မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၁
◾️ နေ့ စဥ်သတင်းတွေထဲက အရပ်သားသေဆုံးမှုမှတ်တမ်းနဲ့ သမိုင်း
နေ့စဥ်သတင်းတွေကို ဖတ်ရှုနားဆင်ကြတဲ့အခါ အရပ်သားသေဆုံးမှုတွေက နေ့စဥ် ဒါဇင်နဲ့ချီတဲ့ ကိန်းဂဏန်းလောက်ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ တချို့အဖြစ်အပျက်တွေမှာ တဦးသေဆုံး အနည်းငယ်ဒဏ်ရာရတာတွေ ရှိသလို အချို့အဖြစ်အပျက်တွေက တဦးမက တနေရာထည်း အဖြစ်အပျက်တခုထဲမှာ သေဆုံးကြတာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ အရပ်သားလို့ ယေဘုယျအဓိပ္ပါယ်သတ်မှတ်တာက လက်နက်ကိုင်ထားသူ မဟုတ်တာ၊ လက်နက်ကိုင် အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်မဟုတ်တာကို ဆိုလိုတာဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတခုအဖွဲ့ဝင်ဖြစ်သော်လည်း လက်နက်ကိုင်တာဝန်ထမ်းဆောင်စဥ် ဟုတ်ခြင်း မဟုတ်ခြင်းဆိုတာမျိုးလည်း နိုင်ငံတကာဥပဒေတွေမှာ အသေးစိတ်ထပ်မံခွဲခြား ပြောဆိုကြတာမျိုးလည်းရှိပါတယ်။ သို့သော် ဒီနေရာမှာတော့ လက်နက်ကိုင်အဖွဲ့ဝင် ဟုတ်ခြင်း၊ မဟုတ်ခြင်းဆိုတဲ့အထိလောက်ပဲ ရည်ညွှန်းပြောဆိုလိုတာ ဖြစ်ပါတယ်။
နေ့စဥ်သေဆုံးမှုတွေအနက် သေဆုံးမှုအမျိုးအစားကိုလည်း အမျိုးမျိုးထပ်ခွဲခြားရမယ်ထင်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းတိုက်ခိုက်ရင်း အရပ်သားတွေသေဆုံးတာ၊ လက်နက်ကိုင်အဖွဲ့တွေက စစ်ဆေးတဲ့နေရာ/ ဂိတ်တွေမှာ ရပ်မပေးလို့ဆိုပြီး ပစ်ခတ်မှုကြောင့် သေဆုံးရတာ၊ စစ်ဆေးဖို့ လာရောက်ခေါ်ဆောင်ချိန်မှာပဲ တရားလက်လွတ် သေဆုံးသည်အထိ ပစ်ခတ်၊ ရိုက်နှက်လို့ သေဆုံးရတာမျိုး၊ စစ်ကြောရေးမှာ စစ်ဆေးတဲ့နေရာမှာ နှိပ်စက်မှုကြောင့် ရိုက်နှက်မှုကြောင့် သေဆုံးရတာ၊ ကျေးရွာတွေကို ဝင်ရောက်ချိန်မှာ ပစ်ခတ်မှုကြောင့် သေဆုံးရတာ၊ လက်နက်ကြီးနဲ့ ကျေးရွာတွေကို ပစ်ခတ်ထိမှန်ပြီး သေဆုံးရတာ၊ တဖက်မှာ သတင်းပေးလို့ သံသယရှိသူ၊ မြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်လို့ ယူဆသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ အဖြစ်အပျက်တွေက နေ့စဥ်အဖြစ်အပျက်တွေထဲက သေဆုံးမှုတွေ ဖြစ်ပါတယ်။
အေအေပီပီလို အဖွဲ့အစည်းအနေနဲ့ သတင်းမီဒီယာတွေမှာ ဖေါ်ပြချက်တွေထဲက ဆိုရှယ်မီဒီယာပေါ်က ဖေါ်ပြချက်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတာရှိပါတယ်။ အဖြစ်အပျက်အများစုကို မှတ်တမ်းတင်နိုင်ပေမယ့် လစ်ဟာမှုတွေ အရပ်သားလို့ ယူဆတာ မယူဆတာတွေ လက်နက်ကိုင် အဖွဲ့ဝင်လို့ ဘယ်လို အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ အကဲဖြတ်မယ်ဆိုတာတွေမှာတော့ အငြင်းပွားစရာ ဆွေးနွေးစရာ ရှိနိုင်ပါတယ်။ လတ်တ လော အရပ်သားသတ်ဖြတ်မှုတွေကို တားဆီးနိုင်ခြင်း လျော့နည်းအောင် လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်းက နိုင်ငံရေး ပြဿနာ နိုင်ငံရေးအင်အားစုတွေအနေနဲ့ လုပ်ဆောင်ရမယ့်ပြဿနာဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့တွေ အနေနဲ့တော့ ဆန့်ကျင်ရှုတ်ချတာတွေ မီးမောင်းထိုးပြတာတွေ လုပ်နေကြတာလည်း တွေ့ရပါတယ်။
ပဋိပက္ခတွေဖြစ်ပွားပြီး ရပ်တန့်ချိန် အဆုံးသတ်ချိန်မှာ တရားမျှတမှုရှာဖွေတဲ့လုပ်ငန်းစဥ်လိုမျိုးက တချိန်မှာ ရှိလာမှာ ဖြစ်ပါတယ်။ ပြည်တွင်းက အဖွဲ့အစည်းတွေအကြား၊ နစ်နာခံစားရတဲ့ လူထုနဲ့ ကျူးလွန်ခဲ့တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအကြား ဝန်ချတောင်းပန်တာ၊ ပြောဆိုကြတာ (သို့မဟုတ်) ကြီးလေးတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေကို နိုင်ငံတကာခုံရုံးတွေမှာ စစ်ဆေးစီရင်ကြတာတွေ ရှိလာမှာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရပ်သားထောင်ပေါင်းများစွာသော သတ်ဖြတ်ခံရမှုတွေအတွက် ၂၀၁၉ ခုနှစ် ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံးမှာ စစ်ဆေးကြားနာခံရတာဟာ သာဓကတခုဖြစ်ပါတယ်။
အဲဒီလိုကာလကိုမှန်းဆပြီး တရားမျှတမှုဆိုတဲ့အရာကိုလည်း အဖွဲ့အစည်းအသီးသီးမှာ ပါဝင်နေတဲ့သူတွေ ဆင်ခြင် ထိန်းသိမ်းနိုင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ သမိုင်းမှာ သတ်ဖြတ်မှုတွေ ရက်စက်တဲ့ ဖြိုခွဲမှု ချေမှုန်းမှုတွေကို အမိန့်ပေးခဲ့သူတွေဟာ သေသည်အထိ သူတို့ရဲ့သမိုင်း နိုင်ငံရဲ့သမိုင်း မလှပကြပါဘူး။ ဘော့စနီးယား ဆားဗီးယားက မီလိုဗန်ဆီဗစ်တို့ ရိုဒိုဗန် ကာရာဒစ်ဇတို့က ခေတ်သစ်သမိုင်းမှာ စစ်ရာဇဝတ်ကောင်လို့ အမည်တင်ခံရသူတွေပါ။
သူတို့လို စစ်ပွဲမဟုတ်ပေမယ့် မြို့ပြသပိတ်၊ ဆန္ဒပြမှုတွေကို ရက်စက်စွာဖြိုခွဲခဲ့သူ တောင်ကိုးရီးယားသမ္မတဟောင်း ချန်ဒူးဝှန်လို သမိုင်းမှာ သေဆုံးသည်အထိ ဂုဏ်သတင်းညှိုးငယ်စွာနေခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိပြီးဖြစ်တာကို သတိပြုနိုင် ဆင်ခြင်နိုင်ကြဖို့ အရေးကြီးလှပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar