ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၇)
ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၇)
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၁
အရှေ့အနောက် အရပ်မျက်နှာတွေ ကွဲပြားနေပါစေ၊ မိုင်တွေ ထောင်ချီပြီး ဝေးကွာနေပါစေ တော်လှန်ရေးနဲ့ အတွေးအခေါ်အယူအဆ ဆက်စပ်မှုတွေ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာပေါ်ပေါက်ခဲ့တဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်တော်လှန်ရေးကြီးက အိန္ဒိယအမျိုးသားခေါင်းဆောင် မဟတ္တမဂန္ဓီရဲ့ နည်းနာတွေကို နမူနာယူခဲ့သလို၊ မဟတ္တမဂန္ဓီကလည်း အမေရိကန် စာရေးဆရာ အတွေးအခေါ်ပညာရှင် ဟင်နရီ ဒေးဗစ်သရိုး (Henry David Thoreau) ရဲ့အယူအဆတွေကို နှစ်သက်ခဲ့သူဖြစ်ပါတယ်။
အကြမ်းမဖက်တဲ့ဆန္ဒပြမှုတွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဂန္ဓီရဲ့ အံတုဖီဆန်မှုတွေက သူ့ရဲ့ တောင်အာဖရိကခရီးစဥ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်မှာ ပညာသင်ကြားခဲ့တဲ့ဂန္ဓီက ရှေ့နေအဖြစ်ဆောင်ရွက်ဖို့ တောင်အာဖရိကနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံက လူဖြူတွေအုပ်စိုးထားတဲ့ တိုင်းပြည်ဖြစ်ပြီး လူဖြူမဟုတ်သူများအပေါ် ခွဲခြားဆက်ဆံတဲ့အချိန်ဖြစ်ပါတယ်။
ဟင်နရီ ဒေးဗစ်သရိုး (Henry David Thoreau)
ဂန္ဓီအဖို့ အဲဒီကို ရောက်ရောက်ချင်း ခွဲခြားဆက်ဆံမှုမျိုးစုံ ခံခဲ့ရပါတယ်။ ရထားလုံးစီးတဲ့အခါ ဥရောပသားတွေနဲ့အတူမထိုင်ရဘဲ ကြမ်းပြင်ပေါ်ဆင်းထိုင်ခိုင်းတာကို မလိုက်နာလို့ ဝိုင်းဝန်းရိုက်နှက်တာ၊ သမ္မတဟောင်းတစ်ယောက် (Paul Kruger) ရဲ့ နေအိမ်အနီး လမ်းလျှောက်လို့ဆိုပြီး မြောင်းထဲကို ကန်ချတာ၊ ခဲနဲ့အပေါက်ခံရတာတွေ ခံခဲ့ရပါတယ်။ မီးရထားစီးနင်းတဲ့အခါ ပထမတန်းလက်မှတ် ဝယ်ထားပေမယ့် လူဖြူမဟုတ်လို့ တတိယတန်းကို ပြောင်းစီးခိုင်းတာကို မလိုက်နာလို့ ရထားပေါ်က ဆွဲချတာလည်း ခံခဲ့ရပါတယ်။
ဒီလိုခွဲခြားဆက်ဆံတာတွေကို ခံရပြီး အိန္ဒိယကိုပြန်မလား၊ အံတုဆန့်ကျင်ပြီး အခွင့်အရေး တောင်းဆိုမလားလို့ ဆုံးဖြတ်ရမယ့်အခြေအနေရောက်လာတဲ့အခါ ဂန္ဓီက ဆန္ဒဖော်ထုတ် အရေးဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် တောင်အာဖရိကနိုင်ငံမှာ နှစ်ပေါင်း ၂၀ လောက် နေထိုင်ပြီး ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်ခဲ့သလို အကြိမ်ကြိမ် အဖမ်းခံရ၊ အကျဥ်းချခံခဲ့ရပါတယ်။
အကျဥ်းချခံရစဥ်အတွင်း အမေရိကန် စာရေးဆရာ အတွေးအခေါ်ပညာရှင် ဟင်နရီ ဒေးဗစ်သရိုး (Henry David Thoreau) ရဲ့အက်ဆေးတစ်ပုဒ်ကို ဂန္ဓီ ဖတ်လိုက်ရပါတယ်။ အက်ဆေးရဲ့အမည်က "အာဏာဖီဆန်ခြင်း" (Civil Disobedience) ဖြစ်ပါတယ်။ အစိုးရကိုဆောင်ရမယ့်အခွန် မဆောင်လို့ အကျဥ်းချခံရတဲ့နောက် ရေးသားခဲ့တဲ့ အက်ဆေးပါ။ ဒေးဗစ်သရိုးက ကျွန်စနစ်တိုက်ဖျက်ရေးကို ကြိုးပမ်းတဲ့အနေနဲ့ အစိုးရကို အခွန်မဆောင်ဘဲ ဆန့်ကျင်သူဖြစ်ပါတယ်။
သူက ပြည်သူလူထုအနေနဲ့ မတရားတဲ့ဥပဒေတွေကို ချိုးဖောက်ပြီး ဆန္ဒပြသင့်တယ်၊ အဲဒီလိုလုပ်လို့ အကျဥ်းချရင်တောင် ခံသင့်တယ် လို့ ယုံကြည်ပါတယ်။ "အရာခပ်သိမ်းကို မတရားသဖြင့် အကျဥ်းချထားတဲ့ အစိုးရရဲ့အောက်မှာ တရားမျှတမှုကို မြတ်နိုးသူတစ်ယောက်အတွက် နေရာမှန်က အကျဥ်းထောင်ဖြစ်တယ်" လို့ ဒေးဗစ်သရိုးက ဆိုပါတယ်။ ဒေးဗစ်သရိုးရဲ့ အာဏာဖီဆန်မှုစိတ်ကူးအယူအဆကို ဂန္ဓီက နှစ်ခြိုက်တာကြောင့် "စကြဂရဟ" လို့ ခေါ်တဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၁၄ ခုနှစ် တောင်အာဖရိကနေ အိန္ဒိယကို ပြန်ရောက်တဲ့အခါ သူ့မွေးရပ်မြေက ပြဿနာ ၃ ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီပြဿနာ ၃ ရပ်က အင်္ဂလိပ်ရဲ့ကိုလိုနီဖြစ်နေတာ၊ ဘာသာရေးပဋိပက္ခဖြစ်နေတာနဲ့ ဇာတ်အနိမ့်အမြင့်ခွဲခြားမှု ပြဿနာတို့ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ဂန္ဓီက အကြမ်းမဖက်တဲ့နည်းပေါင်းစုံနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။
ဂန္ဓီရဲ့ နည်းလမ်းတွေကိုလေ့လာပြီး အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးမှာ အသုံးချသူက အမေရိကန်ပြည်ထောင်စု ရှီကာဂိုတက္ကသိုလ်က လူမည်းကျောင်းသားခေါင်းဆောင် ဂျိမ်းမ် ဖန်းမား (Jame Farmer) ဖြစ်ပါတယ်။ သူကတော့ ၁၉၆၀ ပြည့်နှစ်မှာပေါ်ပေါက်ခဲ့တဲ့ Greensboro Sit-in လှုပ်ရှားမှုရဲ့ ရှေ့ပြေးလှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ပါတယ်။ သူက ဂန္ဓီရဲ့နည်းလမ်းတွေကို ကောလိပ်မှာလေ့လာခဲ့ရပြီး ကိုယ်တိုင်ကျင့်သုံးချင်ခဲ့သူဖြစ်ပါတယ်။
ဂျိမ်းမ် ဖန်းမား (Jame Farmer)
ဂျိမ်းမ် ဖန်းမားက ရှီကာဂိုတက္ကသိုလ်မှာ လူမျိုးရေး တန်းတူမှုအတွက် လူမျိုးပေါင်းစုံ တက္ကသိုလ်ကျောင်းသားတွေပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုရဲ့ တည်ထောင်သူတစ်ဦးဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်အတွင်း ဒီအဖွဲ့က ကော်ဖီဆိုင်တစ်ခုမှာ Sit-in လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အရင်ဆုံး ဂျိမ်းမ် ဖန်းမားက အဲဒီဆိုင်ကိုသွားပြီး အခြေအနေကို လေ့လာပါတယ်။ အဲဒီဆိုင်မှာလုပ်ကိုင်နေကြတဲ့ လူဖြူအလုပ်သမားတွေက လာရောက်စားသောက်တဲ့ လူမည်းတွေကို အကြာကြီးထိုင်စောင့်စေတာ၊ လူဖြူတွေကို ၅ ပြားနဲ့ရောင်းချတဲ့ ဒိုးနတ်ကို လူမည်းတွေက တစ်ဒေါ်လာနဲ့ပေးဝယ်ရတာတွေ တွေ့ခဲ့ရပါတယ်။
ဂျိမ်းမ် ဖန်းမားတို့အဖွဲ့က Sit-in လှုပ်ရှားမှုလုပ်ဆောင်တဲ့အခါ ကော်ဖီဆိုင်မန်နေဂျာက ရဲကိုခေါပြီး အရေးယူဖို့လုပ်ပေမယ့် သူတို့က ဆက်ထိုင်ခဲ့ကြတာကြောင့် နောက်ဆုံးမှာ သူတို့ကို ရောင်းချဧည့်ခံခဲ့ရပါတယ်။ အဲဒီနောက် တခြား Sit-in လှုပ်ရှားမှုအငယ်စားတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်အားလုံးကို ကြည့်လိုက်မယ်ဆိုရင် လှုပ်ရှားမှုတရပ်က နိုင်ငံရပ်ခြားမှာ ဖြစ်ခဲ့တယ်ဆိုရင်တောင် အဲဒီနေရာနဲ့ ဝေးလံတဲ့ဒေသကလူတွေ သိနိုင်တယ်၊ အယူအဆတွေ လက်ဆင့်ကမ်းနိုင်သလို စိတ်ဓာတ်တသားတည်းရှိနေသူတွေက နေရာတိုင်းမှာ ရှိနေနိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့အတူ ကိုယ်လိုလူတွေ ရှိနေမယ်လို့ ယုံကြည်ထားရပါမယ်။ ယုံကြည်တဲ့အတိုင်းလည်း ပန်းတိုင်အထိ ဆက်လျှောက်ရပါမယ်။
မမေ့ပါနဲ့။ ငါတို့မှာ ငါတို့ ရှိပါတယ်။
ထိန်လင်း
၈၊ ၁၂၊ ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar