Breaking News

နေဘုန်းလတ် - မအလဓားခုတ်ရာ လက်ဝင်မလျှိုကြဖို့

နေဘုန်းလတ် - မအလဓားခုတ်ရာ လက်ဝင်မလျှိုကြဖို့
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၂၁

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ သူတို့ အာဏာတည်မြဲရေးနဲ့ သူတို့ သားစဉ်မြေးဆက် ကောင်းစားရေးအတွက် ဒီမိုကရေစီဘက်တော်သားတွေ အားလုံးကို အမှုံ့ချေပစ်ပြီး  သူတို့ ကျောသပ် ချော့ထားလို့ရတဲ အစုအဖွဲ့အချို့၊ လူပုဂ္ဂိုလ်အချို့နဲ့ အာဏာရှင်များရာသက်ပန်ကောင်းစားရေး အစီအစဉ်ကို ဆွဲပြီး အာဏာသိမ်းပါတယ်။ ရမလားဆိုတဲ့ အတွေးနဲ့ပေါ့။ 

အဲဒီ့အချိန်မှာ အတွေးအခေါ်၊ အမျှော်အမြင်တွေ ပွင့်လင်းလွတ်လပ်လာတဲ့ ပြည်သူတွေ၊ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ တလူလူနဲ့ ကြိုးစားနေကြတဲ့ GenZ လူငယ်တွေ၊ အကြမ်းဖက်စစ်ခေါင်းဆောင်တွေက သူတို့ရဲ့ခါးပိုက်ဆောင်လူမိုက်တွေလို မွေးမြူထားတဲ့ မြန်မာစစ်တပ်ရဲ့ ယုတ်ရင်းကြမ်းတမ်းမှု၊ ယုတ်မာရက်စက်မှုတွေကို ခေတ်အဆက်ဆက် ရင်စီးခံခဲ့ကြရတဲ့ တိုင်းရင်းသားညီနောင်တွေအားလုံးရဲ့ စုစည်းညီညွတ်စွာနဲ့ တုံ့ပြန်တော်လှန်မှုဟာ အကြမ်းဖက်စစ်ကောင်စီအုပ်စု ထင်မထားတဲ့ လက်သီးချက်တွေ ဖြစ်လာတယ်။ မအလနဲ့ အကြမ်းဖက်သမားတွေ တကယ့်ကို အလဲအကွဲပါပဲ။ 

မကြာခင် Knock Out အလဲထိုးခံရတော့မယ်ဆိုတာကို သိလာတဲ့ မအလတို့ အုပ်စုဟာ လက်တစ်ဖက်မှာ အမွှေးနှုတ်ခံထားရတဲ့ ချိုးငှက်ကို အယောင်ပြ နောက်လက်တစ်ဘက်က အသွားမြနေတဲ့ ရဲတင်းကိုတဆဆလုပ်နေတဲ့ အကွက်ကို စလာပါတယ်။ တစ်ဘက်မှာ ဘုရားတွေတည်ပြ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ကိတ်မုန့်တွေခွဲပြ၊ ပဌာန်းတွေရွတ်ပြနေသလို တစ်ဘက်မှာလဲ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေမရပ်ခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အနိုင်ရပါတီဖြစ်တဲ့ NLD နဲ့ ဆက်ဆံရေးအခြေအနေကိုပဲ ကြည့်။ အကြမ်းဖက်စစ်ကောင်စီက ပထမပိုင်းမှာ  NLDခေါင်းဆောင်တွေ၊ ပါတီဝင်တွေတင်မကဘူး NLD ထောက်ခံသူ တွေကိုပါ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ် လုပ်ပြီး NLD ပါတီကိုပါ ဖျက်သိမ်းမယ်လို့ လေသံပစ်ခဲ့ပေမယ့် တရုတ်ဘက်က NLD ပါတီကို မဖျက်သိမ်းသင့်ဘူးဆိုပြီး လေသံဟလိုက်တော့ မအလတို့ NLD ကို ခွဲပြီး အချို့နဲ့ အဆင်ပြေနေပါတယ်ဆိုတဲ့ အချိုးမျိုးချိုးဖို့ ကြိုးစားလာတယ်။

ပထမဆုံး NLD ရဲ့ နာယကကြီး ဦးတင်ဦးနဲ့တွဲရိုက်တဲ့ ဓါတ်ပုံကို ရအောင်ယူတယ်။ ပြီးတော့ NLD ကနေ ပဲ့ထွက်နေတဲ့ လူအချို့ကို တစ်နည်းနည်းနဲ့ ချဉ်းကပ်တယ်။ တစ်နိုင်ငံလုံးမှာ NLD  အသတ်ခံရတဲ့သူ၊ တောထဲရောက်သူ၊ ပုန်းအောင်းနေရတဲ့သူ စသဖြင့် အကြမ်းဖက်စစ်ကောင်စီရဲ့ နှိပ်ကွပ်မှုကို ခံနေရတဲ့အချိန်မှာ အချို့ကျတော့လဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းမခံရပဲ အေးရာအေးကြောင်း နေနေနိုင်တဲ့ NLD အချို့ဟာ မသိမသာရော သိသိသာသာပါ အကြမ်းဖက်စစ်ကောင်စီရဲ့ လိုသုံးတွေဖြစ်လာတယ်။ နောက်ပြီး မအလက သူမွေးထားတဲ့ ပါးစပ်ပေါက်အချို့ကနေ NLD အသစ်ပြန်ဖွဲ့တော့မယ်တွေဘာတွေ သတင်းလွှင့်တယ်။ နိုင်ငံတကာကနေ မြန်မာနိုင်ငံကို လာကြတဲ့ လှေနံနှစ်ဖက်နင်းချင်သော နိုင်ငံအချို့က ပုဂ္ဂိုလ်တွေကလဲ မြန်မာနိုင်ငံသွားပြီး မအလတို့နဲ့ပဲတွေ့တယ်ဆို ဝိုင်းဗျင်းကြမှာစိုးရိမ်တာနဲ့ နိုင်ငံရေးပါတီတွေနဲ့တွေ့တယ်၊ လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်ရအောင် အချို့သော NLD ပါတီဝင်တွေကို တွေ့ဖို့ကြိုးစားကြတယ်။ နိုင်ငံရေးပါး မဝတာလား နိုင်ငံရေးပါး အဝလွန်နေ လွဲနေတာလား မသေချာတဲ့ NLD ပါတီဝင်အချို့က လက်ခံတွေ့ဆုံတယ်။ 

တကယ်တမ်းကျတော့ NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူနဲ့ တစ်သားတည်း ရှိတယ်လို့ ပြောပြီးသား၊ ပြည်သူတွေရဲ့သဘောထားကလဲ ဘာလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေပြီးသား။ ပြီးတော့ NLD မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့CEC တွေမဆုံတဲ့အတွက် ဗဟိုအလုပ်အဖွဲ့(CWC) ဆိုတာကို CEC အချို့၊ CEC အရံအချို့၊ ဗဟိုကော်မတီ (CC) အချို့နဲ့ ဖွဲ့ပြီး အဲဒီ့ CWC က တော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်နေကြတဲ့ တစ်နိုင်ငံလုံးက ပါတီဝင်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်တွေလုပ်နေကြတာလဲရှိပြီးသား။ ပြောချင်တာက မြန်မာပြည်ကိုလာနေကြတဲ့ နိုင်ငံခြားသားတွေကို သွားသွားတွေ့နေကြတယ်ဆိုတဲ့သူတွေက NLD ကိုလဲ ကိုယ်စားမပြုသလို၊ ပြည်သူကိုလဲ ကိုယ်စားမပြုဘူး၊ တော်လှန်ရေးကိုလဲ ကိုယ်စားမပြုဘူးဆိုတာပဲ။ သူတို့ဘာသာသူတို့ ခင်လို့ မင်လို့ ဘိုလိုပြောတတ်လို့ တွေ့ကြရုံကလွဲလို့ ဘာမှမပိုဘူး။ သူတို့ဘက်ကတော့ ပြောလိမ့်မယ် … ဘာတွေပြောတယ်ဆိုတာကို မသိပဲနဲ့ မဝေဖန်နဲ့ဆိုပြီး။ ဒါဆိုလဲ ဘာတွေပြောခဲ့တယ်ဆိုတာကို ကမ္ဘာသိအောင်ချပြပေါ့။ အဲဒီ့လို မဟုတ်ပဲ ဟိုက တွေ့ချင်တယ်ပြောတိုင်းလက်ခံတွေ့ပြီး ဟိုဘက်က NLD နဲ့ တွေ့ပါတယ်လို့ သတင်းထုတ်နေတာတွေကတော့ တော်လှန်ရေးအတွက် ဆူးငြှောင့်ခလုတ်ပဲ။ 

ပြည်တွင်းပြည်ပက ပြည်သူတွေရယ်၊ ပြည်သူ့ဆန္ဒနဲ့ဖြစ်တည်လာတဲ့ CRPH, NUG, NUCC ဆိုတဲ့ အဖွဲ့အစည်းတွေရယ်၊ တိုင်းရင်းသားညီနောင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရယ်၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) တွေရယ်၊ ဒေသကာကွယ်ရေးတပ်မတော်(LDF) တွေရယ် အားလုံးရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်အာခံမှုကြောင့် မအလတို့သွေးပျက်ပြီး ထွက်ပေါက်ရှာချင်နေတာတော့ သေချာနေပါပြီ။ အဲဒီ့တော့ ဒီလိုအချိန်မှာ တော်လှန်ရေးကို အညွှန့်ခူးစားဖို့ကြံလာတဲ့ သူတွေ ပေါ်လာတာလဲ ဓမ္မတာပဲ။ ဆန္ဒပြလူငယ်တွေကို ခေါင်းကိုချိန်ပစ်၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးသတ်ပစ်၊ ဆန္ဒပြကျောင်းသားတွေကို ကားနဲ့တိုက်သတ်၊ အရပ်သားပြည်သူတွေကို အရှင်လတ်လတ်မီးရှို့သတ်၊ အသက်မရှိတဲ့ နေအိမ်အဆောက်အအုံတွေကိုပါ မီးရှို့ဖျက်ဆီး စသဖြင့် ကမ်းကုန်အောင် ရိုင်းစိုင်းယုတ်မာနေတဲ့ ကောင်တွေနဲ့ စားပွဲဝိုင်းပေါ်တက်ပြီး ငြိမ်းချမ်းရေးစကားပြောကြပါလို့ ဖြုတ်ဦးနှောက်လောက်နဲ့ စဆရက လုပ်ချင်တဲ့ကောင်တွေကလဲရှိသေး။ ပြည်သူလူထုက “ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” ဖို့ ဆိုတာကို စိတ်ပိုင်းဖြတ်ထားပြီးပြီ။ အကယ်၍ စကားပြောကြစတမ်းဆိုရင်တောင် …  အရှုံးပေးပါပြီ ပြည်သူလူထုရဲ့ တရားစီရင်မှုကို လက်ခံပါ့မယ် ဆိုပြီး ဒူးထောက်ဝင်လာတဲ့ အခြေအနေမျိုးမှ ပြည်သူလူထုရဲ့ အဆုံးအဖြတ်နဲ့ စကားပြောကြရုံပဲရှိမယ်။ မနှေးအမြန် ပြည်သူဘက်ကနိုင်မယ် ဓမ္မက အောင်ပွဲခံမယ်ဆိုတာ သေချာနေတဲ့ပွဲမှာ မအလဓားခုတ်ရာကို လက်ဝင်မလျှိုပါနဲ့လို့ပဲ အချို့သောသူတွေကို သတိပေးချင်ပါတယ်။ နွေဦးတော်လှန်ရေးကို ပုံဖျက်ဖို့ ကြိုးစားမယ်ဆိုရင် ကိုယ်တိုင်ပုံပျက်ပန်းပျက်နဲ့ အဖတ်ဆည်မရဖြစ်သွားနိုင်တယ်ဆိုတာလေးကိုတော့ တွေးစေချင်ပါတယ်။

အရေးတော်ပုံ အောင်ရမည်။

နေဘုန်းလတ်
၂၄ ဒီဇင်ဘာလ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar