မိုးမြင့်ယံ - ကြယ်ကြွေတွေရဲ့ အိမ်ပြန်ခရီး
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၁
ညသည် လပြည့်ညဖြစ်သော်လည်း ထူထပ်ပိန်းပိတ်အောင်မှောင်နေသည် အဘယ်ကြောင့်နည်း။ ကောင်းကင်ကိုမော့ကြည့်မိတော့ တိမ်စိုင်တိမ်လိပ်တို့သည် လမင်းကြီးကို ခေတ္တခဏကွယ်သွားချိန်ပင်ဖြစ်သည်။
ဆောင်းည၏လမ်းမထက်၌ ပိုးကောင် မွှားကောင်ငယ်လေးများ၏ အော်မြည်သံမှအပ မည်သည့်အသံကိုမျှ မကြားရချေ။ ကျွန်တော် လျှောက်လှမ်းနေသောလမ်းမကြီးသည် လရောင်အောက်၌ မြွေတကောင်လို နက်ပြောင်လွန့်လူးနေသကဲ့သို့တချို့နေရာများတွင် ခုံးထရုန်းကြွနေသလိုပင်။
ရှေ့သို့ ငိုက်စိုက်လျှောက်နေသော ကျွန်တော်သည် တဒင်္ဂပဟန်အားဖြင့် ကောင်းကင်ပေါ် မော့ငေးကြည့်မိသောခဏ လမင်းသည် တိမ်မည်းညိုပုပ်တို့လက်မှ လွတ်မြောက်ကာ လှပစွာ လင်းမြဖြာဝေနေသည်။
ထိုခဏ ကျွန်တော့်နံဘေးနားမှ ကုန်တင်ကားကြီးတစင်းဖြတ်မောင်းသွားသောကြောင့် လူသည် လွင့်ခနဲကဲ့သို့ပင် ဖြစ်သွားမိသည်။ ယခုမှ သတိထားမိသည် ကျွန်တော်လျှောက်နေသောလမ်းမကြီးသည် ပျော်ဘွယ်မြို့နှင့် ရမည်းသင်းမြို့ကြားသို့ရောက်ရှိနေကာ ယခင် ရန်ကုန် - မန်း အမြန်လမ်းမကြီးအဟောင်းပင် ဖြစ်သည်။
နတ်တော်လပြည့် ညလမင်းကြီးသည် တင့်ရွှန်းစွာ ဝင်းထိန်လှပလွန်းနေပြန်သည်။ ကျွန်တော်လျှောက်နေသော လမ်းမကြီး၏ ဘေးတဖက်တချက်၌ သက်ရင့် ကုက္ကိုပင်ကြီးများနှင့် မန်ကျည်းပင် တမာပင်ကြီးများသည် လမ်းတလျှောက် ခပ်စိပ်စိပ်ပေါက်ရောက်ကာ လရောင်ကို ကွယ်ပထားကြပြန်သည်။
နယ်မြို့လေးများ၏ထုံးစံအတိုင်း ဆောင်းညတို့သည် အေးစက်တုန်ရင်စွာ စောင်ခြုံထားလျှင်တောင်မှ မနွေးမြနိုင်ပေ။ ထိုထိုကာလမှာမှ ကျွန်တော်သည် အဘယ်ကြောင့်များ ဤလမ်းကြောင်းပေါ်၌ ရှိနေရပါသနည်း။ ဝတ်ထားသော ဂျာကင်ဇိကိုဆွဲ၍ တွဲလျက်ပါသော ခေါင်းစွပ်ကိုနားရွက်လုံအောင် သေသေချာချာစွပ်ရင်း ကျွန်တော်ဆက်လျှောက်လာမိသည်။
ကျွန်တော် ရန်ကုန်က ည ၈ နာရီထွက်သော ကားကိုစီးလာမိသည်။ ပျော်ဘွယ်မြို့လေးသို့ ရောက်သောအခါ ညနက်နက် (ဝါ) မနက် ၂ နာရီကျော်စ စွန်းစွန်း၊ ကျွန်တော်သွားမည့်နေရာသည် ပျော်ဘွယ်မြို့နှင့် ရမည်းသင်းမြို့ကြားရှိ ဆရာရွှဒေါးမောင်လေးရည်မွေးဖွားရာ ရွှေညဝါဆရာတော် ဦပညာသီဟချက်မြှုပ်ရာ ရွှေဒါးဆိုတဲ့ တောမက မြို့မကျရွာလေးသို့ပင် ဖြစ်သည်။
ကျွန်တော်ပျော်ဘွယ်မြို့သို့ ကားဆိုက်ချိန်၌ အချိန်လင့်နေသောကြောင့် ဆိုင်ကယ်ကယ်ရီသမားများလည်းမရှိကြသောအချိန်ပင်ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်သည် အဝတ်အစားတစုံနှစ်စုံသာပါသော ကျောပိုးအိပ်လေးဖြင့် အရဲကိုးကာ လမ်းလျှောက်လာခဲ့ခြင်းပင်ဖြစ်သည်လေ။
ထို့ပြင် တဝလမ်းလျှောက်လာရာ လမ်းတလျှောက် လမင်းရဲ့လင်းမြဖြာဝေမှုနဲ့အတူ ဆောင်းလေအေးအေးတိုက်ခတ်မှုများကြားမှာပင် ကျွန်တော့် အတွေး၌ အဆိုတော်ကြီး ဟင်္သာတထွန်းရင်၏ ပုဂံသူလေး မလေးဖြူသီချင်းကို စိတ်ရဲ့နား၌ ကြားယောင်နေမိပြန်သည်။
"လပြည့်ညလမင်းက တင့်ရွှန်းစွာသာနေပြီလေ သီရိပစ္စယာစေတီနားမှာ မလေးဖြူလေး စောင့်လို့နေသည် ..... ပုဂံသူလေးလွမ်းလို့နေပါသည်"
စိတ်ရဲ့နား၌ ကြားသော အသံတို့တွင်ပင် လပြည့်ည၏လွမ်းမောမှုကို ချမ်းအေးမှုနဲ့အတူ ခံစားမိပြန်သည်။ ဒီအချိန်ဆို သူမနှစ်ခြိုက်စွာအိပ်စက်ပျော်နေမည်လား သို့တည်းမဟုတ် အညာဆောင်း၏အအေးဒဏ်ကြောင့် အိပ်မပျော်ပဲ လူးလွန့်နေမည်လားဟု စိတ်အတွေး၌ ပုံဖော်ကြည့်မိသည်။
ထိုခဏ ကျွန်တော့်ရှေ့၌ အလင်းတန်းတခု စူရှဖြာဝေစွာလင်းလက်တောက်ပပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။ အိုး ... ကြယ်ကြွေတာပဲ... ကျွန်တော်သည် ကောင်းကင်ကို မော့ကြည့်လိုက်မိသောအခါ ေနာက်ထပ်ကြယ်တစင်းသည် ထပ်မံကြွေဆင်းလာပြန်သည်။
ကြယ်တွေကြွေတာကိုမြင်ရင် ဆုတောင်းပြည့်သည်ဟု အဘယ်သူကများ ပညတ်သွားခဲ့လေသနည်း။ ကျွန်တော်သည် ကြယ်တွေကြွေတာကိုမြင်လိုက်တဲ့ အချိန်လေးအတွင်း ခြေလှမ်းတို့သည် တုန့်နှေးသွားကာ မျက်ဝန်းတို့ ဝေဝါးလာရသည်။ တလမ်းလုံးအိပ်ရေးပျက်လာသော ကြောင့်လား သို့တည်းမဟုတ် နှင်းမှုန်တွေနဲ့ ဆောင်းလေကြမ်းကြမ်းရိုက်ခတ်မှုကြောင့်များလား ကျွန်တော်မတွေးတတ်ပေ။
ကျွန်တော်သည် အချမ်းပြေ ဂျာကင်ထဲကစီးကရက်ဗူးကိုထုတ်၍ စီးကရက်တလိပ်အား မီးညှိဖွာရှိုက်ကာ နီကိုတင်းများအား အဆုပ်ထဲသို့ အားရပါးရရှိုက်သွင်းလိုက်မိသည်။ လရောင်ကတော့ ကျွန်တော့်တူရှုရှိ လမ်းမထက်သို့ လင်းမြဖြာဝေလျက်ပင်။ ကျွန်တော်သည် ကြယ်ကြွေတာကိုမြင်လိုက်တဲ့ ခဏ ခြေလှမ်းတို့သည် နှေးကွေးလေးလံသွားရသည်။
ကျွန်တော် မကြာခင်မှာ ကျွန်တော်၏ချစ်ဇနီးလေးရှိရာအရပ်ဖြစ်သော ရွှေဒါးဆိုသော အမည်ရှိတဲ့ တောမက မြို့မကျ ရွာလေးသို့ရောက်ရှိပေတော့မည်။ သို့သော် ကျွန်တော်ကဲ့သို့ အိမ်ပြန်မရောက်နိုင်ပဲကြွေသွားသောကြယ်ပွင့်တွေ ဒီလိုခေတ်ဆိုးကြီးထဲ၌ အဘယ်လောက်တောင်မှ များပြားလိုက်ပါဘိသလဲ။ စီးကရက်ကိုဖွာလိုက်တဲ့အချိန်မှာပင် လေတချက်အတိုက် ကျွန်တော့် မျက်လုံးအတွင်းသို့ မီးခိုးငွေ့များဝင်ရောက်ကာ မျက်ရည်ပေါက်တို့ကျဆင်းလာခဲ့ရသည်။
မျက်လုံးကိုပွတ်သတ်ပြီးပြန်အဖွင့်၌ လမင်းကို တိမ်ညိုတအုပ်ကဖုံးအုပ်သွားကာ လမ်းမကြီးသည်ပင်ပို၍ နက်မှောင်သွားသကဲ့သို့ ထင်မိပြန်သည်။
ဒီလိုနဲ့ပဲ ကျွန်တော်သည် သူမရှိရာအရပ်သို့ တရွေ့ရွေ့ဖြင့် လေးလံညွတ်ကိုင်းသောစိတ်တို့ဖြင့် လေးဖင့်စွာလျှောက်လှမ်းရင်း တိမ်းမည်းညိုပုပ်တို့ကင်းပသွားလျှင် လမင်းကြီးသည် ပြည့်ပြည့်ဝဝ ပြန်လည်လင်းမြဖြာဝေလာမည်ကိုယုံကြည်လျက်ဖြင့် ဖြေးဖြေးမှန်မှန် တရွေ့ရွေ့.. ရွေ့ ရွေ့ ရွေ့ လျက် ။
မိုးမြင့်ယံ
19 . Dec . 2021
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar