Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၁ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၁

◾️ ကမ္ဘာမှာ သတင်းသမားဒုတိယ အများဆုံးအဖမ်းခံထားရတဲ့ မြန်မာနိုင်ငံ
ခုရက်ပိုင်းအတွင်း နယူးယောက်အခြေစိုက် သတင်းသမားကာကွယ်ရေးကော်မတီ CPJ က နှစ်စဥ် သတ်ဖြတ်ခံရတဲ့ သတင်းသမား၊ ဖမ်းဆီးခံရတဲ့ သတင်းသမားတွေနဲ့ပတ်သက်လို့ အရေအတွက်စာရင်းထုတ်ပြန်လိုက်ရာမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဒုတိယအများဆုံး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံဖြစ်နေတာ တွေ့ရပါတယ်။ 

တရုတ်နိုင်ငံက အရေအတွက် ၅၀ ဦးနဲ့ ကမ္ဘာမှာပထမစွဲပြီး မြန်မာက ၂၆ ဦးနဲ့ ဒုတိယလိုက်ပါတယ်။ မြန်မာနောက်မှာ အီဂျစ်က ၂၅ ဦးနဲ့ တတိယလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တခုစာအတွင်း သတင်းလွတ်လပ်ခွင့် သိသိသာသာ မြင့်တက်လာပြီးနောက် စစ်အာဏာသိမ်းမှုအပြီးမှာ သတင်းလွတ်လပ်ခွင့်ဟာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားတာ ဖြစ်ပါတယ်။ သတင်းဌာနလိုင်စင်တွေ ပိတ်သိမ်းတာ၊ သတင်းဌာနရုံးခန်းတွေကို ဝင်ရောက်စီးနင်းပြီးဖမ်းဆီးတာ၊ ပြီးခဲ့တဲ့ ၁၀ လတာအတွင်း သတင်းသမားရာနဲ့ချီ ဖမ်းဆီးခဲ့ပြီးဖြစ်ကာ အခုလက်ရှိ ထိန်းသိမ်းခံထားရဆဲ သတင်းသမားအရေအတွက်က ၃၀ ကျော် ၄၀ နီးပါးရှိနေတာ ဖြစ်ပါတယ်။ 
CPJ ရဲ့ စာရင်းအရတော့ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၄င်းတို့စုဆောင်းရရှိတဲ့ သတင်းသမား ဖမ်းဆီးခံထားရသူ ၂၆ ဦးလို့ဆိုပြီး ထုတ်ပြန်ပါတယ်။ 

မြန်မာနိုင်ငံလို သတင်းသမားအရေအတွက် ၄/၅ ထောင်လောက်သာရှိတဲ့ နိုင်ငံအဖို့ သတင်းသမားရာဂဏန်းနဲ့ချီ ဖမ်းခံရပြီး ဒါဇင်နဲ့ချီကို တရားစွဲထား ပြစ်ဒဏ်ချမှတ်ဖို့ ထိန်းသိမ်းခံနေရတာဟာ စိုးရိမ်စရာအနေအထားဖြစ်တာပါ။ 

ရာခိုင်းနှုန်းအားဖြင့်တွက်ရင် လက်ရှိသတင်းသမားတွေရဲ့  ၁ ရာနှုန်းလောက် အဖမ်းခံထားရတဲ့သဘောဖြစ်နေတာကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေက ဘယ်လောက်ဆိုးရွားနေတယ်ဆိုတာ သိနိုင်ပါတယ်။ 

တရုတ်နိုင်ငံလို လူဦးရေအများကြီးရှိပြီး သတင်းသမားသောင်းနဲ့ သိန်းနဲ့ချီရှိနိုင်တဲ့နိုင်ငံမှာ သတင်းသမား ၅၀ အဖမ်းဆီးခံထားရတာနဲ့ သတင်းသမား ထောင်ဂဏန်းအနည်းငယ်သာရှိတဲ့နိုင်ငံမှာ သတင်းသမား ၂၅ ဦးဖမ်းဆီးခံထားရတာရဲ့ စိုးရိမ်စရာအနေအထား ဒီဂရီကွာခြားပုံကို မီးမောင်းထိုးပြချင်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ထိုးဆင်းသွားတာကို သတင်းသမားအဖမ်းခံရတဲ့ ကိန်းဂဏန်းနဲ့တိုင်းတာ အကဲဖြတ်တဲ့အခါ ကမ္ဘာမှာ ဒုတိယအများဆုံး အခြေအနေအဆိုးဆုံးဆိုတဲ့အဓိပ္ပါယ် ဖြစ်ပါတယ်။ မကြာခင် ကာလတွေမှာ ထုတ်ပြန်ကြဦးမယ့် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွေ အစီရင်ခံစာတွေမှာ မြန်မာနိင်ငံဟာ ကျဆင်းမှုအဆိုးဆုံးနိုင်ငံတွေအထဲ ဆက်လက်ဖေါ်ပြခံနေရဦးမယ့် အလားအလာတွေလည်း ရှိနေပြီဖြစ်ပါတယ်။ 

သတင်းသမားတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအပြင် ဒီနေ့အတွက် အခြားထူးခြားတဲ့ သတင်းတွေထဲမှာတော့ ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံရဲ့ လက်ရှိဥက္ကဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင် ဟွန်ဆန်က မြန်မာနိုင်ငံပြဿနာကို ပြန်လည်ရင်ကြားစေ့ရေးလမ်းကြောင်းနဲ့ သွားဖို့ တိုက်တွန်းနေတဲ့သတင်းနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက ကမ္ဘောဒီးယားခေါင်းဆောင်ကို မြန်မာ့အရေးမှာ စစ်တပ်ခေါင်းဆောင်တွေကို အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူထားချိန်မှာ လိုက်လျောမှုမလုပ်ဖို့ သတိပေးပြောဆိုလိုက်တဲ့သတင်းတွေ ဖြစ်ပါတယ်။ 

ကမ္ဘောဒီးယားခေါင်းဆောင်ဖြစ်သူ ဟွန်ဆန်က ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူကို ကမ္ဘောဒီးယားနိုင်ငံကို ဖိတ်ကြားလက်ခံတွေ့ဆုံခဲ့ပြီးနောက် စစ်ကောင်စီခေါင်းဆောင်လည်း အာဆီယံ အစည်းအဝေးတက်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးပြောဆိုလာတာ ဟွန်ဆန်ကိုယ်တိုင် မကြာခင်မှာ မြန်မာနိင်ငံကို လာဖို့အစီအစဥ်ရှိနေတဲ့ သတင်းတွေလည်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

အခုလို အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံကတာဝန်ယူရချိန်မှာ ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်က နိုင်ငံတကာသံတမန်နယ်ပယ်မှာ အသိအမှတ်ပြုမခံရတဲ့ အကြပ်အတည်းကို ထွက်ပေါက်ပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။ 

သံတမန်အရေးကိစ္စတွေက မြန်မာ့နိုင်ငံရေးအကြပ်အတည်းရဲ့ အဓိကအကြောင်းအချက်တွေမဟုတ်ပဲ အကြပ်အတည်းရဲ့ ထွက်ပေါက်က ပြည်တွင်းမှာ မှန်ကန်တဲ့အဖြေရှာနိုင်မှုကသာ အဓိကကျတယ်လို့ပဲ ဆိုချင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar