Breaking News

သဝေ - ပျောက်နေတဲ့ငြိမ်းချမ်းရေးကို ဧရာဝတီဝှက်ထားတယ်

KT#

ပျောက်နေတဲ့ငြိမ်းချမ်းရေးကို ဧရာဝတီဝှက်ထားတယ်
သဝေ
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၁


ဒုက္ခနဲ့အသားကျပြီးသားစိတ်ကို

ဒီမြေပေါ်အန်ချပစ်လိုက်တော့

ပစ္စုပ္ပန်အရပ်မှာ နေကိုတည့်တည့်ကြည့်မိတယ်

ရလာတဲ့အလင်းကို ကျိုချက်သောက်တယ်

ငါတို့မှာရှိနေတဲ့ အရိပ်ကို ငါတို့မတွေ့နိုင်သလို

ဦးနှောက်မှာဖြစ်နေတဲ့ဒဏ်ရာကို

နှလုံးသားနဲ့ပြန်ပြန်ကုနေရ

ဂူမြင်နိုင်တဲ့သတိ ငါတို့ မမူမိဘူး...။


ပေါက်နေတဲ့ခွက်ထဲမှာ ရင်ကြားစေ့ရေးတွေရှိတယ်

ရေများများလောင်းပါ ပြည့်ပြီလားစောင့်ပါ

အလိုရမ္မက်ပေါင်းများစွာ ထွက်ကျလာလိမ့်မယ်

ငြိမ်းချမ်းရေးဟာ စစ်ပွဲရဲ့ကျည်ဆံခွံတွေထဲမှာ ပုန်းနေတယ်

ငါတို့အသွေးအသားဟာ ကျည်ဖူးတွေကြားမှာ ပွင့်အာတယ်

ဘုရားသခင်က စစ်ပွဲကို ရှောင်ထွက်သွားတော့

လေညာအရပ်မှာ သွေးညှီနံ့တလှိုင်လှိုင်...။


မြောက်ဘက်တောင်တန်းကြီးတွေပေါ်မှာ နှင်းတွေဖွေးလွနေရုံနဲ့

ပုဂံမှာ ရေကိုမကျိုချက်ပဲသောက်သင့်ပါသလား ဧရာဝတီ

နောက်ကျောမှာစိုက်နေတဲ့ဓားကိုမဖယ်ထုတ်ခဲ့ပဲ

ငြိမ်းငြိမ်းချမ်းချမ်း ကျောခင်းခဲ့ပါတယ်ဆိုတဲ့စကား

မပြောပါနဲ့ ဧရာဝတီ

ပြောင်းဝကထွက်လာမယ့်ချိုးဖြူငှက်ကို

သံလွင်ခက်နဲ့ ရင်ဖွင့်ကြိုပါဧရာဝတီ

ဒါဆို ...

သင်စီးလိုရာစီးနိုင်ပါတယ် ဧရာဝတီ

သင်စီးလိုရာစီးနိုင်ပါတယ် ဧရာဝတီ...။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar