Breaking News

ကိုကျော် (မြစ်ကြီးနား) - ပထမဆုံးအကြိမ်အဖြစ် နာဆာအာကာသယာဥ် နေမင်းကြီးဆီရောက်ခဲ့ပြီ

ကိုကျော် (မြစ်ကြီးနား) - ပထမဆုံးအကြိမ်အဖြစ် နာဆာအာကာသယာဥ် နေမင်းကြီးဆီရောက်ခဲ့ပြီ 
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၁

လူသားမျိုးနွယ်တွေအတွက် ပထမဦးဆုံးအကြိမ်အဖြစ် နာဆာမှလွတ်တင်ထားတဲ့ အာကာယာဉ်တစင်းဟာ နေမင်းကြီး ကို ထိတွေ့နမ်းရှုပ်ခဲ့ပါပြီ။

"ဒီသမိုင်းဝင်ဖြစ်စဉ်က နေရဲ့ဖြစ်ပျက်ပြောင်းလဲနေမှုနဲ့ ကျနော်တို့ရဲ့နေစကြာဝဠာအပေါ် အကျိုးသက်ရောက်မှုတွေကို ပိုပြီးအတွင်းကျကျ သိရှိစေရုံသာမက ကျနော်တို့ရဲ့ကိုယ်ပိုင်ကြယ်ကနေ လေ့လာသိရှိထားသမျှနဲ့ စကြာဝဠာအတွင်းက တခြားသောကြယ်များရဲ့ အကြောင်းတွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်" လို့ ဝါရှင်တန်အခြေစိုက် နာဆာရုံးချုပ် Science Mission Directorate မှတွဲဖက်အုပ်ချုပ်ရေးမှုး Thomas Zurbuchen က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။

(မှတ်ချက်။ ။ နေဟာ တကယ်တော့ ကြယ်တခု ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နေစကြာဝဠာထဲမှာ ကြယ်တစ်ခုထဲရှိပြီး အဲဒါကတော့ နေပဲဖြစ်ပါတယ်။ ကြယ် နဲ့ ဂြိုဟ် ကွာခြားချက်က ကြယ်တွေမှာကိုယ်ပိုင်အလင်းရောင်ရှိပြီး၊ ဂြိုဟ်တွေမှာ မရှိပါဘူး။ နေရဲအလင်းရောင်ကြောင့် နေကိုဗဟိုပြုပြီးလည်ပတ်နေတဲ့ ကျန်တဲ့ဂြိုဟ် ၈ လုံးက နေမှပေးတဲ့အလင်းရောင်ကို ရယူတာဖြစ်ပါတယ်။ ပလူတိုဂြိုဟ် Pluto က ဂြိုဟ်သိမ်တခုလို့ သတ်မှတ်လိုက်လို့၊ အရင်တုန်းက ဂြိုဟ်ကြီး ၉ လုံးရှိတယ်လို့ ခေါ်ခဲ့ပေမဲ့ နေစကြာဝဠာမှာ ဂြိုဟ် ၈ လုံးသာရှိလို့ ပြောင်းလဲသတ်မှတ်ခဲ့။)

နာဆာမှ နေကိုစူးစမ်းလေ့လာဖို့ Parker Solar Probe လို့အမည်ပေးထားတဲ့ မော်တော်ကားတစီး အရွယ်သာသာရှိတဲ့ အာကာသစူးစမ်းလေ့လာရေး ယာဉ်တစင်းကို ၂၀၁၈ ခုနှစ်မှာ လွှတ်တင်ခဲ့ပါတယ်။ အချိန် ၃ နှစ်အတွင်း အာကာသယာဉ်ကို ဗီးနပ်စ်ဂြိုဟ် (Venus) အနီး ၅ ကြိမ် ပျံသန်းဖြတ်သန်းပြီးတဲ့နောက် (ဗီးနပ်စ်ရဲ့ဆွဲငင်အားကို အသုံးပြုပြီး နေနဲ့တဖြည်းဖြည်းနီးအောင် ချဉ်းကပ်မှု) ၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ နေရဲ့အပေါ်ယံအလွှာ (corona ဟုခေါ်) ထဲကို ရောက်ခဲ့ပါတယ်။ (နေက ကျနော်တို့ကမ္ဘာမြေလို ထုတည်အစိုင်အခဲနဲ့ မဟုတ်ဘဲ ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံ တို့ပါဝင်တဲ့ ဓာတ်ငွေ့လုံးကြီးတခုဖြစ်ပြီး အဲဒီကနေ အပူစွမ်းအင်တွေထွက်နေတာ ဖြစ်ပါတယ်။)

ဒီသမိုင်းဝင်အောင်မြင်မှုကို ဒီဇင်ဘာလ ၁၄ ရက်နေ့က နယူးအော်လင်းမြို့ American Geophysical Meeting အစည်းအဝေးမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘာကြောင့် နာဆာက လပေါင်းအတော်ကြာမှ ထုတ်ပြန်ရသလဲဆိုတော့ Parker အာကာသယာဉ်မှ စွမ်းအင်အပြန်အလှန် သက်ရောက်မှု စုဆောင်းချက်မှတ်တမ်းတွေကို သေချာခွဲခြမ်းစိတ်ဖြာပြီး နေကိုတကယ်ထိတွေ့ပြီဆိုတဲ့ အခိုက်အတန့်ကို သေချာအောင် အတည်ပြုနေရတာ ဖြစ်ပါတယ်။ နောက်ဆုံးကျမှ နေရဲ့လက္ခဏာသင်္ကေတ သံလိုက်စက်ကွင်းကို သက်သေအဖြစ်တွေ့ရှိတော့မှ နေမင်းကိုတကယ်ထိတွေ့ခဲ့ပြီဆိုတာကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Parker Solar Probe မှ လေ့လာတွေ့ရှိချက်အသစ်များ အသေးစိတ်ကို Physical Review Letters စာစောင်မှာ အင်္ဂါနေ့က ပုံနှိပ်ထုတ်ဝေခဲ့ပြီး မကြာခင်မှာပဲ The Astrophysical Journal မှာလည်း ဖော်ပြသွားမယ်လို့ သိရပါတယ်။

နေရဲ့အပေါ်ယံလွှာ (corona) အဆုံးသတ်တဲ့နေရာ နဲ့ အာကာသဟင်းလင်းပြင် ထိတွေ့မိတဲ့နယ်နိမိတ်ကို Alfvén critical surface လို့ခေါ်ပြီး လေ့လာရေး ခရီးစဉ် မတိုင်ခင်တုန်းက အဲဒီနယ်နိမိတ်စည်းက အကွာအဝေးဘယ် လောက်မှာရှိတာကို ရူပဗေဒပညာရှင်များက အတိအကျမသိခဲ့ပါဘူး။ နေမျက်နှာပြင်ရဲ့အထက် မိုင် ၄.၃ သန်း နဲ့ ၈.၆ သန်း အကြားမှာရှိမယ်လို့ပဲ အနီးစပ်ဆုံး ခန့်မှန်းခဲ့ပါတယ်။
ဧပြီလထဲမှာ Parker အာကာသယာဉ်က နေရဲ့အပေါ်ယံလွှာ နေမျက်နှာပြင်အထက် မိုင် ၈.၁ သန်းအထိ ဝင်ရောက်ခဲ့ပြီး နေရဲ့အပေါ်လွှာမျက်နှာပြင်က စက်လုံးကြီးတခုလို ညီညာနေတာမဟုတ်ဘဲ အတွန့်အတက် အနိမ့်အမြင့်များစွာနဲ့ ရှိနေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ နေနဲ့အနီးကပ်ဆုံးအဖြစ် Parker အာကာသယာဉ်က နေမျက်နှာပြင်နဲ့ မိုင် ၆.၅ သန်း အကွာအဝေးအတွင်းထိ ဝင်ရောက်နိုင်ခဲ့ပါတယ်။ 
နေကိုလေ့လာဖို့ Parker Solar Probe က နာဆာရဲ့ ပထမဆုံးအစီအစဉ်မဟုတ်ပါဘူး။ ဥရောပအာကာသအေဂျင်စီ (ESA) ကလည်း Solar Orbiter လို့နာမည်ပေးထားတဲ့ အာကာသယာဉ်တစင်းကိုလွှတ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ Solar Orbiter က နေနဲ့အနီးကပ် ထိတွေ့နိုင်ခြင်း မရှိသေးဘဲ နေမျက်နှာပြင်နဲ့ မိုင် ၄၈ သန်း အကွာအဝေးအထိပဲ ရောက်ခဲ့နိုင်ပါသေးတယ်။

Parker အာကာသယာဉ်ကို နေနဲ့နီးအောင်ရောက်ဖို့သာ ဒီဇိုင်းဆွဲခဲ့တာမဟုတ်ဘဲ နေရဲ့အပေါ်ယံလွှာအတွင်းထိဝင်ရောက်ပြီး အပေါ်လွှာရဲ့အထက်ပိုင်းက နေမျက်နှာပြင်ထက် ဘာကြောင့် ပိုပြီးပူပင်းနေရသလဲဆိုတဲ့ ထူးခြားချက်ကို အဖြေရှာထုတ်ဖို့ ဖြစ်ပါတယ်။ အဲဒါကြောင့် Parker အာကာသယဉ်ကိုယ်ထည်ကို ကာဗွန်အုတ်ခဲ အလွှာတထပ်နဲ့ ပါဝင်တည်ဆောက်ခဲ့ပြီး အပူချိန် ၁.၈ သန်း ဒီကရီဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိအောင် ဖန်တီးခဲ့ပါတယ်။ 

ဒီလိုကနဦးတွေ့ရှိချက်ရလဒ်တွေက Parker အာကာသယဉ်ရဲ့ အစပိုင်းမျှသာဖြစ်သေးပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ နေမျက်နှာပြင်နဲ့ မိုင် ၃.၈၃ သန်း အကွာအဝေးအထိ ပျံသန်းသွားဖို့ စီစဉ်ထားပါတယ်။ အဲဒီအခါမှာ ပညာရှင်တွေက နေမင်းကြီးရဲ့ ဆန်းကြယ်မှုများကို ပိုပြီးတော့ ရှာဖွေဖော်ထုတ်သွားနိုင်မှာဖြစ် ကြောင်း။
ကိုးကား
1. NASA, Dec 14, 2021 - NASA Enters the Solar Atmosphere for the First Time, Bringing New Discoveries
2. Inverse, Dec 16, 2021 - NASA OFFICIALLY TOUCHES THE SUN — AND SOLVES A SOLAR MYSTERY

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar