Breaking News

ဆာသော်ဒိုး - ဆာသော်ဒိုးအကြောင်း

ဆာသော်ဒိုးအကြောင်း
ဆာသော်ဒိုး
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၁
     
     ဆာသော်ဒိုးကား ကြောက်တတ်သူုဖြစ်၏။ ထို့ကြောင့် အခြားသူများအကြောင်းကို မရေးတော့မူဘဲ ကိုယ့်အကြောင်းကိုသာ ကိုယ်ရေး
တော့မည်ဟု သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါလေ၏။
     အကယ်၍ အခြားတစ်ပါးသူ၏အကြောင်းကိုရေးသားမိပြီး အခန့်မသင့်၍ "အကြည်ညိုပျက်စေမှု" ဘာညာဆိုတာနှင့်များ တည့်တည့်တိုးပါက ယနေ့ခေတ်ကြီးမှာ မလွယ်ကြောဖြစ်၏။ သို့ပါ၍ ကိုယ့်အကြောင်းကို ကိုယ်တွေးနေပါ၏။
     တွေးတော့ တွေ့၏။ ဆယ်တန်းကျောင်းသားဘဝ နှုတ်ခမ်းမွေးရေးရေး အသံကလေးအောအော ကြီးကောင်ဝင်စ အခါသမယ အချိန်တုန်းကကိစ္စလေးတစ်ခုကို ပြန်မြင်လာ၏။
     ဆယ်တန်းကျောင်းသားဘဝ လွန်ခဲ့သည့် နှစ်လေးဆယ်ကာလကို အတိတ်သွား စိတ်အမြန်ယာဉ်ဖြင့် ချက်ချင်းပြန်ရောက်သွားပါလေ၏။
ပြည်မြို့ အထက ၃ ၏ A ခန်းမှာ ရင်ခုန်တတ်စဆာသော်ဒိုးလေး။ ရင်ခုန်ရင် ကဗျာရေးနေပြီ။
     ပြည်မြို့၏ တန်ဆောင်တိုင်စွယ်တော်လှည့်လည်သည့်ကာလ။ ရပ်ကွက်ပေါင်းစုံမှ ယိမ်းပေါင်းစုံထွက်သည့်ကာလ။ နိုင်ငံကျော်နာမည်ကျော်ဇာတ်အဖွဲ့ကြီးတွေ အပြိုင်ရုံဝင်ကာ အပြိုင်ကြိတ်ကြိတ်တိုးပြီး အပြိုင်ရုံတွေဖွင့်ပေးရခဲ့သည့်ကာလ။ 
တကယ့်လွမ်းမောဖွယ် ခေတ်ကောင်းကြီး။
     ဇာတ်ရုံထိုးသည့်နေရာတွေကား အတော့်ကို များပြားခဲ့လှပါလေ၏။ ကန်လယ်ရွှေဟင်္သာ၊ ဂုဏဝတီကျောင်းဝန်း၊ သာသနာ့ဗိမ္မာန်ဝန်း၊ ရွှေဆံတော်ခြေရင်း၊ ဆယ်ထပ်ကြီးဘုရားဘေး၊ အမှတ် ၁ အထကဘေးမှာ ၂ ရုံ၊ ပြီးတော့ မိုးလုံလေလုံ ယဉ်ကျေးမှုဇာတ်ရုံ၊ အနောက်စောင်းတန်းလမ်းမှာက ရုပ်သေးတစ်ရုံ . . စသည်ဖြင့် နေရာတွေမှာ ဇာတ်ဆယ်ဖွဲ့လောက် အပြိုင်အောင်ပွဲခံခဲ့ကြတဲ့ ခေတ်ကြီးပေါ့ဗျာ။
     ပွဲစျေးတန်းကြီးကလည်း ဧရာမအရှည်ကြီး။ မြန်မာပြည်အနယ်နယ်အရပ်ရပ်က ဆယ့်နှစ်ပွဲစျေးသည်တွေဟာလည်း ပွဲစပွဲဆုံးရောင်းလို့သိပ်ကောင်းခဲ့တဲ့ခေတ်ကာလ။
     နိုင်ငံ့ဒေသအနှံ့ မြို့ပေါင်းစုံကခါးပိုက်နှိုက်တွေဟာလည်း ပြည်ပွဲတော်လူအုပ်ကြီးတွေရဲ့ကြားထဲမှာ အလစ်နှိုက်ဖို့ လစ်ရင်ခွဲဖို့ စုစုဝေးဝေးရောက်ရှိနေကြတာပေါ့။
     အနယ်နယ်အရပ်ရပ်က ပုံစံမျိုးစုံနဲ့ တောင်းရမ်းစားသောက်ကြသူတွေဟာလည်း အရောက်လာကာ ပွဲစျေးတန်းတစ်လျှောက် ပြည့်လို့ပေါ့ဗျာ။
     သီရိခေတ္တရာဆိုတဲ့ ပြည်ရဲ့သဘာဝပတ်ဝန်းကျင် တောတောင်တွေကလည်း ကောင်းတုန်းဆိုတော့ ကိုခင်ဝမ်းကြီးရဲ့ "ပြည်မှာဆောင်း" ဆိုတာ
အရိုးကွဲမတတ် အေးခဲ့စိမ့်ခဲ့တာကိုး။ အနွေးထည်တွေ အထပ်ထပ်ဝတ်ပြီး မီးပါလှုံခဲ့ကြရတဲ့ကာလကြီး။ သည်လိုကာလ ပါးစပ်ဟလိုက်ရင် နဂါးတွေ
လို အခိုးဖြူဖြူတွေ အလွန်ထွက်တဲ့ကာလကြီး။
     ပွဲတော်ရက်တစ်ည ပွဲစျေးလည်ပြီးပြန်အလာဗိုလ်ချ ု ပ်မြင်းစီးကျောက်ရုပ်နားက ပလက်ဖာင်းပေါ်မှာ လူတွေဗျာ လူတွေ။ တစ်စုတစ်ဝေးကြီး
အိပ်နေကြတာကိုမြင်လိုက်ရတယ်။ လက်တွေကို ပေါင်ကြားတွေထဲထိုးသွင်းထားကြတာတွေ့ရတယ်။ လူတွေဟာ လူတွေနဲ့မတူတော့ပဲ ပုစွန်ထုပ်တွေလို ကွေးနေကြတာဗျ။ ကွေးတာမှ ကွေးပြီးကောက်ကိုနေတာမျိုး။
     အနွေးထည် မပါဘူး။ စောင်မပါဘူး။ ချမ်းလွန်လွန်းလို့ ကွေးကိုနေတာ။ ကျနော့််အိမ်မှာလိုက်အိပ်မယ့် သူငယ်ချင်းဖြူ တုတ်နဲ့ ကျနော်တစ်ဦးမျက်နှာတစ်ဦးကြည့်ပြီး အနောက်တိုင်းရုပ်ရှင်တွေထဲကလိုမျိုး လက်နှစ်ဘက် လက်ဖဝါးတွေကိုဖြန့် တံတောင်ဆစ်အထိကွေး ပခုံးနှစ်ဖက်ကို အပေါ်ဘက်မြှင့်တဲ့အမူအရာ ပြိုင်တူ လုပ်လိုက်မိကြတယ်။ 

     " ကျွ တ် ကျွ တ် ကျွ တ် ကျွ တ် ကျွ တ် "
     " ကျွ တ် ကျွ တ် ကျွ တ် ကျွ တ် ကျွ တ် "

     ပြိုင်တူစုတ်သတ်မိလိုက်ကြတယ်။ အိမ်ရောက်တဲ့အထိ သည်မြင်ကွင်းက မျက်လုံးထဲကမထွက်ဘူး။ အိမ်ရောက်တော့ အမေကအိပ်ရာခင်းပေးတယ်။ ကျနော်နဲ့ ဖြူတုတ်တို့ အိပ်ရာဝင်ခဲ့ကြတယ်။ ဖြူတုတ်ဟာ ဂွမ်းကပ်ဆောင်အထူကြီးထဲကိုတိုးဝင်ကာ စက်တော်ခေါ်တော်မူသွားပါတော့တယ်။
     ကျနော်တော့ အိပ်လို့မရဘဲ တလူးလူးတလိမ့်လိမ့်နဲ့ ဟိုဘက်လှိမ့်လိုက် သည်ဘက်ကိုပြန်လှိမ့်လိုက် အကြိမ်ပေါင်းမနည်းဘူးထင်ရဲ့။
အတော်ကြာတော့ အမေကမီးဖွင့်ပြီး ကျနော်တို့အခန်းလာကြည့်ရင်း လန့်သွားပုံရတယ်။
     " အမယ်လေးလေး . . . ဘယ်လိုဖြစ်တာလဲသားကြီးရယ် . . . ဂွမ်းကပ်စောင်ကြီး မခြုံဘဲ ဒီအတိုင်းကြီး ကွေးနေရတယ်လို့ဟယ် . .
အောင်မယ်လေးလေး။ ဘယ်လိုဖြစ်တာတုန်း"
    ကျနော်လည်း ရှင်းပြလိုက်ရပါတော့တယ်။
ခုနက အပြင်မှာတွေ့ခဲ့ရတဲ့လူတွေ သည်အတိုင်းကြီးအိပ်နေရချိန်မှာ ကျနော်ကစောင်ကြီးခြုံပြီးအိပ်ရမှာကို လိပ်ပြာမသန့်လို့ စောင်မခြုံဘဲအိပ်ကြည့်တာဖြစ်ကြောင်းပေါ့ခင်ဗျာ။
    ဒါကတော့ ဆာသော်ဒိုးရဲ့ငယ်စဉ်တောင်ကြေး ကလေးဘဝ တကယ့်အဖြစ်အပျက်ထဲက တစ်ခုပေါ့ခင်ဗျာ။ အခုလို အချိန်ရာသီမှာဟိုစဉ်တစ်ခါက "ကိုယ်ချင်းစာစိတ်ကလေး" ထားကြည့်ခဲ့မိတဲ့ ဖြစ်ရပ်မှန်လေးကို သတိရသွားမိတာပါ။
     အခုလည်း ကိုယ်တွေက လုံခြုံနွေးထွေးလှတဲ့ကိုယ့်အိမ်ကအိပ်ရာထဲမှာ ဇိမ်နဲ့ကွေးနေကြချိန်မှာ တောတွေတောင်တွေထဲမှာ အမိုးအကာမဲ့ စစ်ဘေးရှောင်စခန်းတွေမှာ စားစရာသောက်စရာ အလွန်ခက်ခဲ ဝတ်စရာ အနွေးထည်မဲ့ ခြုံစရာ ဘာဆိုဘာမှမရှိကြတဲ့အခြေအနေတွေကို သတင်းစစ်သတင်းမှန်လွှင့်တဲ့ မီဒီယာတွေပေါ်ကတွေ့မြင်နေရတဲ့အခါ "ကိုယ်ချင်းစာစိတ်ကလေး" နဲ့ ဝမ်းနည်းကာမျက်ရည်ဝဲမိပါတယ်။
     လောကကြီးမှာ အရေးကြီးတာကလည်း အဲသည် "ကိုယ်ချင်းစာစိတ်ကလေး" ပဲဖြစ်မှာပါ။ " သူ့နေရာမှာ ကိုယ်က ဝင်ပြီးခံစားကြည့်တတ်ဖို့ " ပဲလိုတာပါ။ ဒါဆိုရင် လောကကြီး ပိုမိုပြီးငြိမ်းချမ်းကောင်းမွန်လာမယ်လို့ ယုံကြည်မိကြောင်းပါခင်ဗျာ။  ။

                ဆာသော်ဒိုး
                28-11-21(Sun) 9:57 Pm
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar