ဇာနည် - ""ကန္တာရနရသိန်အကျဉ်းသားတဦး၏နောက်ဆုံးခရီး..""
ဇာနည်
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၁
"ကိုမြတ်လှိုင်း ကွယ်လွန်သွားပြန်ပြီ.."
သူ့နာမည်ရင်းက "စိုးမြတ်"..သူ့ ရဲ့ကဗျာတွေ စာတွေရေးခဲ့တဲ့ကလောင်နာမည်တွေက "မြတ်လှိုင်း"ကိုနိုင်း "..ရုပ်ရှင်ဇာတ်ညွန်းတွေရေးတော့ "မြတ်လှိုင်း"(ကဗျာ) နာမည်နဲ့ အရေးများသည်။
(၂၀၂၁)ခုနှစ်သည်၊ မိတ်ဆွေသူငယ်ချင်းများ..ချစ်သူခင်သူများ..ရဲဘော်ရဲဘက်များ..တယောက်ပြီးတယောက် စွန့်ခွာကျောခိုင်းသွားသောနှစ်တနှစ် ဖြစ်ခဲ့လေသည်။
"ရဲဘော်မိုးကျော်" ဆုံးတော့ အလုပ်တွေဘာဆက်လုပ်ရမှန်းမသိဖြစ်ခဲ့ရသည်။ ကိုယ့်ညီအရင်းလေးတယောက်လိုချစ်ခင်ရသော "ရဲဘော်နှင်းအောင်" ကျတော့ ဘာပြောရမှန်းမသိအောင် ဖြစ်ခဲ့ရပြန်သည်။
အခုလည်း ..ခင်မင်ရသော ကဗျာဆရာ ရဲဘော်မြတ်လှိုင်းဆုံးခဲ့ပြန်လေပြီ။ သူနှင့်ကျနော် အင်းစိန်သီးသန့်ထောင်မှာ နေစဉ်က ထောင်ထဲမှာ စာစောင်တွေ ကဗျာစာအုပ်တွေအတူထုတ်ခဲ့ဖူးလေသည်။ အကျဉ်းထောင်ထဲမှာ ကဗျာစာအုပ်ထုတ်ခဲ့ရတာက ရင်ခုန်ကြည်နူးစရာကောင်းလှသည်။
သူသည် ကျနော်တို့နှင့် သက်တူရွယ်သူတယောက်ဖြစ်သောလည်း စာရေးသက်ကတော့ အတော်ကိုစောသည်ဟုပြောရမည်။ သူသည် "မိုးဝေ"နဲ့ "ရူမဝ"ခေတ်ကာလကိုမီသူလည်းဖြစ်သည်။ ထိုခေတ်က "ရူမဝ မဂ္ဂဇင်း" တွင် အဖွင့်ကဗျာတွေက ဆရာကြီးတွေရဲ့ကဗျာတွေကိုသာဖေါ်ပြခဲ့ပြီး၊ အတွင်းကဗျာတွေကတော့ ကလောင်သစ်တွေကိုဖေါ်ပြပေးတတ်သည်။ "မြတ်လှိုင်း"ဆိုသော ကလောင်နာမည်ဖြင့်သူ့ကဗျာတွေကို ရူမဝတွင် ကျနော်ဖတ်ခဲ့ဖူးလေသည်။
သူ ထောင်မကျခင်ကာလမှာထဲက ရုပ်ရှင်ဇတ်ညွန်းတွေရေးနေပြီး၊ ဆရာကိုစိမ်းနီ၏ ပိတောက်ပွင့်သစ်မဂ္ဂဇင်းမှာလည်း အယ်ဒီတာလုပ်ခဲ့ဖူးလေသည်။
သူသည် (၈၈)မျိုးဆက်တဦးလည်း ဖြစ်သည်။ ရှစ်လေးလုံးပြီး တော့ ဧရာဝတီတိုင်း ဒီချုပ်တွင်ပါခဲ့ပြီး၊ နောက် ပိုင်းတွင် ဒီချုပ်ဗဟိုပြန်ကြားရေးကော်မတီတွင်ပါခဲ့ဖူးလေသည်။ ထိုစဉ်က ဒီချုပ်က ထုတ်ဝေသောစာစောင်တော်တော်များများကို စီစဉ်ပေးခဲ့သူဖြစ်လေသည်။
သူထောင်ကျတဲ့အမူတွဲကလည်း..(၁၉၉၁) ဒီဇင်္ဘာ (၁၀) ရက်နေ့တွင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုငြိမ်းချမ်းရေးနိုဗယ်ဆုပေးခဲ့သည်ကိုအကြောင်းပြုပြီး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ဆန္ဒပြပွဲ (10/D) လှုပ်ရှားမှုဖြင့်ထောင်ဒဏ်(၁၀) နှစ်ချခံရသူဖြစ်လေသည်။
သူနှင့်ကျနော် အင်းစိန်သီးသန့်ထောင်ထဲတွင်ဆုံခဲ့ကြပြီး၊ (၆-၂၄-၉၄) နေ့တွင် မြင်းခြံထောင်သို့ပြောင်းပို့ခံရတော့လည်း အတူတူပင်ဖြစ်လေသည်။
မြင်းခြံထောင်သို့ဝင်ဝင်ခြင်း ထောင်ဗူးဝမှနေ၍ မျက်နှာကိုအဝတ်စီး၊ လက်ပြန်ကျိုးတုပ်ပြီး သံချေကျင်းတန်း လန်းနှင် ကိုက်(၃၀၀)ရလောက်ဝေးသည့် နိုင်ငံရေးအကျဉ်းသားများကိုထားသည့် တိုက်ခန်းများထဲသို့ ကျွဲတွေနွားတွေကိုခြံထဲသို့ရိုက်သွင်းသလို၊ လူတယောက်ကို လူဆယ်ယောက်လောက်က ဒုတ်မျိုးစုံဖြင့်ရိုက်သွင်းခံခဲ့ရတော့လဲအတူတူပင်ဖြစ်ခဲ့လေသည်။
ကျနော်တို့သည် မြင်းခြံထောင်ထဲတွင် (၁၉၉၄)မှ(၂၀၀၀)ပြည့်လွန်ကာလလောက်အထိ စစ်ထောက်လှမ်းရေး၊ထောင်ဝါဒါများနှင့်၎င်းတို့၏ပါးကွက်အာဏာသား လူသတ်မုဒိန်း/လူသတ်ဒမြ လူဆိုးလူမိုက်များရဲ့ နည်းလမ်းပေါင်းစုံဖြင့် လူမဆန်စွာ နှိပ်စက် ညှဉ်းပမ်းမှုများကိုလည်း ခြောက်နှစ်လောက်အတူ ခံစားခဲ့ရဖူးလေသည်။
သူက ကျနော့်ထက်စောပြီးထောင်ကလွတ်သွားခဲ့ပြီး၊ ကျနော်ထောင်ကလွတ်လာတော့ သူ့နှင် ကိုသူရစိုးတို့ဂျာနယ်တခုထုတ်နေတာကိုပြန်တွေ့ခဲ့ရသည်။ အဲ့ဒီနောက် သူလည်း စာပေလောကထဲပြန်ကျင်လည် ကျနော်လည်း နိုင်ငံရေးလောကထဲပြန်ရောက်နှင့်လူခြင်းမတွေ့ဖြစ်ခဲ့တော့ပေ။
သူသည် တချိန်က ဒီချုပ်ဗဟို ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်ခဲ့ဘူးသော်လဲ..ထောင်ကလွတ်ပြီးနောက်ပိုင်းနှင့် ဒီချုပ်အာဏာရပြီးနောက်တွင် ဝေဖန်ရေးဆောင်းပါးတွေရေးခဲ့လေသည်။အဲ့ဒီနောက်ပိုင်း ကျနော်လဲပြည်ပသို့ရောက်သွားပြီး သူနှင့်အဆက်အသွယ်ပြတ်သွားခဲ့လေသည်။ တခါတရံ ကျနော့်မိသားစုများ အွန်လိုင်းကကြည့်သော မြန်မာဗီဒီယိုဇတ်ကားများတွင် ဇတ်ညွန်းရေးသူ "မြတ်လှိုင်း"(ကဗျာ) နာမည်ဖြင့် သူ့ကိုမကြာခဏပြန်တွေ့ခဲ့ရလေသည်။
လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကမှ သူနှင့် ဆိုရှယ်မီဒီယာ (Face book) တွင်ပြန်ဆုံခဲ့ပြီး၊ သူနှင့်ကဗျာအကြောင်းစာအကြောင်းများပြန်ပြောဖြစ်ခဲ့လေသည်။ သူသည် စာတွေကဗျာတွေ ၊ ရုပ်ရှင်ဇတ်ညွန်းတွေအမြောက်အများ ရေးနေတာကိုတွေ့ရသည်။ တခါတရံ ဂျာနယ်စာစောင်များတွင်သူရေးထားသော နိုင်ငံရေးဝေဖန်ချက်ဆောင်းပါးများကိုကျနော့်ဆီပို့ပေးတတ်လေသည်၊ အများစုကတော့ ဒီချုပ်ပါတီ၏နိုင်ငံရေးအလွဲတွေကိုထောက်ပြထားသောဝေဖန်ရေးဆောင်းပါးတွေဖြစ်လေသည်။
ကျနော်က သူ့နိုင်ငံရေးထက် သူ့အနုပညာလက်ရာတွေ ၊အထူးသဖြင့် သူ့ကဗျာတွေကိုပိုနှစ်သက်သည်၊ သူ့ကဗျာတွေမှာ စကားလုံရွေးခြယ်သုံးနှုံးမူ့တွေလှပြီး နမိတ်ပုံတွေလဲအားကောင်းသည်ဟုခံစားမိသည်။ သူ့ကဗျာရေးသက်ကလဲမနဲတော့ပါ။ သူက ကျနော့်ကဗျာရှည်ငါးပုဒ်နဲ့သူ့ကဗျာရှည်ငါးပုဒ်ပေါင်းပြီးကဗျာစာအုပ်တအုပ်ထုတ်ဖို့ပြောခဲ့ဘူးသေးသည်။ နောက်ပိုင်း သူလေဖြတ်ပြီး အိပ်ယာထဲလဲသွားခဲ့တော့ ကဗျာစာအုပ်လဲမထုတ်ဖြစ်ခဲ့တော့။ ပြန်ကောင်းလာတော့ သူလမ်းကောင်းကောင်းမလျှောက်နိုင်တော့၊လေဖြတ်ပြီးနောက် သူဇာတိ မအူပင်မြို့သို့သူပြန်သွားနေခဲ့လေသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် သူသည် စစ်တပ်က အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့သော်လည်း အာဏာရပါတီ၏လိုအပ်ချက်များကို အားမလိုအားမရဝေဖန်နေတာတွေ့ရသည်။
သူကျန်းမာရေးကလည်း တစတစပြန်ဆိုးလာပုံရသည်။ လွန်ခဲ့တဲ့လေးလလောက်က၊ သူနဲ့နောက်ဆုံးစကား ပြောခဲ့ရပြီး၊ ကျနော်က "ခင်ဗျားကျန်းမာရေးသာဂရုစိုက်ပါဗျာ..ဒေါသဖြစ်စရာ၊ အာရုံနောက်စရာတွေသိပ့်မစဉ်းစားပါနဲ့.."လို့ ပြောခဲ့ဖူးသည်။
ခုတော့..သူသည် သူချစ်သော စာပေအနုပညာ၊ သူရင်းနှီးပေးဆပ်ခဲ့ဖူးသော နိုင်ငံရေးလောက နိုင်ငံငံရေးဖြစ်စဉ်များနှင့် အဝေးဆုံးတနေရာကို အပြီးတိုင်စွန့်ခွာကျောခိုင်းထွက်ခွာသွားခဲ့လေပြီ။
သူ့ ကဗျာတွေ စာတွေကတော့ ကျနော်တို့ဆီမှာသူချန်ထားခဲ့လေသည်။ ကျနော်တို့သည် သူ့ကဗျာတွေစာတွေပြန်ဖတ်ဖြစ်ကြတဲ့အခါ၊ သူရေးခဲ့သောဇတ်ညွန်းရုပ်ရှင်တွေပြန်ကြည့်ဖြစ်ခဲ့သောအခါများတွင် သူ့ကိုသတိရကြမည်၊ သူအကြောင်းကိုပြန်ပြောဖြစ်ကြလိမ့်မည်။
ဒီ စစ်အာဏာရှင်စနစ်တိုက်ပွဲမပြီးသမျှ အကျဉ်းထောင်ဇတ်လမ်းများကိုကြားရ မြင်ရတွေ့ရသည့်အခါအတိုင်း ၊တခါက ကျနော်တို့အတူတကွမွေ့လျော်ခဲ့ဘူးသော ကန္တာရနရသိန် "မြင်းခြံထောင်" နှင့်အတူ ၊ သူ့နဲ့တကွသော ကျန်ရဲဘော်ရဲဘက်များ၏ ပုံရိပ်တွေကိုပြန်လည်မြင်ယောင် အမှတ်ရနေကြရပေဦးမည်ဖြစ်ပါတော့သည်။
"ရဲဘော်မြတ်လှိုင်းရေ.. ငြိမ်းချမ်းစွာအနားယူလှဲ့ပါတော့..မောင်ရင်လဲ တာဝန်ကျေသင့်သလောက် ကျေခဲ့ပြီပဲလေ.."
ဇာနည်
(၁၀-၁၂-၂၀၂၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar