ခိုင်မာကျော်ဇော - ခြေထောက်ကလေး မေးနေတယ်
ခြေထောက်ကလေး မေးနေတယ်
ခိုင်မာကျော်ဇော
(မိုးမခ)ဒီဇင်ဘာ ၁၀၊ ၂၀၂၁
အဲ့ဒီလူကြီး ညာတယ်
သမီးတို့ကို ကျောင်းတက်ပါလို့ ပြောပြီး
ကျောင်းသွားချင်တဲ့ သမီးခြေထောက်လေးကို
ရက်ရက်စက်စက် ဖြတ်ယူသွားတယ်။
အဲ့ဒီလူကြီး ညာတယ်။
အဲ့ဒီလူကြီး ညာတယ်
ထမင်းလျော့စား ထမင်းလျော့စားနဲ့
သမီးမေမေ ထမင်းလျော့စားလည်း
သမီးအနားက မေမေ့ကို ခေါ်ထုတ်သွားတယ်
အဲ့ဒီလူကြီး ညာတယ်။
အဲ့ဒီလူကြီး ညာတယ်
ဘုရားရှေ့မှာ လက်အုပ်ချီပြီး
သမီးတို့ အိမ်ကို မီးရှို့သွားတယ်
အဲ့ဒီလူကြီး ညာတယ်။
အဲ့ဒီလူကြီး ညာတယ်
ဒီမိုကရေစီလုပ်တယ်ပြောပြီး
ဒီမိုကရေစီလုပ်တဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမတို့ကို
သေနတ်ကြီးနဲ့ ပစ်ပစ်သတ်တယ်
အဲ့ဒီလူကြီး ညာတယ်
သမီးခြေထောက်တွေ နာတယ်
နာနေတဲ့ ခြေထောက်လေးတဖက်က
ခြေထောက်လေးတဖက်ကို ရှာတယ်
"ခြေထောက်လေးတဖက် ဘယ်ရောက်သွားလဲ" တဲ့။
နာတယ်
နာတယ်
နာတယ်
အဲ့ဒီလူကြီး ညာတယ်။
ဒီဇင်ဘာ ၁၀၊ ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar