မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၄ ရက်မြောက်နေ့မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၄ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၂၁
ဒီနေ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ်စမတ်အကြိုနေ့မှာတော့ ခရစ်စမတ်ပွဲတော်ကို အကျဥ်းရုံးကျင်းပမယ်ဆိုတဲ့ သတင်းတွေ၊ ယမန်နေ့က ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားစ်ဘိုက ခရစ်စမတ်အခမ်း အနားမှာ စစ်ကောင်စီခေါင်းဆောင်တက်ရောက်တာကို လက်ခံခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိနေတာ၊ လွိုင်ကော်လေယာဥ်ကွင်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့သတင်း၊ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးအတွင်းဝန်ခရီးစဥ်အတွင်း NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ပါတွေ့ဆုံခဲ့တဲ့သတင်းတွေနဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတဲ့ လေးကေကော် ဒေသကတိုက်ပွဲတွေ အကြောင်းတွေ ဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေ အဖို့ ခရစမတ်အခါသမယဟာ တနှစ်ပတ်လုံးမှာ ဘာသာရေးအရ အရေးကြီးဆုံး အခါသမယဖြစ်ပြီး ဒေသအတော်များများမှာ လက်နက်ကိုင်တိုက်ပွဲတွေ၊ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ စစ်အာဏာသိမ်းပြီးနောက် လူထောင်နဲ့ချီတဲ့ အသက်ဆုံးရှုံးမှုတွေကို စာနာသောအားဖြင့် ခါတိုင်းလို ဘာသာရေးပွဲလမ်း အခမ်းအနားတွေအနေနဲ့ ကျင်းပတာမျိုးမဟုတ်ဘဲ အကျဥ်းရုံးကျင်းပမယ်လို့ ဒေသအတော်များများက ဘာသာရေးအဖွဲ့အစည်းတွေက ကြေညာထားကြတာတွေ့ရပါတယ်။
၂၀၂၁ခုနှစ် ခရစ်စမတ် အခါသမယကတော့ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာလူမျိုးတွေ အများအပြား လက်နက်ကိုင်တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေကြရချိန်လည်း ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ တောထဲတောင်ထဲမှာ အမိုးအကာမရှိတဲ့နေရာတွေမှာ အသက်အန္တရာယ် ဘေးကင်းဖို့ရာအတွက် တိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေအောက်မှာ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားစ်ဘိုက စစ်ကောင်စီရဲ့ ခေါင်းဆောင်ဖြစ်သူကို ခရစ်စမတ်အခမ်းအနားကို ဖိတ်ကြားခဲ့တဲ့အတွက် ခရစ်ယာန်ဘာသာဝင်အချို့နဲ့ အခြားဘာသာဝင်တွေက ဝေဖန်မှုတွေပေါ်ထွက်လာပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဆိုးကြီးတွေရဲ့ အဓိကတာဝန်ရှိသူကို ခရစ်စမတ်အခမ်းအနားကို ဖိတ်ကြားရတဲ့အဖြစ်ကို လက်မခံနိုင်ကြတာ ဖြစ်ပါတယ်။ ဖယ်ကျဥ်ထားဖို့ အသိအမှတ်မပြုဖို့ မလုပ်ဆောင်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ ခရစ်စမတ်ကာလပေမယ့် တိုက်ပွဲတွေက ဖြစ်ပွားနေဆဲ သတ်ဖြတ်မှုတွေ ဗုံးကွဲမှုတွေ ထိခိုက်သေဆုံးမှုတွေလည်း ဟိုနေရာ ဒီနေရာမှာ ရှိနေဆဲဖြစ်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့လေယာဥ်ကွင်းမှာ နိုင်ငံပိုင်လေကြောင်းလိုင်းက ခရီးသည်တင်လေယာဥ် ဆိုက်ရောက်ချိန်မှာ ကယားပြည်နယ်က KNPP နဲ့ PDF အဖွဲ့တို့က လေယာဥ်ကွင်းကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ လူသေဆုံးမှုနဲ့ လေယာဥ်ကွင်း အဆောက်အဦတွေ ထိခိုက်ပျက်စီးမှုတော့မရှိခဲ့ဘူးလို့ သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
လွန်ခဲ့တဲ့ လတွေကတည်းက နိုင်ငံပိုင်လေကြောင်းလိုင်းနဲ့ လွိုင်ကော်နဲ့ ရန်ကုန် စတဲ့မြို့တွေ ပြေးဆွဲတာကို KNPP နဲ့ PDF တွေက သတိပေးထားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီအဖို့ ဝင်ငွေရရှိနေတာကြောင့် လေကြောင်းလိုင်းတွေ မပြေးဆွဲဖို့ သတိပေးထားတာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မြန်မာနိုင်ငံကို ခုရက်တွေမှာရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်း၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးအပြင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့လည်း ရန်ကုန်မှာ တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအတွင်းဝန်ဟာ စစ်ကောင်စီနဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအကြား လုပ်ဆောင်နေတဲ့ စီမံကိန်းတွေ အကူအညီတွေဖြစ်တဲ့ ကုလားတန်မြစ်ကြောင်းအတိုင်း သယ်ယူပို့ဆောင်ရေးစီမံကိန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ကားလမ်းပေါ်က တံတားတွေ အဆင့်မြှင့် ပြင်ဆင်ပေးဖို့ အိန္ဒိယနိုင်ငံဘက်က ကတိပေးထားတဲ့ကိစ္စရပ်တွေဆွေးနွေးခဲ့သလို နိုင်ငံရေးကိစ္စရပ်တွေမှာတော့ အာဆီယံသဘောတူညီမှု အချက် ၅ ချက်ကိုထောက်ခံကြောင်း အကောင်အထည်ဖေါ်ဖို့ ပြောဆိုကြတယ်လို့ သတင်းတွေထဲ ဖေါ်ပြကြပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရာမှာ အန်အယ်လ်ဒီပါတီနဲ့လည်း တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းဖေါ်ပြထားပေမယ့် အန်အယ်လ်ဒီပါတီကိုယ်စားပြုတွေ့ဆုံသူဟာ ဘယ်သူဘယ်ဝါဆိုတာတော့ သတင်းတွေမှာ ဖေါ်ပြမထားကြပါဘူး။ လွန်ခဲ့တဲ့လက ဂျပန်နိုင်ငံက နိပွန်ဖောင်းဒေးရှင်းနဲ့ အလွတ်တမ်းသံတမန်ဖြစ်တဲ့ ဆာဆာကာဝါ လာရောက်စဥ်ကလည်း အန်အယ်လ်ဒီပါတီနဲ့ တွေ့ဆုံခဲ့ဖူးပြီး ဘယ်သူဘယ်ဝါဆိုတာတော့ သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။
စစ်ကောင်စီဘက်က NLD ပါတီကို ဖျက်သိမ်းဖို့ အစောပိုင်းမှာ လေသံပစ်ခဲ့ပေမယ့် နိုင်ငံကြီးတချို့က အဲဒီလို လုပ်ဆောင်မှုမျိုးကို ဆန့်ကျင်တဲ့အရိပ်အရောင်ပြသခဲ့ကြတဲ့နောက် အန်အယ်လ်ဒီပါတီကို စစ်ကောင်စီဘက်က ဖျက်သိမ်းမယ့်လုပ်ဆောင်မှုမျိုး ပြောဆိုမှုမျိုးမတွေ့ရတော့တာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ မြို့ပေါ်မှာ အန်အယ်လ်ဒီပါတီ တည်ရှိနေတယ်ဆိုတဲ့အဓိပ္ပါယ်က တိုင်းရင်းသားလက်နက်ကိုင် ဧရိယာနဲ့ ထိုင်းနိုင်ငံအပါအဝင် ပြည်ပမှာအခြေစိုက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံရေးပါဝါကို လျော့ပါးစေမှာလားဆိုတဲ့ယူဆမှုတွေ ရှိသလို ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အန်အယ်လ်ဒီပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အများအပြားရဲ့ သဘောထားက ဘယ်လိုရှိမလဲဆိုတဲ့အချက်တွေကလည်း လတ်တလော ရှင်းရှင်းလင်းလင်း မသိရှိကြရပါဘူး။ အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အများစုပါဝင်ခေါင်းဆောင်ပြီး လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ထားတဲ့ NUG အစိုးရ၊ CRPH တို့အနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကိုသာ တခုထည်းသောနည်းလမ်းအဖြစ် ရွေးချယ်ထားကြပြီး တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နည်းလမ်းမျိုးမဟုတ်ပဲ စစ်အာဏာရှင် စနစ်အမြစ်ဖြုတ်ရေးဆိုတာကို ကိုင်စွဲထားကြတာ ဖြစ်ပါတယ်။
ဒီသတင်းတွေအပြီးမှာတော့ လေးကော်ကော်တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ အရှိန်တဖြည်းဖြည်းမြင့်တက်လာနေတာကိုလည်း တွေ့ရပါတယ်။ တိမ်းရှောင်ကြရတဲ့ အရပ်သားအရေအတွက် မြင့်တက်လာနေပြီး သောင်းဂဏန်းကို ကျော်လာပြီဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မြဝတီကော့ကရိတ် လမ်းတလျှောက်တော့ အသွားအလာရှိနေဆဲ ဖြစ်ပြီး လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားချိန်မှာတော့ အရပ်သား ကုန်ကားတွေနဲ့ ခရီးသည်တွေကားတွေ အချိန်ကာလတခု စောင့်ဆိုင်းပြီးမှ ဖြတ်သန်းကြရတယ်လို့ဆိုပါတယ်။ လေးကေကော်တိုက်ပွဲရဲ့ အရှိန်က နောက်ဘယ်လောက်ထိ မြင့်တက်လာဦးမလဲ ဆိုတာတော့ လောလောဆယ်မှာ မမှန်းဆနိုင်သေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar