ကိုကျော် (မြစ်ကြီးနား) - ၂၀၂၁ ရဲ့ ကမ္ဘာ့ဩဇာအရှိဆုံး အမျိုးသမီး
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၁
လွန်ခဲ့တဲ့သုံးနှစ် ၂၀၁၉ ခုနှစ်တုန်းက မက်ကင်းဇီစကော့ (Mckenzie Scott) ဟာ စာရေးဆရာမတစ်ဦးဖြစ်ခဲ့ပြီး ကလေးလေးယောက် မိခင်တစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၉၀ နှစ်များမှာ သူမရဲ့ခင်ပွန်း ဂျက်ဖ်ဘေဆော့ (Jeff Bezos) အမေဇုံ (Amazon) အွန်လိုင်းရှော့ပင်းကို စတင်တည်ထောင်ခဲ့ရာမှာ ပါဝင်ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျက်ဖ်ဘေဆော့ နဲ့ အိမ်ထောင်ကွာရှင်းခဲ့တာကြောင့် ဘေဆော့ရဲ့ အမေဇုံရှယ်ယာ လေးပုံတစ်ပုံရခဲ့ပြီး မကြာခင် ချက်ခြင်းဆိုသလိုပဲ သူမရဲ့ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းလိုက်ဖို့ အစီစဥ်ဆွဲခဲ့ပါတယ်။
ဘီလ်ဂိတ်နဲ့ ဝါရင်ဘတ်ဖတ်တို့တည်ထောင်ထားတဲ့ Giving Pledge ဖောင်ဒေးရှင်းမှာ သူမရဲ့ပိုင်ဆိုင်မှု အနည်းဆုံးတစ်ဝက်ခန့်ကို လှူဒါန်းသွားမယ်လို့ ၂၀၁၉ ခုနှစ် မေလမှာ ကတိပြု လက်မှတ်ထိုးခဲ့ပါတယ်။ "ကျမဆီမှာရှိတဲ့ အချိုးအစားမညီမျှပြီး ကြီးမားတဲ့ငွေပမာဏကို ဝေမျှပေးလိုက်ဖို့ အစီစဥ်ရှိပါတယ်။ ဒီငွေတွေကို မီးခံသေတ္တာမှာ ပြောင်သွားတဲ့အထိ ကျမထိန်းသိမ်းသွားပါမယ်" လို့ ပြောခဲ့ပါတယ်။
ပြောထားတဲ့ကတိအတိုင်း စတင်လုပ်ခဲ့ရုံသာမက မက်ကင်းဇီစကော့ဟာ ခြေလှမ်းမြန်မြန်နဲ့ သူမရဲ့ငွေတွေကို ဘယ်နေရာတွေဆီ လှူဒါန်းသွားမယ် ဆိုတာနဲ့ပတ်သက်ပြီး ကိုယ်တိုင်အပြည့်အဝထိန်းသိမ်းစီမံလျက်ရှိပါတယ်။ ဒေါ်လာ ၅၇ ဘီလီယံလောက်ပိုင်ဆိုင်ထားတဲ့ စကော့ဟာ ၂ နှစ်ကျော်ကျော် အချိန်ကာလအတွင်းမှာပဲ ပရဟိတအဖွဲ့အစည်းပေါင်း ၇၈၀ ဆီသို့ ဒေါ်လာ ၈.၆ ဘီလီယံ လှူဒါန်းခဲ့ပြီး အဲဒီအဖွဲ့အစည်းတွေက ကျားမတန်းတူညီမျှမှု၊ လူမျိုးရေးမျှတမှု၊ ပြည်သူ့ကျန်းမာရေးနှင့် အခြားသောကိစ္စရပ်များမှာ တိုးတက်မြှင့်တင်လာအောင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
စကော့ဆီမှာ ရုံးခန်းနေရာ တစ်ခုမှမရှိ၊ စာပြန်ဖို့ နေရပ်လိပ်စာမရှိ၊ အချိန်ပြည့် ရုံးဝန်ထမ်းတစ်ဦးလောက်မျှ ခန့်ထားတဲ့အရိပ်အယောင်မတွေ့ရဘဲ အဲဒီအစား ခင်ပွန်းသည်အသစ် Dan Jewett နဲ့ အတူပူးပေါင်းပြီး လှူဒါန်းမှုတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ စကော့မှာ အချုပ်အနှောင်မရှိ ဘယ်သူ့ကိုမှ တင်ပြစရာမလိုအပ်ဘဲ ဒါရိုက်တာဘုတ်အဖွဲ့လည်း မရှိပါဘူး။ နှိုင်းယှဥ်မှုအနေနဲ့ မိုက်ခရိုဆော့တည်ထောင်သူ ဘီလ်ဂိတ်နဲ့ သူ့ဇနီးတို့ရဲ့ Gates Foundation မှာ ရုံးဝန်ထမ်း ၁၈၀၀ ရှိပြီး ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ ၅.၈ ဘီလီယံ လှုဒါန်းခဲ့ပါတယ်။ စကော့က အဲဒီနှစ်မှာပဲ သူတို့ထက် ၅.၈ ဘီလီယံ အနည်းငယ်ကျော်ပြီး လှုဒါန်းခဲ့ပါတယ်။
သူမဟာ 'နှောင်ကြိုးမဲ့' နည်းလမ်းမျိုးနဲ့ အလှူအဒါန်းပြုလုပ်နေတာဖြစ်ပြီး ဆိုလိုတာက ပရဟိတအဖွဲ့အစည်းတိုင်းက ရရှိလာတဲ့ ရန်ပုံငွေများကို အဆင်ပြေတဲ့နေရာမှာ ဘယ်လိုပဲသုံးသုံး သုံးစွဲနိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ "ရန်ပုံငွေ လက်ခံရရှိသူတွေအတွက် သူတို့အပေါ် တန်ဖိုးထားတယ်လို့ ခံစားမှုဖြစ်စေပြီး သူတို့ရဲ့ အကောင်းဆုံးအစီစဥ်တွေမှာ အသုံးပြုနိုင်ဖို့ ခွန်အားပေးတာ ဖြစ်ပါတယ်" လို့ စကော့က ပြောခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှ အမျိုးသမီးများနဲ့ လူမည်းပိုင် စီးပွားရေးများကို အဓိကထားပြီး အသေးစားချေးငွေထုတ်ပေးတဲ့ Accion Opportunity Fund က ဒီနှစ်ထဲမှာ ရန်ပုံငွေ ဒေါ်လာ ၁၅ သန်း ရရှိခဲ့ပြီး "ပရဟိတလုပ်ငန်းတစ်ခုအတွက် ဒီလိုမျိုးလက်ဆောင်တစ်ခု လက်ခံရခဲ့တာဟာ ဒေါ်လာ ၁ ဘီလီယံနဲ့ ညီမျပါတယ်" လို့ အလုပ်အမှုဆောင် အရာရှိချုပ် Luz Urrutia မှ Forbes သို့ ပြောပြခဲ့ပါတယ်။
ဒေါ်လာ ၁၅ သန်း လက်ဆောင်က အမှန်တကယ်ပဲ ၁ ဘီလီယံနဲ့ ညီမျသလား ဆိုတာကတော့ ငြင်းခုံဆွေးနွေးစရာ ဖြစ်နိုင်ပေမဲ့ စကော့ဟာ ဘီလျှံနာသူကြွယ်များ စည်းစံဥစ္စာတွေ ဝေမျှပေးနေတဲ့ပုံစံတွေ နဲ့ လုံးဝဆန့်ကျင်ကာ လုပ်ဆောင်ပြသ နေတာဖြစ်ပြီး တချိန်ထဲမှာပဲ လူမှုရေးတရားမျှတမှုကိစ္စများမှာ အားပေးထောက်ခံနေတယ် ဆိုတာကိုတော့ သံသယဖြစ်စရာ လုံးဝမရှိပါဘူး။
သူမရဲ့ခင်ပွန်းဟောင်း ဘီလျှံနာ ဂျက်ဖ်ဘေဆော့က အာကာသခရီးနှင်ဖို့ ဒုံးပျံတွေလွှတ်တင်နေတဲ့အချိန်မှာ စကော့က ပရဟိတအဖွဲ့အစည်းများကို ကူညီထောက်ပံ့ပေးနေရုံမျှမက အမေရိကန်မှာ စည်းစိမ်ဥစ္စာနဲ့ အာဏာပါဝါတွေရှိအောင် လုပ်ယူနေတဲ့ပုံစံကို စိန်ခေါ်နေပါတယ်။
"လူမှုပတ်ဝန်းကျင် တိုးတက်ပြောင်းလဲရေးကိစ္စမှာ အလှူရှင်ကြီးတွေကို အဓိကအသားပေးပြီး ဖော်ပြနေတာက မှားယွင်းနေပါတယ်။ အချိုးမညီမျှတဲ့ ကြွယ်ဝမှုတွေက လူအနည်းစုရဲ့လက်ထဲမှာပဲ စုပြုံပြီးမရှိခဲ့ရင် ပိုကောင်းမယ်လို့ထင်ပါတယ်၊ ပြီးတော့ ပြဿနာဖြေရှင်းမှုတွေကို တခြားလူများမှ အစီစဉ်ချပြီး အကောင် အထည်ဖော်စေတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကျမတို့ နှိမ့်ချစွာနဲ့ ယုံကြည်ထားပါတယ်" လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဩဇာပါဝါအရှိဆုံး အမျိုးသမီးများထဲမှ အမျိုးသမီးအတော်များများက တစ်စုံတစ်ယောက်ထံကို ဖြေကြားတင်ပြရပါသေးတယ်။ ဥပမာ အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်၊ သူမရဲ့သူဌေးက သမ္မတဂျိုးဘိုင်ဒန် ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရွေးချယ်ထားတဲ့ ဥရောပဗဟိုဘဏ်ဥက္ကဌ Christine Lagarde မှာ အမှုဆောင်ဘုတ်အဖွဲ့ နဲ့ အုပ်ချုပ်ရေးကောင်စီတို့ရှိနေတာကြောင့် သူမရဲ့ ဆုံးဖြတ်ချက်ချတဲ့ကိစ္စမှာ နှောင့်နှေးမှု ရှိစေပါတယ်။ ဘီလျှံနာ မယ်လင်းဒါဂိတ် (Melinda Gates) က မိုက်ခရိုဆော့တည်ထောင်သူ ဘီလ်ဂိတ်နဲ့ ကွာရှင်းပြီးတဲ့နောက် Gates Foundation မှာ အတူပူးတွဲ ဦးဆောင်နေပေမဲ့ နောက်ထပ် ၂ နှစ်အတွင်းမှာ အလုပ်တွဲလုပ်ဖို့ အဆင်မပြေမှုများရှိခဲ့ရင် ဖောင်ဒေးရှင်းမှ နုတ်ထွက်မယ်လို့ ပြောခဲ့ပါတယ်။ မက်ကင်းဇီစကော့မှာ ဒီလိုမျိုး ချည်နှောင်မှုတွေ မရှိပါဘူး။
အထက်ပါ အကြောင်းရင်းများစွာတို့ကြောင့် Forbes မဂ္ဂဇင်းမှ မက်ကင်းဇီစကော့အား ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့ဩဇာပါဝါအရှိဆုံး နံပါတ်တစ် အမျိုးသမီးအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ စကော့က ရာထူးမှအနားယူသွားတဲ့ ဂျာမဏီဝန်ကြီးချုပ်ဟောင်း အန်ဂျလာမာကယ် (Angela Merkel) နေရာကို အစားထိုးယူလိုက်တာ ဖြစ်ပြီး Forbes ရဲ့ ထိပ်တန်းအမျိုးသမီးများစာရင်းကို စတင်ထုတ်ပြန်ခဲ့တဲ့ ၁၇ နှစ်တာကာလမှာ အန်ဂျလာမာကယ်က ၁၅ နှစ်တိုင် ထိပ်ဆုံးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ မာကယ် စာရင်းမဝင်ခဲ့တဲ့ ၂ နှစ် က ၂၀၀၄ နဲ့ ၂၀၁၀ ခုနှစ်တို့ဖြစ်ပြီး ၂၀၀၄ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Condoleezza Rice နဲ့ ၂၀၁၀ မှာ သမ္မတအိုဘားမားရဲ့ဇနီး မီရှဲလ်အိုဘားမားတို့အား ကမ္ဘာ့ဩဇာအရှိဆုံး အမျိုးသမီးများအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး နံပတ် ၃ ဖြစ်တဲ့ မက်ကင်းဇီစကော့မှာ လှူဒါန်းပေးဖို့ ဒေါ်လာ ၅၇ ဘီလီယံ ရှိနေပါသေးတယ်။ အစဥ်အလာအရ ရန်ပုံငွေထောက်ပံ့မှုနည်းနေပြီး ချန်လပ်ခြင်းခံနေရတဲ့ အရေးကိစ္စတို့မှာ ရေရှည်အကျိုးသက်ရောက်မှုရှိစေဖို့ စကော့မှာ အစီစဥ်များစွာ ရှိပါသေးတယ်။ "စေတနာမေတ္တာက ကူးစက်ပြန့်ပွားစေပါတယ်။ ဝေမျှလှူဒါန်းလိုက်ခြင်းက ပိုပြီးတော့ ဖြစ်စေပါတယ်" လို့ မက်ကင်းဇီစကော့က ပြောခဲ့ကြောင်း။ ။
(ကိုးကား။ ။ Forbes - Dec 7, 2021 - Why MacKenzie Scott Is The World’s Most Powerful Woman)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar