Breaking News

ကျော်ဟုန်း - ဝေလီဝေလင်း အရိပ်

ကျော်ဟုန်း - ဝေလီဝေလင်း အရိပ်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၁

အရှိန်အဟုန်နဲ့ ရပ်နေသူပါ။

ဒီလိုမျိုး ရပ်နိုင်ဖို့
အတွင်း ဘယ်လောက်ကြေနေမလဲ
မတွေးကြတဲ့ ပတ်ဝန်းကျင်ကို
ရီဝေဝေအကြည့်နဲ့ အသနားမခံဘူး။

ဆောက်တည်မဲ့ ခံစားချက်ထုကို
ကြံ့ကြံ့ခံနိုင်ဖို့အတွက်
ရည်မှန်းချက် ထုကြီးမှ။

အဝေးကောင်းကင်ကို
မျှော်ကြည့်နေဆဲ မျက်လုံး
စိတ်စွမ်းအင်ကို အဖော်ပြုရင်း
အရှိန်အဟုန်နဲ့ ရပ်နေတယ်
တွေ့ဆုံမေးမြန်းခြင်း သည်းခံပါ။

ဘယ်လိုအန္တရာယ်ကြီးကို
သူ မျိုထားနေရသလဲ
ခန့်မှန်း မစာနာကြ
ငွေရောင်ပိတ်ကားပေါ်မှာ
ကြည့်နေကြသူတွေ
အမှောင်ခန်းမှာ ငြိမ်နေကြချိန်ပေါ့။

ဘာသာမပြန်တတ်သူတွေ
ပေါများတဲ့ လောကမှာ
စာမဖတ်သူတွေ နှလုံးသားက
အရှိန်အဟုန်နဲ့ ရပ်နေသူအတွက်
ဖျားနာအောင်
လေစိမ်းတိုက်ချက်ကလည်း
ရမ်းရမ်းကားကား ကြမ်းမှကြမ်း။

ဒါပေမယ့်
သူ
အရှိန်အဟုန်နဲ့ ရပ်နေတယ်။

သူတို့တတွေ
ပကတိမျက်စိနဲ့ အမြင်ဝေ့ဝါး
သူ့ရဲ့
ပြေးနေတဲ့ ဆန္ဒအလျင်က
နေအလျင်နဲ့ ဆတူ ရှိ မရှိ
ချိန်ဆနိုင်ဖို့ ဉာဏ်အတွက်
သူတို့ဟာ
ဆဌမအာရုံ နဲ့
တတိယမျက်လုံးလိုနေချိန်မှာ

သူ
အရှိန်အဟုန်နဲ့ ရပ်နေတယ်ပဲ ဆိုပါတော့။ 

ကျော်ဟုန်း
၂၀၁၈၁၂၀၆

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar