လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (စတုတ္ထအချက်)
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၂၁
◾️ နိုင်ငံတော်နဲ့ ထုတ်လုပ်ရေးဌာနများနဲ့ ထုတ်လုပ်သူများအကြား ဆက်ဆံမှု
နိုင်ငံတော်ကတဖက် စက်ရုံများနဲ့ လယ်ယာသမဝါယမများကတဖက် နှစ်ဖက်ကြား ဆက်ဆံရေးနဲ့ စက်ရုံများနဲ့ လယ်ယာသမဝါယများကတဖက်နဲ့ ထုတ်လုပ်သူများကတဖက် နှစ်ဖက်ကြားဆက်ဆံရေးများကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။ ဒီအတွက် ကျွန်တော်တို့ဟာ တဖက်ထဲအတွက်သာ စဉ်းစားတာမလုပ်ဘဲ နိုင်ငံတော်၊ အများစုပေါင်းလုပ်ဆောင်မှု၊ တသီးပုဂွလိက သုံးဘက်သုံးတန် စဉ်းစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆိုနေကျစကားဖြစ်တဲ့ တပ်အတွက်ရော၊ ပြည်သူအတွက်ရော နှစ်ဖက်စလုံးအတွက် စဉ်းစားရမယ်ဆိုတာနဲ့အများအကျိုးအတွက်ရော၊ တဦးချင်းအကျိုးအတွက်ရော၊ နှစ်ဖက်စလုံးအတွက်စဉ်းစားရမယ်ဆိုသလိုပေါ့။ ဆိုဗီယက်ယူနီယံအတွေ့ အကြုံအရရော၊ ကျွန်တော်တို့ကိုယ်ပိုင်အတွေ့အကြုံအရရော၊ ဒီပြသာနာအပေါ် ကျွန်တော်တို့ အခုအချိန်ကစပြီး ဒီထက်ပိုကောင်းအောင် ဖြေရှင်းနိုင်ရမယ်။
ဥပမာ-အလုပ်သမားများကို ကြည့်ရအောင်။ သူတို့ရဲ့လုပ်အားထုတ်လုပ်မှုစွမ်းအင်တွေ တိုးတက်လာတာနဲ့အမျှ သူတို့ရဲ့လုပ်ငန်းခွင်ခြေအနေတွေနဲ့ နေထိုင်စားသောက်မှုဘဝတွေလည်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာရမယ်။ ကျွန်တော်တို့ဟာ အစဉ်အမြဲ ပြောဆိုတိုက်တွန်းနေတာက ရိုးစင်းစွာနေထိုင်ပြီး အလုပ်ကြိုးစားဖို့နဲ့ မိမိအကျိုးစီးပွားကို အရာအားလုံးအထက်မှာထားမှုကို ဆန့်ကျင်ဖို့ပါ။ တချိန်တည်းမှာပဲ၊ လူထုရဲ့နေထိုင်မှုဘဝကို အစဉ်အမြဲဂရုစိုက်ဖို့လည်း တိုက်တွန်းရပြီး လူထုရဲ့နေထိုင်မှုဘဝအပေါ် ဂရုမစိုက်တဲ့ ဗျူရိုကရေစီအလေ့အကျင့်ကိုလည်း ဆန့်ကျင်ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့စီးပွားရေးဘက်စုံတိုးတက်လာမှုအောက်မှာ လစာများကိုသင့်တင့်စွာ ထိန်းညှိပေးရမယ်။ မကြာမီကပဲ လစာများတိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အထူးသဖြင့် လခနိမ့်အောက်ခြေအလုပ်သမားများအတွက်ဖြစ်ပြီးဒီလိုနည်းနဲ့ အထက်ဆင့်များနဲ့ကွာဟမှုကို ထိန်းညှိပေးရမယ်။ ယေဘုယျပြောရရင် ကျွန်တော်တို့လခများဟာ မမြင့်လှပါဘူး။ ဒါပေမဲ့ အရင်တုန်းကနဲ့စာရင် ကျွန်တော်တို့အလုပ်သမားများရဲ့ဘဝဟာ အများကြီးကောင်းမွန်တိုးတက်လာနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်တို့အလုပ်အကိုင်တွေအများကြီးဖန်တီးပြီး အလုပ်တွေ ပိုခန့်နိုင်ခဲ့တယ်။ ကုန်ဈေးနှုံးတွေကလည်း မမြင့်လှပဲ၊ တည်ငြိမ်နေတယ်။ ပစ္စည်းမဲ့များရဲ့ခေတ်မှာ ကျွန်တော်တို့ရဲ့အလုပ်သမားများဟာ မြင့်မားတဲ့နိုင်ငံရေးအသိစိတ်ဓာတ်နဲ့ လုပ်အားတက်ကြွမှုတွေကို မပျက်မကွက်ပြသခဲ့ပါတယ်။ ဗဟိုကော်မတီက မနှစ်က နှစ်ကုန်ပိုင်းမှာ လက်ယာသမရိုးကျဝါဒကိုဆန့်ကျင်ဖို့လှုံ့ဆော်တဲ့အခါ အလုပ်သမားထုကြီးဟာတက် တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ပြီး အထူးပြုပြောချင်တဲ့အချက်ကတော့ ဒီနှစ် ပထမ (၄) လ ပတ်စီမံကိန်းကို (၃) လအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုးစိတ်အားတက်ကြွမှုမျိုးကို အားပေးရမှာဖြစ်ပြီး တချိန်တည်းမှာပဲ သူတို့တတွေရဲ့လုပ်ငန်းခွင်အတွင်းနဲ့ နေ့စဉ်နေထိုင်မှုဘဝတွင်းက အခက်အခဲများကို ဖြေရှင်းပေးရမယ်။
ဒီနေရာမှာ နောက်တခုပြောရဦးမယ်။ စုစည်းခေါင်းဆောင်မှုအောက်က စက်ရုံများရဲ့လွတ်လပ်မှုပြသာနာပါ။ စက်ရုံများအနေနဲ့ မိမိတို့ကိုယ်ပိုင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်အာဏာ ဘာမှမရှိ၊ အကျိုးကျေးဇူးခံစားခွင့်များလည်းမရှိဘဲ၊ အစစအရာရာ ဗဟို (သို့မဟုတ်) ပြည်နယ် (သို့မဟုတ်) မြူနီစပယ်အာဏာပိုင်များလက်ထဲမှာပဲ အာဏာရှိနေမယ်ဆိုရင် မမှန်ဘူးလို့ ကျွန်တော်ထင်တယ်။
ဗဟိုအာဏာပိုင်များ၊ ပြည်နယ်နဲ့ မြူနီစပယ်အာဏာပိုင်များအကြား အာဏာနဲ့အမြတ်များ ဘယ်လိုသင့်တော်စွာ ခွဲဝေကြရမယ်ဆိုတာကိုကျွန်တော်တို့အတွေ့အကြုံကောင်းကောင်းမရှိသေးလို့၊ သေသေချာချာလေ့လာရဦးမယ်။ မူအရကတော့ ဗဟိုချုပ်ကိုင်မှုနဲ့ လွတ်လပ်ခွင့်တို့ဟာ ဆန့်ကျင်ဖက်များရဲ့ပေါင်းစည်းမှုဖြစ်ပြီး၊ အဲဒီ (၂) ခုလုံးရှိရမှာပါ။ ဥပမာအားဖြင့် အခု ကျွန်တော်တို့ အစည်းအဝေးထိုင်နေကြတယ်။ ဒါဟာ ဗဟိုချုပ်ကိုင်မှုပဲ။ အစည်းအဝေးပီးရင်တော့ တချို့က လမ်းလျှောက်သွားမယ်။ တချို့ကစာဖတ်မယ်။ တချို့က တခုခုသွားစားမယ်။ ဒါဟာ လွတ်လပ်ခွင့်ပေါ့။ တကယ်လို့ ဘယ်သူ့ကိုမှ အနည်းအပါး လွတ်လပ်ခွင့်မပေးဘဲ၊ အစည်းအဝေးကို မပြီးနိုင် မစီးနိုင် မရပ်မနားဆက်လုပ်နေရင် သေကုန်မှာပေါ့။ ဒါဟာ တဦးချင်းအတွက်လည်း ဖြစ်သလို၊ မှန်သလို၊ စက်ရုံများ၊ ထုတ်လုပ်ရေးယူနစ်များအတွက်လည်းအတူတူပါပဲ။ အရှိန်ပြင်းပြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ထုတ်လုပ်ရေးယူနစ်တိုင်း ဗဟိုချုပ်ကိုင်မှုနဲ့ အပြန်အလှန်ထိန်းညှိထားတဲ့ လွတ်လပ်မှုရှိနိုင်ရမယ်။
တခါလယ်သမားတွေအကြောင်း ပြောရအောင်။ ကျွန်တော်တို့လယ်သမားများအကြား ဆက်ဆံရေးများဟာ တောက်လျှောက်ကောင်းခဲ့ပေမယ့် သီးနှံကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အမှားတခု ကျူးလွန်မိခဲ့ကြပါတယ်။ ၁၉၅၄ ရေကြီးမှုကြောင့် တချို့အရပ်တွေမှာ သီးနှံအထွက်ကျဆင်းခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ သီးနှံ ကက်တီသန်းပေါင်း (၇၀၀၀) ပိုဝယ်ခဲ့ပါတယ်။ (မှတ်ချက်။ ကက်တီ = တရုတ်ပြည်မှာသုံးတဲ့ အလေးချိန်။ တပေါင်ခွဲခန့်ရှိ) အထွက်ကျပြီး နိုင်ငံတော်ကပိုဝယ်ယူမှုကြောင့် မနှစ်ကနွေမှာ ဒီသီးနှံကိစ္စဟာ ဒေသအချို့က လူအတော်များများပါးစပ်ဖျားကမချ ပြောစရာဖြစ်သွားပါတယ်။ အိမ်ထောင်စုအားလုံးနီးပါးက ဒီသီးနှံတွေကို နိုင်ငံတော်ကလက်ဝါးကြီးအုပ်ဝယ်ယူမှုအပေါ် ပြောဆိုလာကြပါတယ်။ လယ်သမားများကလည်း မကျေမနပ်ဖြစ်လာပြီး ပါတီတွင်း ပါတီပ မကျေနပ်ချက်တွေရှိလာပါတယ်။ ဒါကို လူတချို့က အခွင့် ကောင်းအဖြစ် အသုံးချ၊ ပုံကြီးချဲ့ပြီး ကျွန်တော်တို့ကိုတိုက်ခိုက်လာတာတွေရှိပေမယ့် ကျွန်တော်တို့ဖက်ကလည်း အားနည်းချက်တွေရှိခဲ့ပါတယ်။ လေ့လာစုံစမ်းတာ မပြည့်စုံမှုနဲ့ အခြေအနေအရပ်ရပ်ကို မဆုပ်ကိုင်မိတာကြောင့် ဒီလိုမျိုး ကတ်တီ သန်း (၇၀၀၀) ကျော် တိုးဝယ်လိုက်မိတာဟာ အမှားပါ။ ဒီအကြောင်းသိလိုက်ပြီးနောက် ၁၉၅၅ ခုနှစ်မှာတော့ ကက်တီပေါင်း သန်း (၇၀၀၀) လျှော့ဝယ်လိုက်ပြီး၊ သီးနှံထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ရောင်းချမှုတို့နဲ့ပတ်သက်တဲ့ ခွဲတမ်းတွေသတ်မှတ်တဲ့စနစ်ကို ဖော်ဆောင်လိုက်ပါတယ်။ ဒါ့အပြင် အဲဒီနှစ်က အထွက်လည်းတိုးတယ်။'
(မှတ်ချက်။ ၁၉၅၅ နွေဦးမှာ သီးနှံများရဲ့ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများအပေါ် ခွဲတမ်းအသေသတ်မှတ်တဲ့စနစ် တည်ထောင်လိုက်ပါတယ်။တနှစ်အတွက် ထုတ်လုပ်ရေးခွဲတမ်းသတ်မှတ်ရာမှာ ပုံမှန်နှစ်များအတွက် သီးနှံတမိုမှာ ဘယ်လောက်အထွက်ရှိတယ်အပေါ် အခြေခံပါတယ်။ အထွက်တိုးလာရင် တိုးလာတဲ့သီးနှံတွေကို နိုင်ငံတော်ကို (၃) နှစ် ရောင်းပေးစရာမလိုဘူး။ နိုင်ငံတော်က ဝယ်ယူမှုခွဲတမ်းသတ်မှတ်တာကတော့ လယ်သမားအိမ်ထောင်စုများရဲ့ အပိုထွက်ရှိတဲ့သီးနှံအချိုးအစားကိုသာ ဝယ်ယူရမှာဖြစ်ပါတယ်။ ရောင်းချရေးခွဲတမ်းကတော့ သီးနှံမလုံလောက်တဲ့အိမ်ထောင်စုများကို အစိုးရက ထောက်ပံ့ပေးတဲ့ခွဲတမ်းကို ဆိုလိုပါတယ်။ ဒီစနစ်က လယ်သမားများရဲ့ထုတ်လုပ်မှုတိုးလာရေးအတွက် စိတ်အားတက်ကြွထက်သန်လာဖို့ ရည်ရွယ်ပါတယ်။) ဝယ်ယူမှုကိုလျှော့ချလိုက်ပြီး အထွက်ကလဲတိုးလာလို့ လယ် သမားများအတွက် ပိုလျှံသီးနှံ ကက်တီပေါင်း သန်း (၂၀၀၀၀) လက်ထဲရှိသွားပါတယ်။ ဒီလိုဆိုတော့ အရင်က မကျေမနပ်ဖြစ်ခဲ့တဲ့ လယ် သမားများကတောင် ကွန်ုမြူနစ်ပါတီ ကောင်းလှချည့်လို့ ပြောလာပါတယ်။ တပါတီလုံး ဒီသင်ခန်းစာကို မှတ်ထားကြပါ။
ဆိုဗီယက်ယူနီယံဟာ လယ်သမားတွေကို အတင်းညှစ်တဲ့နည်းစနစ်တွေလုပ်ခဲ့တယ်။ မရောင်းမနေရဆိုတဲ့စနစ်နဲ့ တခြားနည်းနာမည်များသုံးပြီး လယ်သမားများဆီက ဈေးနှုန်းနှိမ့်ပြီး အများကြီးဝယ်ယူတယ်။ (မှတ်ချက်။ ဆိုဗီယက်မှာ ၁၉၃၃-၅၇ ခုနှစ်အကြားချမှတ်ခဲ့တဲ့ မရောင်းမနေရစနစ်ဆိုတာ နိုင်ငံတော်က လယ်ယာထွက်ကုန်များကိုဝယ်ယူတဲ့ အဓိကနည်းနာဖြစ်တယ်။ ဒီစနစ်အောက်မှာ စုပေါင်းလယ်ယာများရော၊ တဦးချင်းအိမ်ထောင်စုများပါ မိမိတို့ရဲ့လယ်ယာထွက်ကုန်များကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ အရည်အတွက်အတိုင်း နှစ်စဉ်ရောင်ချပေးရတယ်။)
ဒီလို ငွေအရင်းအနှီးစုဆောင်းမှုနည်းနာဟာ လယ်သမားများရဲ့ကုန်ထုတ်လုပ်ရေး စိတ်အားတက်ကြွမှုကို ထိခိုကိစေတယ်။ ခင်ဗျားက ကြက်ကို များများဥစေချင်ပေမယ့် ကောင်းကောင်းအစာမကျွေးရင်၊ မြင်းကို မြန်မြန်ပြေးစေချင်ပေမယ့် စားကျက်ကောင်းရှာမပေးရင်ဖြစ်ပါ့မလား။ ဒါဟာ ဘယ်လိုစဉ်းစားနည်းလဲ။
ကျွန်တော်တို့ရဲ့လယ်သမားပေါ်လစီဟာ ဆိုဗီယက်ယူနီယံရဲ့ပေါ်လစီနဲ့မတူဘဲ၊ နိုင်ငံတော်ရဲ့အကျိုးရော၊ လယ် သမားတွေရဲ့အကျိုးရော၊ နှစ်ဖက်စလုံးအတွက် စဉ်းစားပါတယ်။ ကျွန်တော်တို့ရဲ့ လယ်ယာအခွန်ဟာ နှိုင်းယှဉ်ချက်အရ အမြဲနိမ့်ပါတယ်။ စက်မှုထုတ်ကုန်များနဲ့ လယ်ယာထွက်ကုန်များ အလဲအလှယ်လုပ်ရာမှာလည်းတန်ဖိုးချင်းညီအောင် ညှိနိုင်သမျှ ညှိတဲ့ပေါ်လစီကို ကျင့် သုံ့းပါတယ်။ နိုင်ငံတော်က လယ်သမားများမရှုံးအောင် လယ်ယာထွက်ကုန်များဝယ်ရာမှာ သတ်မှတ်ဈေးနှုန်းများနဲ့ဝယ်ပြီး၊ ဝယ်တဲ့ဈေးနှုန်းကိုလည်း တဖြည်းဖြည်းမြှင့်ပေးနေပါတယ်။ လယ်သမားတွေကို ထုတ်ကုန်ပစ္စည်းတွေရောင်းချပေးတဲ့အခါ အမြတ်နည်းနည်းယူပြီး များများရောင်းပေးတာ၊ ဈေးနှုန်းတွေကိုတည်ငြိမ်စေတာနဲ့ ဈေးနှုန်းအချိုးအစားကျစွာလျှော့ရောင်းပေးတဲ့ပေါ်လစီကိုသုံးပါတယ်။ သီးနှံမလောက်ငတဲ့ဒေသက လယ်သမားများကို သီးနှံများရောင်းချပေးရာမှာလည်း များသောအားဖြင့် ထောက်ပံ့ကြေးများအဖြစ် သတ်မှတ်ပေးပါတယ်။
ဒါတောင် ကျွန်တော်တို့သေသေချာချာ ဂရုမစိုက်ရင် အမှားတခုမဟုတ်တခု ဖြစ်နိုင်ပါတယ်။ ဒီပြသာနာအပေါ်ဆိုဗီယက်မှာဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့အမှားများ အပေါ်သင်ခန်းစာယူပြီး ကျွန်တော်တို့ဟာ နိုင်ငံတော်နဲ့လယ်သမားများအကြားဆက်ဆံရေးကို အတော်ဂရုစိုက်ပြီး ကိုင်တွယ်ရမှာဖြစ်ပါတယ်။
ထို့အတူပဲ သမဝါယမနဲ့ လယ်သမားများအကြား ဆက်ဆကျဆံရေးကိုလည်း ကောင်းကောင်းကိုင်တွယ်ရမယ်။ သမ၀ါယမ ၀င်ငွေများကို နိုင်ငံတော်အတွက် သမ၀ါယမအဖွဲ့အတွက်၊ လယ်သမာများအတွက် ခွဲေ၀ရာမှာ ဘယ်လိုအချိုးအစား ဘယ်လိုပုံသဏာန်နဲ့ ခွဲေ၀မယ်ဆိုတာ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားရမယ်။ သမ၀◌ါယမအတွက် ရရှိတဲ့ ငွေကြေးဟာ လယ်သမားအကျိုးအတွက် တိုက်ရိုက်အသုံးပြုရမယ်။ ထုတ်လုပ်ရေးကုန်ကျစားရိတ်များတဲ့အတွက် ဘာမှဖြေရှင်းစရာလိုဘူး။ အုပ်ချုပ်ရေးဆိုင်ရာ ကုန်ကျစားရိတ်ကတော့ လိုအပ်ပါတယ်။ စုဆောင်းထားတဲ့ရံပုံငွေဟာ ထုတ်လုပ်ရေးတိုးမြှင့်ဖို့ဖြစ်ပြီး အများဆိုင်ရာ သက်သာချောင်ချိရေးရန်ပုံငွေကတော့ လယ်သမားများအကျိုးအတွက်ပဲဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် လယ်သမားများနဲ့အတူ ဒီအချက်တွေအပေါ် ဘယ်လိုညီမျှစွာခွဲဝေမယ်ဆိုတာ ကျွန်တော်တို့လုပ်ဆောင်ကြရမယ်။ ကျွန်တော်တို့ဟာ ထုတ်လုပ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ အကုန်အကျများကို တင်းတင်းကြပ်ကြပ် စီမံခန့်ခွဲရမယ်။ စုဆောင်းရန်ပုံငွေနဲ့ အများဆိုင်ရာ သက်သာချောင်ချိရေးရန်ပုံငွေများကို အကန့်အသတ်နဲ့ထားရမှာဖြစ်ပြီး တနှစ်အတွင်းအကောင်းချည်းဖြစ်လာမယ်လို့ မမျှော်လင့်သင့်ပါဘူး။
ထူးခြားတဲ့သဘာ၀ဘေးအန္တရာယ်ကြုံရချိန်ကလွဲလို့ လယ်ယာအထွက်တိုးရင် သမ၀ါယမအဖွဲ့၀င် (၉၀) ရာနှုန်းရဲ့ ၀င်ငွေကို မြှင့်ပေးရမယ်။ ကျန် (၁၀) ရာနှုန်းက ၀င်ငွေကျသွားရင်လည်း အချိန်မီ ပြသနာကို ဖြေရှင်းပေးရမယ်။
အတိုချုပ်ပြောရရင် နိုင်ငံတော်နဲ့ စက်ရုံအကြားပဲဖြစ်ဖြစ်၊ နိုင်ငံတော်နဲ့ အလုပ်သမားအကြားပဲဖြစ်ဖြစ်၊ စက်ရုံနဲ့အလုပ်သမားအကြားပဲဖြစ်ဖြစ်၊ နိုင်ငံတော်နဲ့ သမဝါယမ၊ နိုင်ငံတော်နဲ့ လယ်သမား၊ သမဝါယမနဲ့ လယ်သမားအကြားကိစ္စများမှာ တဘက်တည်းကိုပဲမစဉ်းစားဘဲ၊ ဘက်နှစ်ဘက်စလုံးကို ထည့်သွင်းစဉ်းစားရမယ်။ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်၊ ဘက်တဘက်တည်းအတွက်ပဲစဉ်းစားရင် ဆိုရှယ်လစ်စနစ်အတွက်ရော၊ ပစ္စည်းမဲ့အာဏာ ရှင်စနစ်အတွက်ရော အန္တရာယ်ရှိပါတယ်။ ဒါဟာ ပြည်သူသန်း (၆၀၀) အတွက် ပူပန်စရာပြသာနာကြီးဖြစ်ပြီး ပါတီတရပ်လုံးရော တနိုင်ငံလုံးအတွက်ပါ အကြိမ်ကြိမ်အခါခါ ပညာပေးဖို့လိုအပ်ပါတယ်။
လှကျော်ဇော
၁၄-၁၂-၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar