Breaking News

ကိုကျော် (မြစ်ကြီးနား) - ဗီယက်နမ်လေကြောင်းလိုင်းမှ ပထမဦးဆုံး သမိုင်းဝင်ခရီးစဥ်အဖြစ် အမေရိကန်သို့ တိုက်ရိုက်ပျံသန်းခဲ့

ကိုကျော် (မြစ်ကြီးနား) - ဗီယက်နမ်လေကြောင်းလိုင်းမှ ပထမဦးဆုံး သမိုင်းဝင်ခရီးစဥ်အဖြစ် အမေရိကန်သို့ တိုက်ရိုက်ပျံသန်းခဲ့ 
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၁

တနင်္ဂနွေနေ့က ဗီယက်နမ်လေကြောင်းလိုင်း (Vietnam Airlines) မှ ခရီးသည်တင်လေယာဥ်တစ်စင်းအား ပထမဆုံးအကြိမ်အဖြစ် ဟိုချီမင်းမြို့ မှ အမေရိကန် ဆန်ဖရန်စစ္စကိုသို့ တိုက်ရိုက်ပျံသန်းခဲ့ပြီး သမိုင်းမှတ်တမ်းဝင်သွားပါတယ်။

ပထမဆုံးအကြိမ်ပြေးဆွဲတဲ့ အထိမ်းအမှတ်ဖွင့်ပွဲအဖြစ် ဘိုအင်း ၇၈၇-၉၀၀ (Dreamliner) လေယာဥ်ဖြင့် ပျံသန်းခဲ့ပါတယ်။ ပျံသန်းချိန် ၁၂ နာရီ ၅၂ မိနစ်ကြာပြီး ဟိုချီမင်းမြို့မှ ည ၈ နာရီ ၄၀ မိနစ်မှာ စတင်ထွက်ခဲ့ပြီး ဆန်ဖရန်စစ္စကိုသို့ (အမေရိကန်အချိန်) ည ၆ နာရီ ၄၁ မိနစ် တစ်နေ့ထဲမှာပဲ ရောက်ရှိခဲ့ပါတယ်။

"ဗီယက်နမ်လေကြောင်းလိုင်းက ပထမဆုံးအကြိမ်အဖြစ် ဆန်ဖရန်စစ္စကိုသို့ ရောက်ရှိလာတာကို ကျနော်တို့အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ ဒီဝန်ဆောင်မှုအသစ်က အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ ဆန်ဖရန်စစ္စကိုလေဆိပ် ဒါရိုက်တာ Ivar C. Satero မှ ပြောခဲ့ပါတယ်။

ခရီးစဥ်အတွင်း အထူးစီစဥ်ထားတဲ့ စားသောက်ဖွယ်ရာများနှင့် ခရီးသည်များအား ဧည့်ခံကျွေးမွေးခဲ့ပြီး အစားအသောက်များကို ဗီယက်နမ်နိုင်ငံ အမေရိကန်သံရုံး၊ ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနှင့် United Tastes တို့မှ ပူးပေါင်းစီစဥ်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ဗီယက်နမ်လေကြောင်းလိုင်းမှ တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်သည့်အချိန်မှာ တစ်ပတ်လျှင် ၇ ကြိမ် ပြေးဆွဲမှာဖြစ်ပါတယ်။ ထို့အပြင် ဟနွိုင်းနှင့် ဟိုချီမင်းတို့မှ လော့စ်အိန်ဂျလီးစ်သို့ ပြေးဆွဲဖို့လည်း စီစဥ်ထားပါတယ်။

ဗီယက်နမ်လေကြောင်းလိုင်းမှ အမေရိကန်သို့ပြေးဆွဲဖို့ နှစ်ပေါင်း ၂၀ ခန့်ကြာ ကြိုးစားခဲ့ရပြီး ဗီယက်နမ်က နိုင်ငံတကာစံ လေကြောင်းဆိုင်ရာလုံခြုံရေးစနစ်နဲ့ မကိုက်ညီခဲ့တာကြောင့် ပျံသန်းခွင့်မရခဲ့ပါဘူး။

သို့သော်လည်း ၂၀၁၉ ခုနှစ်မှာ အမေရိကန်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့အစည်း FAA (Federal Aviation Administration) မှ ဗီယက်နမ်အား အုပ်စု (၁) နိုင်ငံစာရင်းအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် အဓိပ္ပါယ်ကတော့ အမေရိကန်သို့ပျံသန်းခွင့် ရနိုင်ပြီဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ဟနွိုင်းမြို့မှာကျင်းပတဲ့ အခန်းအနားတစ်ခုမှာ FAA မှ ဗီယက်နမ်လေကြောင်းလိုင်းအား နိုင်ငံခြားလေကြောင်းလိုင်းလက်မှတ်ကို ပေးအပ်ခဲ့ပါတယ်။ 

(Business Insider - Dec 1, 2021 - A Vietnamese airline made history by launching the first-ever commercial nonstop flight from Vietnam to the US)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar