လင်းလက်နွေဦး - မေးကြောထောင်နေတဲ့ လက်သီးဆုပ်နုနုလေးတွေ
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၁
ရင်ခုန်တတ်စ အရွယ်
ရင်မခုန်သင့်တဲ့အချိန်မို့
ရင်မခုန်သေးဘူး
တိုင်းပြည်ပြည်အိုင်းနာကြီးကြောင့်
ဦးခေါင်း မီးလောင်
ရင်ဝ
လှံစူးနေတယ်
ပန်းတွေ
ဝေလိုက် ကြွေလိုက်
ငှက်တေးကို အာရုံမဆင်နိုင်ဘူး
အနာထဲ လောက်ကျနေလို့
အသက်ရှူဖို့
ဆွဲ ဆွဲ ဆိတ်နေရတယ်
ပညတ်သွားရာ ဓာတ်သက်မပါတော့ဘူးတဲ့
လူအမည်ခံတချို့နဲ့ ကြုံတယ်
ကြုံလိုက်တိုင်း
သည်းခြေအိတ်မှာ ဆူးတောင်တစ်ချောင်း ထွက်တယ်
ထွက်တိုင်း
ငါ့လက်သီး
မီးဟုန်းဟုန်းတောက်တယ်
မေးကြောတင်းတဲ့ရောဂါ
ဘယ်ဆရာဝန်မှ မကုနိုင်ဘူး။
လင်းလက်နွေဦး
8.12.2021 10:48 am
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar