Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၆ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၆ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၂၁

◾️ ပြည်တွင်းစစ်ရဲ့နောက်ထပ်စာမျက်နှာတခု (သို့မဟုတ်) လေးကေကော်မြို့တဝိုက်က တိုက်ပွဲ
လေးကေကော်မြို့သစ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်လိုက်တဲ့တိုက်ပွဲတွေဟာ အခြားသော လူမသိသူမသိ စစ်မျက်နှာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နှိုင်းယှဥ်လိုက်ရင်တော့ စစ်ရေးအရ နှိုင်းယှဥ်သာတဲ့ တိုက်ပွဲတွေမဟုတ်ပါဘူး။ 

စစ်သည်အင်အား ရာဂဏန်းအနည်းငယ်နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲနေရာယူထားတဲ့ ခြေကုတ်စခန်းလည်းမဟုတ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ကချင် ပြည်နယ်မှာ ဗျူဟာအရအရေးပါတဲ့ တောင်ကုန်းတွေသိမ်းယူတဲ့တိုက်ပွဲတွေ ကရင်ပြည်နယ်မှာ ကေအန်ယူနဲ့ စစ်တပ်အကြား အရင်ကဖြစ်ပျက်ခဲ့ဖူးတဲ့ တိုက်ပွဲတွေနဲ့နှိုင်းယှဥ်လိုက်ရင် ကြီးမားတဲ့ တိုက်ပွဲတော့မဟုတ်ဘူးလို့ ဆိုရမှာပါ။ 

သို့ပေမယ့် ဖြစ်ပျက်တဲ့နေရာက မကြာသေးခင် နှစ်ပိုင်းက ငြိမ်းချမ်းရေး အထိမ်းအမှတ်နဲ့ တည်ဆောက်ခဲ့တဲ့ မြို့နေရာက အစပြုပြီး ကေအန်ယူတပ်မဟာ ၆ နယ်မြေမှာ ဖြစ်တဲ့ တိုက်ပွဲဖြစ်တာရယ်၊ ကေအန်ယူရဲ့ အကာအကွယ်ပေးမှုအောက်မှာ လာရောက်ခိုလှုံနေကြတဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူ၊ အချို့သော အန်အယ်လ်ဒီကိုယ်စားလှယ်ဟောင်းတွေ၊ ထွက်ပြေးတိမ်းရှောင်ကြတဲ့ CDM ဝန်ထမ်းတွေနေထိုင်ကြတဲ့မြို့ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးရာမှ ဖြစ်ပွားတဲ့တိုက်ပွဲဖြစ်တာရယ်ကြောင့် မီဒီယာမျက်နှာစာမှာရော ဖြစ်စဥ် တဆင့်ချင်းကိုဖေါ်ပြနေကြတဲ့ အားလုံးစိတ်ဝင်စားကြတဲ့ တိုက်ပွဲတခုဖြစ်နေတာပါ။ 

ကယားပြည်နယ်မှာလည်း သီတင်းပတ်တိုင်းလို လတိုင်းလို တိုက်ပွဲတွေ တိမ်းရှောင်ရတာတွေ၊ နေအိမ်တွေ မီးရှို့ခံရတာတွေ လူတွေအသက်ဆုံးရှုံးမှုတွေ ဖြစ်ပွားနေသလို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်း မြောင်၊ ဂန့်ဂေါတို့လိုဒေသတွေမှာလည်း နေ့စဥ်သို့မဟုတ် ရက်အနည်းငယ်တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

လေးကေကော်ဖြစ်တဲ့ တိုက်ပွဲက ဘာကြောင့်သတင်းမီဒီယာတွေနဲ့ လူထုပိုစိတ်ဝင်စားကြသလဲဆို ဒီတိုက်ပွဲက NUG ရဲ့ပင်ရင်းနေရာလိုစခန်းကို စစ်ကောင်စီက ပထမဆုံးလာရောက် ဖြိုခွဲဖို့ကြိုးစားတဲ့ ကြိုးစားမှုဖြစ်ပြီး အစမ်းသပ်ခံရတဲ့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန PDF တပ်တွေအနေနဲ့ နယ်မြေက ကေအန်ယူနယ်မြေဖြစ်နေတဲ့နေရာမှာ ဘယ်လိုတုံ့ပြန်လှုပ်ရှားကြမလဲ၊ ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီကို စစ်ရေးအရဘယ်လို လက်တုံ့ပြန်မလဲဆိုတဲ့အချက်အပေါ် ကေအန်ယူတပ်မဟာတွေ တခုနဲ့တခု မတူညီကြတာကို အများသတိပြုမိကြပြီးဖြစ်သလို အခုလေးကေကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးဖမ်းဆီးတာကနေ စတင်လာတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒူးပလာယာခရိုင်ကော်မတီဥက္ကဌ ဖဒိုစောရွှေမောင်းက လေးကေကော်ကို စစ်တလင်းမဖြစ်အောင် လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို ပန်ကြားတဲ့စာလည်း ထွက်ပေါ်လာတာတွေ့ရပါတယ်။ 

NUG ရဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲနိုင်မှု၊ အင်အားတိုက်ခိုက်နိုင်စွမ်းစတာတွေအပြင် အခြေခံနယ်မြေ ဆိုတဲ့ မေးခွန်းကိုပါထွက်ပေါ်လာစေတဲ့သဘောလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲကရုန်းထွက်ဖို့ကြိုးစားနေစဥ်မှာပဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ပြည်တွင်းစစ်မီးကို အရှိန်နဲ့ ပြန်လည်တောက်လောင်လာအောင် လောင်စာဖြည့်လိုက်တဲ့သဖွယ်ဖြစ်ပါတယ်။ 

ပြည်တွင်းစစ်ရဲ့ စာမျက်နှာတွေကို အဆုံးသတ်ဖို့ စာရင်းပိတ်ဖို့ကြိုးစားနေစဥ်မှာ ၂၀၂၀ ရွေးကောက်ပွဲကနေ အစချီလာတဲ့ နိုင်ငံရေးအကြပ်အတည်းက စာရင်းပိတ်ဖို့ကြိုးစားနေတဲ့ ကြိုးစားမှုတွေ ပျက်ပြားစေပြီး ပြည်တွင်းစစ် စာမျက်နှာသစ် ခေါင်းစဥ်သစ်တွေဖွင့်ဖို့ ပါဝင်တိုက်ခိုက်သူ အသစ်တွေပါဝင်လာဖို့ ဖိတ်ခေါ်လိုက်သလို ဖြစ်စေခဲ့ပြီဖြစ်ပါတယ်။ 

စစ်နဲ့ပတ်သက်တဲ့ ဆိုရိုးစကားအမျိုးမျိုးရှိကြရာမှာ သတင်းမီဒီယာနဲ့ဆက်နွယ်တဲ့ ဆိုရိုးစကားတခုကတော့ စစ်ပွဲမှာ ပထမဆုံး ကျဆုံးသွားတာကတော့ အမှန်တရားပဲဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားဖြစ်ပါတယ်။ အမှန်တရားလို့ဆိုရာမှာ အချက်အလက်အားဖြင့်ရော ရပ်တည်မှုအားဖြင့်ပါ ရည်ရွယ် ဆိုလိုတယ်လို့ နားလည်မိပါတယ်။ 

ပြည်တွင်းစစ်က မိသားစုပေါင်းများစွာကို မိသားစုဝင်တွေ ဆုံးရှုံးစေနိုင်သလို သိန်းသန်းချီတဲ့သူတွေ မိသားစုတွေအဖို့  စိတ်ချလက်ချ အိပ်ယာမဝင်နိုင်တဲ့ ညပေါင်းများစွာကိုလည်း ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar