဲ့ ၁၀ ခွက်ပဲ ချိုးရမယ်၊
အဆင်မသင့်ရင်
စစ်သမီးဘဝ အပြောင်းခံရနိုင်တယ်…။
ပြစ်ဒဏ်ချပြီးတော့လည်း
သူ့ကို ကြိုးမပေးခင်စပ်ကြား
နောက်ထပ်အမှုပေါင်း များစွာအတွက်
ဒေါက်၊ ခြေကျင်းခတ်ပြီး ရုံးထွက်ရမယ်၊
တရားရုံးကို ရောက်လာမယ့် ပြည်သူတွေက
တံတွေးနဲ့ ထွေးတာလည်း ခံရနိုင်တယ်
အဲဒီ ဒဏ်တွေကြောင့်ပဲ
ကြိုးမပေးခင် သေဆုံးသွားနိုင်တယ်…။
အာဂျင်တီးနားမှာတော့
ပေါင်မုန့်ကြမ်းနဲ့ ဝက်ပေါင်ခြောက် စားရနိုင်တယ်၊
အချုပ်ခန်းက နည်းနည်း ပိုကျယ်တယ်၊
ဘာသာပြောင်းချင်ရင် ဖတ်ဖို့
သမ္မာကျမ်းစာ စာအုပ်တွေ ရှိလိမ့်မယ်
ကင်တားနား (Quintana) နဲ့ မကြာခဏတွေ့ရမယ်
သေဒဏ်တော့ မကျနိုင်လောက်ဘူး…။
ဂျီနီဗာတရားရုံးမှာ
အစားအသောက် ပိုကောင်းတယ်၊
ထောင်တွင်းနေထိုင်မှု ပိုအဆင့်မြင့်တယ်၊
တီဗီကြည့်လို့ရမယ် (မြဝတီချယ်နယ်တော့ မဟုတ်ဘူး)
ရှေ့နေတွေ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလို့ရမယ်
တရားခွင်ထဲမှာ မိန့်ခွန်းပြောလို့ ရမယ်
အခြားသော နိုင်ငံတကာ စစ်ရာဇဝတ်ကောင်များနဲ့အတူ
သမိုင်းတင်ခံရလိမ့်မယ်
သေဒဏ်တော့ ကျမှာမဟုတ်ဘူး…။
သူကလည်း
အာဂျင်တီးနားတို့၊ ဆွစ်ဇာလန်တို့ မရောက်ဘူးတော့
အဲဒီ နိုင်ငံတွေကိုသွားဖို့ ရွေးချယ်ချင်မှာပေါ့
ဒါဆို
ငါတို့ဘက်ကလည်း သဘောထားကြီးကြီးနဲ့၊ ထပ်ပြီး လိုက်လျောဖို့လိုတယ်…။
သူခေါ်ချင်သမျှ
သူ့ရဲ့ နောက်လိုက် စစ်ဗိုလ်မိုက်တွေ၊
သူ့ကို ဦးဆောင်နေတဲ့
ဘာသာရေးခေါင်းဆောင်၊ သီလကြောင်တွေ
သူ့ကို ကပ်ဖား၊ မြှောက်ပင့်စားနေတဲ့
သိရိ သုဓမ္မ၊ မဟာအသုဘ သူဋ္ဌေးကြီးတွေ၊
သူ့ရဲ့ ဘုန်းတော်ဘွဲ့တွေကို၊ မရှက်မကြောက် သီကျူးရေးသားနေတဲ့
အချောင်သမား၊ အနုပညာ၊ စာပေ၊ ဂီတနဲ့၊ လုပ်စားကြသူတွေ၊
သူ လက်သတ်မွေး ၊ ငြိမ်းချမ်းရေးပွဲစားတွေ၊
သူ့ကို အထောက်အကူပြုနေတဲ့
ပညာရှင်အတုအယောင်၊ လူ့အဆံချောင်တွေကို
သူနဲ့အတူတူ၊ ခေါ်ယူသွားခွင့်ပြုမယ့်အကြောင်း
လေယဉ်ခတွေပါ အကုန်အကျခံမယ့် အကြောင်း
မြန်မာနိုင်ငံကို ဘယ်တော့မှ ပြန်လာစေမှာ မဟုတ်တဲ့အကြောင်း…။
ရဲဘော်တို့
အဆုံးသတ်အောင်ပွဲ နီးကပ်လာချိန်မှာ
မအလနဲ့ စေ့စပ်ညှိနှိုင်းဖို့
ကြိုတင် ပြင်ဆင်ထားကြပါစို့…။
(ဒီဇင်ဘာ ၁၀၊ ၂၀၂၁၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့)
(Thomas Quintana: မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအစီရင်ခံစာ ရေးသားသူဟောင်းနှင့် အာဂျင်တီးနား တရားရုံးတွင် စွဲဆိုထားသောအမှုအတွက် တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူ။)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar