Breaking News

သီအိုဇော် - တရားတဲ့ဘဏ္ဏာငွေရှာဖွေရေးဟူသမျှ တာဝန်အရပါဝင်ကြ

သီအိုဇော် - တရားတဲ့ဘဏ္ဏာငွေရှာဖွေရေးဟူသမျှ တာဝန်အရပါဝင်ကြ
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၁

မပြောလည်းသိကြမှာဖြစ်ပေမယ့် ဒီခေါင်းစဥ်က မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ သမိုင်းဝင်ဆောင်ပုဒ်ကို မှီငြမ်းထားတာဆိုတာ ဦးစွာဝန်ခံလိုပါတယ်။ ဟင်နရီဒေးဗစ်သရိုးရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) စာအုပ်ကိုလေ့လာပြီးနောက် အဲန်အယ်လ်ဒီ တတ်သိပညာရှင်များက ဆောင်ပုဒ်တစ်ခု ဖေါ်ဆောင်ပေးတာကို ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြင်ဆင်အတည်ပြုကာ “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ရဲရဲတောက် ဆောင်ပုဒ်တစ်ခုပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမှာ နည်းမျိုးစုံနဲ့ ရန်ပုံငွေရှာပြီး တော်လှန်ရေးမီးလျှံကို ဆက်လက်တောက်လောင်စေကြတာ နေ့စဥ်နဲ့အမျှ တွေ့မြင်နေကြရပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ငွေတိုက်စာ ချုပ် ဝယ်ယူရေးနဲ့ပတ်သက်ပြီး အာရုံစိုက်ရေးသားလိုပါတယ်။ အသက်နဲ့ဘဝ ရင်းထားကြရတဲ့ ဒီတိုက်ပွဲအတွက် လိုအပ်တဲ့ဘဏ္ဏာငွေရှာဖွေတဲ့ သမိုင်းမှတ်တမ်းမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ဖို့ ထပ်မံအခွင့်အရေးရလာခြင်းလို့ သဘောထားကြရပါမယ်။

မှီငြမ်းတဲ့ကိစ္စပြီးတော့ ငှားသုံးချင်တဲ့စကားအကြောင်း ဆက်ပြောရအုံးမယ်ဆိုရင် ကိုယ်ပိုင်အရေးအသားရောပါအုံးမှာလားလို့ မေးရမလိုဖြစ်နေပါမယ်။ စာသားကိုနှစ်သက်တဲ့အပြင် အနက်အဓိပ္ပါယ်ကိုလည်း တန်ဖိုးထားတဲ့အတွက် အခါအားလျော်စွာ ကိုးကားမိပါတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့ “လူတစ်ယောက် ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” ဆိုတဲ့စကားပါ။ ကိုယ်ပိုင် အယူအဆအနေနဲ့ ပြောရရင် ဒီငွေတိုက်စာချုပ်ဝယ်ယူရေးဆိုတာ အမိမြန်မာနိုင်ငံကိုချစ်တဲ့သူတွေရဲ့ ပုခုံးပေါ်တင်ပေးလိုက်တဲ့တာဝန်လို့ ဆိုချင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့တန်ဖိုးက သူ ဘယ်ရွေ့ ဘယ်မျှ ဝယ်လိုက်တယ်ဆိုတာနဲ့ တိုင်းတာရမယ်လို့ ဆိုလိုတာမဟုတ်ပါ။ ပမာဏ ဘယ်လောက်ဖိုး ဝယ်လိုက်တယ်ဆိုတာထက် ဝယ်ယူဖို့ သူဘယ်လောက် ကြိုးစားခဲ့တယ်ဆိုတာက ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ တစ်ယောက်တည်း၊ တစ်မိသားစုတည်း ကိုယ်တတ်နိုင်တဲ့ပမာဏကို ဝယ်ယူလိုက်လို့ရသလို၊ စုပေါင်းပြီးမှ ဝယ်နိုင်မယ်ဆိုရင်လည်း (၁၀) ဦးစပ် ဒါမှမဟုတ် (၁၀၀) ဦးစပ်ပဲဝယ်ဝယ်၊ သမိုင်းတာဝန်ကို ထမ်းရွက်တာဖြစ်လို့ သူဟာလည်း တစ်ဦးတည်းနဲ့ စာချုပ်များစွာ ဝယ်ယူသူလို တန်ဖိုးရှိသူ၊ တာဝန်ကျေသူပဲဖြစ်ပါတယ်။

ငွေတိုက်စာချုပ်ပမာဏပြည့်မီဖို့ အဓိက အရေးကြီးတာ မှန်ပေမယ့် ဖြစ်နိုင်မယ်ဆိုရင် ဝယ်ယူသူ(၁၀၀၀)နဲ့ ပြည့်မီခြင်းထက် ဝယ်ယူသူ(၁၀)သန်းနဲ့ ပြည့်မီလိုတဲ့ ဆန္ဒရှိပါတယ်။ ဒါဟာ ဒီနွေဦးတော်လှန်ရေးနောက်မှာ မြန်မာပြည်သူပြည်သားတွေ ဘယ်လိုမားမားမတ်မတ်ရပ်ပြီး ညီညီ ညွတ်ညွတ်ထောက်ခံနေတာကို သွယ်ဝိုက် ပြသခြင်းပါပဲ။ ပြည်တွင်းမှာလည်း ဝယ်ယူလိုသူအများအပြားရှိကြတာ သံသယမရှိပေမယ့် လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်ရေးကို ပထမဦးစားပေးစဥ်းစားရမှာဖြစ်ပါတယ်။ အခုဆိုရင်လည်း NUG အနေနဲ့ ကေအိုင်အို၊ KPICT တို့နဲ့ လုံခြုံစိတ်ချရမယ့် လမ်းကြောင်းတစ်ခုကို ပူးပေါင်းဆောင်ရွက်နေပြီဖြစ်တယ်လို့ သိထားရပါ တယ်။‌ နောက်ထပ်နည်းလမ်းသစ်များလည်း ရှာဖွေပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အခုအချိန်ကာလမှာတော့ လွတ်လပ်လုံခြုံစွာဝယ်ယူနိုင်တဲ့ ပြည်ပရောက်မြန်မာများကို အထူးအာရုံစိုက် ရေးသားလိုပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့က UNFPA ကုလသမဂ္ဂလူဦးရေ ရန်ပုံ‌ငွေအဖွဲ့ (မြန်မာ) က မြန်မာနိုင်ငံဖွား လူဦးရေ (၄.၂၅) သန်းဟာ ပြည်ပရပ်ခြားမှာနေထိုင်နေတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီလူဦးရေဟာ ကမ္ဘာ့ဘဏ်ရဲ့  ၂၀၂၀ ခုနှစ်စာရင်းအရ ကာတာနိုင်ငံနဲ့ ဘာရိန်းနိုင်ငံ (၂) နိုင်ငံပေါင်း လူဦးရေခန့်ရှိပါတယ်။ ဒီမြန်မာမိသားစုများ ပြည်ပနိုင်ငံများရောက်ရှိပြီး တိုးပွားလာတဲ့ မြန်မာသွေးပါသူများပါထည့်ပေါင်းရင် ဒီစာရင်းထက် ပိုမိုများပြားမှာကို တွေ့မြင်နိုင်ပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်ကြသူများဖြစ်ပေမယ့် ငွေတိုက်စာချုပ်ဝယ်ယူရေးမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြသူများလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် လွတ်လပ်ခြုံစွာဝယ်ယူနိုင်တဲ့ အခွင့်အရေးကိုအသုံးချပြီး အတတ်နိုင်ဆုံးပါဝင်ပေးစေလိုပါတယ်။ ဝယ်ယူနိုင်တဲ့သူတွေ သိန်း၊ သန်းချီပြီး ပြည်ပမှာရှိနေတာဟာ ငွေတိုက်စာချုပ်စီမံကိန်း ပြည့်မီအောင်မြင်ရေးအတွက် အလွန်အရေးပါပါတယ်။ မိမိဝယ်ယူလိုက်တဲ့ ငွေတိုက်စာချုပ်ဟာ စစ်အာဏာရှင်တွေရဲ့အရှိုက်ကို ထိုးနှက်လိုက်တာဖြစ်သလို၊ ရောက်တဲ့ နေရာကနေ အကြမ်းဖက်စစ်ကောင်စီရဲ့ နားရွက်ကို တံတွေးဆွတ်လိုက်ခြင်းလည်းဖြစ်တယ်လို့လည်း ခံယူကြ‌စေလိုပါတယ်။

ဧဝရက်တောင်ထိပ်ကို ပထမဆုံးရောက်ခဲ့တဲ့ ‘အက်ဒ်မန်ဟီလာရီ’ (Sir Edmund Hillary) ရဲ့ အင်တာဗျူးအဖြေ တစ်ခုကို ဆက်စပ်ပြောလိုပါတယ်။ ဧဝရက်တောင်တက်တယ်ဆိုတာ ကောက်ခါငင်ခါနဲ့ထပြီး  အခုတက် အခု ရောက်ကိစ္စမဟုတ်မှန်း အားလုံးသိကြပါတယ်။ ပြင်ဆင်လေ့ကျင့်မှုများစွာ အချိန်ယူလုပ်ခဲ့ရပါတယ်၊” ဒီစွန့်စား မှုအတွက် အခက်ခဲဆုံးအရာကဘာလဲ” ဆိုတဲ့မေးခွန်းကို “ခိုင်မာတဲ့ စိတ်ခွန်အား လှုံ့ဆော်မှုထားရှိနိုင်ဖို့က တောင်ထိပ်ရောက်ဖို့အတွက် အရေးအကြီးဆုံး” လို့ ပြန်ဖြေကြားခဲ့ပါတယ်။ ကိုယ်လုပ်ကိုင်နေတာအားလုံး ဟာ  ဖက်ဆစ်စိတ်ခိုအောင်းနေတဲ့ ရွံရှာစရာစစ်အာဏာရှင် စံနစ်ချုပ်ငြိမ်းသွားဖို့အတွက်၊ တဖက်တလမ်းက အထောက်အကူပြုနေတယ်ဆိုတဲ့အတွေးကို တွေးကြည့်ရင်း၊ ငြိမ်းချမ်းသာယာဖွံ့ဖြိုးနေတဲ့ တန်းတူညီမျှ  အ နာဂတ်မြန်မာပြည်ကြီးကို မြင်ယောင်ကြည့်ပေးပါ။ ငွေတိုက်စာချုပ်ဝယ်ယူရေးဆိုတာ ဒီအချိန်မှာ အလုပ်သင့် ဆုံးကိစ္စလို့ ပိုယုံကြည်လက်ခံလာပြီး အခက်အခဲလို့ထင်ထားတာတွေကို မရရအောင် ကျော်လွန်ကာ ဝယ်ယူဖို့ ကြိုးစားမိကြပါလိမ့်မယ်။

ပုံမှန်ငွေ‌ကြေးစျေးကွက်မှာ အစိုးရငွေတိုက်စာချုပ် အရောင်းအဝယ်ဆိုတာ ထူးခြားတဲ့အရာတော့မဟုတ်ပါ။ သူနဲ့အနည်းငယ်ကွဲပြားတဲ့ ‘စစ်ကာလငွေတိုက်စာချုပ်’ (War Bond) ဆိုတာလည်း ရှိပါတယ်။ စစ်ပွဲအတွင်း သူ တို့နိုင်ငံရဲ့ အစိုးရ လိုအပ်တဲ့နေရာမှာ အသုံးပြုဖို့ (စစ်ကာလဆိုတော့ ဘယ်အတွက် အဓိကသုံးမယ်ဆိုတာ ရှင်း ပါတယ်) နိုင်ငံသားတွေက မျိုးချစ်စိတ်အပြည့်နဲ့ သူတို့ရဲ့စုဆောင်းငွေ၊ သူတို့ရဲ့ချွေးနှဲစာကို စျေးကွက်မှာ ပေါက် တဲ့ အတိုးနှုန်းထက်လျော့နည်းပေမယ့် ထုတ်ချေးပေးကြတာမျိုးပါ။ ကမ္ဘာစစ်ကာလများမှာလည်း ပုံစံအမျိုး မျိုးနဲ့ ရှိခဲ့ဖူးပါတယ်။ အခုလည်း အကြောင်းကြောင်းကြောင့် စစ်ကာလငွေတိုက်စာချုပ်လို့ အမည် ပေးမထား
တာ ဖြစ်နိုင်ပေမယ့် နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ စိတ်အပြည့်နဲ့ ဝယ်ယူကြရမယ့်အချိန် ဖြစ်ပါတယ်။ အား လုံးရင်ထဲမှာလည်း ကမ္ဘာစစ်တမျှဖြစ်နေချိန်ပါ။ နိုင်ငံကို ခိုးယူဖျက်ဆီး၊ တိုင်းရင်းသားမောင်နှမများကို နှိပ်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို  ငွေတိုက်စာချုပ်ဝယ်ယူခြင်းနဲ့ စစ်ကြေညာပေးကြစေလိုပါတယ်။

စကားကုန်ပြောရရင် ကိုယ်တိုင်ဝယ်ယူဖို့ အခြေအနေလုံးဝ မပေးခဲ့ရင်တောင်မှ ဝယ်ယူချင်သူ၊ ဝယ်ယူနိုင်သူ တွေကို ချိတ်ဆက်အကူအညီပေးတာ၊ ဝယ်ယူဖို့အားပေး တိုက်တွန်းတာတွေဟာ သမိုင်းတာဝန်ကို ထမ်း ဆောင်နေခြင်းလို့ပဲ သတ်မှတ်လိုပါတယ်။ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီရှေ့ရောက်ခဲ့ရသလိုမျိုး အခုတစ်ခါလည်း အရည်အချင်းစစ် ကော်မတီတစ်ခုရဲ့ရှေ့ ရောက်ရပြန်ပြီလို့လည်း တွေးမိပါတယ်။ ဒီတစ်ခါ ကတော့ နိုင်ငံအနည်းငယ်ကပဲမဟုတ်၊ ကမ္ဘာကြီးတစ်ခုလုံး ကမ္ဘာသူကမ္ဘာသားအားလုံးက မြန်မာနိုင်ငံသား တွေ ဘယ်လောက်များ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ကို ငတ်မွတ်နေသလဲ၊ ရွံရှာဖွယ်စစ်အာဏာရှင်စံနစ်ကို ဖြုတ်ချဖို့ ဘယ်လောက်တောင် စိတ်ဓါတ်ပြင်းပြနေသလဲ၊ ဒီဆန္ဒတွေပြည့်ဖို့ ဘယ်လောက်စည်းစည်းလုံးလုံးနဲ့ သူတို့ ပြည်သူ့အစိုးရရဲ့ လုပ်ငန်းစဥ်တွေကို အင်တိုက်အားတိုက် ပါဝင်နေကြသလဲ ဆိုတဲ့မေးခွန်းများနဲ့ အရည်အချင်း စစ်ကြပြီး ထိုက်တန်မှုရှိမရှိ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဒီစောင့်ကြည့်ဆုံးဖြတ်မှုဟာ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေရဲ့ ဘယ်ဘက်ကို ဘယ်အချိန်မှာ ဘယ်လောက်အထိ ယိမ်းမယ်တိမ်းမယ်ဆိုတဲ့ပေါ် လစီများအထိတောင် သက်ရောက်နိုင်ပါလိမ့်မယ်။

ဘယ်တစ်ဦးတစ်ယောက်ကမှ စိုက်ထုတ်ထားတဲ့အားကို လျော့လို့မရတဲ့တိုက်ပွဲ၊ သရေဆိုရင်တောင် အရှုံးလို့ သတ်မှတ်ရမယ့်တိုက်ပွဲဖြစ်လို့ စိတ်ဓါတ်ကို ရာနှုန်းပြည့်ဆွဲတင်ထားကြရပါမယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဖက်ဆစ်တပ်ကို တောတောင်ထဲမှာ မပြည့်မစုံနေထိုင်ကြရရင်း၊ လိုအပ်ရင်အသက်ဘေးလွတ်အောင်ပြေး လွှားကြရင်း ဒီနေ့တိုင် အံတုတိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားမောင်နှမတွေကို အားယူကြရပါမယ်။ ရှက်ရွံ့ အားနာကြရပါမယ်။ ကိုယ်မပါရင်လည်း အချိန်တန်ရင် ‌ငွေတိုက်စာချုပ်ပမာဏ ပြည့်မီသွားပါလိမ့်မယ်ဆိုတဲ့ အတွေးဝင်လာရင် အမြန်‌မောင်းထုတ်ပြီး၊ ကိုယ်မဝယ်ရင် မပြည့်မီပဲ ဖြစ်သွားလိမ့်မယ်လို့ ပြောင်းလဲတွေးကြ စေလိုပါတယ်။

ဒါမှသာ လွတ်လပ်တဲ့လေကို ရှုခွင့်မရှိတော့တဲ့သူများ၊ လွတ်လပ်တဲ့လေကိုရှုခွင့်ရဖို့ မသေချာတော့သော သူများ၊ လွတ်လပ်တဲ့လေကို လက်ရှိ ရှုရှိုက်ခွင့်မရရှိသေးသူများရဲ့ ဆန္ဒများကို၊  ဒီနေ့လွတ်လပ်တဲ့လေ အပြည့် အဝ ရှုခွင့်ရှိနေသူများက အသိအမှတ်ပြုလေးစားရာ၊ ဖြည့်ဆည်းပေးရာရောက်ပါလိမ့်မယ်။ ဒီအတွက် ငွေ တိုက်စာချုပ်များကို အင်တိုက်အားတိုက်ဝယ်ယူပြီး “တရားတဲ့ဘဏ္ဏာငွေရှာဖွေရေးဟူသမျှ တာဝန်အရပါဝင် ကြ” ဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ 

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar