Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၇ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၇ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၁

◾️ အကျဥ်းကျ ဒေါ်အောင်ဆန်းစုကြည်၊ CRPH နဲ့  NUG နဲ့ လက်နက်ကိုင်တိုက်ပွဲ
ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်တို့ရဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ရုံးချိန်းကို လာရောက်ရာမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေက အမှု ၂ မှုအတွက် စီရင်ချက်ချခံထားရတာကြောင့် ပြစ်ဒဏ်ကျခံနေရသူအဖြစ် ပြစ်ဒဏ်ကျဝတ်စုံကိုဝတ်ဆင်ပြီး တရားခွင်ကိုလာရောက်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ စစ်ကောင်စီက ယနေ့ ရုံးချိန်းနဲ့ပတ်သက်လို့ ရုပ်သံသတင်းဓါတ်ပုံသတင်းတွေ ဖေါ်ပြတာမရှိလို့ သတင်းဓါတ်ပုံတွေတော့ မတွေ့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အင်္ကျီအဖြူ ထမီအညိုရောင်နဲ့ဖြစ်ပြီး ဒေါက်တာမျိုးအောင်ကတော့ အင်္ကျီအဖြူနဲ့ ပုဆိုးအပြာရောင်ကိုဝတ်ဆင်ကာ တရားရုံးချိန်းကို လာရောက်ခဲ့တယ်လို့ ပုဂ္ဂလိကသတင်းစာတွေမှာ ရေးသားဖေါ်ပြကြပါတယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း အကြိမ်ကြိမ် နေအိမ်အကျယ်ချုပ်ချခံခဲ့ရဖူးပါတယ်။ တကြိမ်က ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် အခုလို အမှုပေါင်းများစွာနဲ့ စွဲဆိုခံရတာမဟုတ်တော့ ပြစ်ဒဏ်ကျ အကျဥ်းသားဝတ်စုံမျိုးလည်း ဝတ်ဆင်ခဲ့ဖူးတာ မရှိပါဘူး။ ဂျွန်ယက်တော နေအိမ်ထဲ ရေကူးဝင်ရောက်လာခဲ့တဲ့ကိစ္စနဲ့ ထိုစဥ်က တရားစီရင်တာကို ချုပ်နှောင်ထားရာ အင်းစိန်ထောင်မှာလုပ်ဆောင်ခဲ့တာပါ။ 

စစ်အာဏာသိမ်းပြီးနောက် အခုတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်မပို့သော်လည်း ပြစ်ဒဏ်ကျခံရပြီးသူ ဝတ်ရတဲ့ ဝတ်စုံကို ဝတ်ဆင်ဖို့ တရားရုံးချိန်းမတိုင်ခင် ဒီဇင်ဘာ ၁၆ ရက်နေ့က ပို့ဆောင်ပေးခဲ့တာလို့ဆိုပါတယ်။ အန်အယ်လ်ဒီပါတီခေါင်းဆောင်တွေ အရင်အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့နဲ့ ဒုဝန်ကြီးအချို့ကို အကျဥ်းထောင်တွေမှာထားရှိပြီး သူတို့နဲ့ ထိုက်တန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး ခွင့်မပြုတဲ့ အခြေအနေမှာ အခုလို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ကျ အကျဥ်းသားဝတ်စုံဝတ်ဆင်ရတာဟာ ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူးလို့ ဆိုကောင်းဆိုပါလိမ့်မယ်။ 

မှန်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေ လက်နက်ကိုင်အဖွဲ့အစည်း လမ်းစဥ်ကိုင်စွဲသူမဟုတ်တဲ့ ဆန္ဒပြသူတွေ အများအပြား စစ်ကြောရေးမှာ တညအတွင်း ရက်အနည်းငယ်အတွင်း အသက်ဆုံးရှုံးခဲ့ရတာတွေ၊ အန်အယ်လ်ဒီပါတီက ခေါင်းဆောင် ဦးဥာဏ်ဝင်း အကျဥ်းထောင်အတွင်း ကိုဗစ်ကူးစက်ခံရပြီး နောက် အရေးပေါ်အခြေအနေမှာ ရန်ကုန်ဆေးရုံကြီးကို တင်ပို့ခဲ့ပေမယ့် အသက်ဆုံးရှုံးခဲ့ရတဲ့အခြေအနေမျိုးနဲ့ နှိုင်းယှဥ်စရာတော့မဟုတ်ပါဘူး။ 

သို့သော် အတိုက်အခံခေါင်းဆောင်ကို အကျဥ်းသားဝတ်စုံနဲ့ ရုံးထုတ်တဲ့ မြင်ကွင်းက နိုင်ငံရေးအရ စွဲကျန်နေမယ့် ရုပ်ပုံလွှာတခုအဖြစ် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ 

အခြားတဖက်မှာလည်း CRPH/ NUG ရဲ့ လက်နက်ကိုင် တိုက်ခိုက်မယ့် လမ်းစဥ်၊ မြို့ပြနဲ့ ကျေးလက်တွေမှာ ဖေါက်ခွဲရေးလုပ်ဆောင်မှုတွေ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မှတ်ချက်ပေးဖို့ လမ်းဖွင့်ထားကြောင်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က စစ်ခေါင်းဆောင်က မိန့်ခွန်းတခုထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။ 

ဒီလိုပြောဆိုမှုကို ကြည့်ရင် လက်နက်ကိုင် လမ်းစဥ်၊ မြို့ပြပျောက်ကြား ဖေါက်ခွဲမှုတွေ ကျေးရွာတွေမှာ မိုင်းဆွဲတိုက်ခိုက်တာ လက်နက်ကိုင် တိုက်ခိုက်နေတာတွေကို ထိန်းသိမ်းပေးဖို့ စကားလမ်းကြောင်းပေးတာလို့လည်း ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

ဒီလို လက်နက်နဲ့ တုံ့ပြန်တိုက်ခိုက်မှု မိုင်းခွဲတိုက်ခိုက်တဲ့ အဖြစ်အပျက်တွေက စစ်ကောင်စီအဖို့ မျှော်လင့်မထားတဲ့အခြေအနေ မထင်မှတ်ထားတဲ့ ဖြစ်ပျက်လာတဲ့အခြေအနေတရပ်ဖြစ်ပါလိမ့်မယ်။ ဒီအခြေအနေကြောင့် နကိုက မျှော်လင့်ထားတဲ့ ၁ နှစ်က ၂ နှစ်အကြာမှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲနဲ့ အလားသဏ္ဍာန်တူပြီး စစ်တပ်က ဖြစ်စေချင်တဲ့ အခြေအနေအောက်က ရွေးကောက်ပွဲလိုကျင်းပပြီး အာဏာပြန်လွှဲတယ်ဆိုတဲ့ ဖြစ်စဥ်ဖြစ်လာဖို့ အလားအလာမှေးမှိန်သွားတဲ့သဘောလည်း ဖြစ်ပါလိမ့်မယ်။ 

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီလက်နက်ကိုင်လမ်းစဥ်ကို ထောက်ခံတယ် မထောက်ခံဘူးဆိုတာ အခုနေအချိန်မှာ စစ်ကောင်စီသိအောင် ဖြစ်စေပြောစရာ လိုချင်မှလိုပါလိမ့်မယ်။ သို့သော် အပြင်မှာကျန်ခဲ့တဲ့ ပါတီခေါင်းဆောင်တွေ သိရှိအောင်တော့ ပြောစရာ မှတ်ချက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တချက်က အန်အယ်လ်ဒီကို ထောက်ခံတဲ့သူအများစုကို သိရှိဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်တာကို သဘောတူ ထောက်ခံခြင်း မထောက်ခံခြင်းဟာ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ဆုံးဖြတ်ချက် တခုဖြစ်တာကြောင့် စစ်ကောင်စီက လမ်းကြောင်းပေးခြင်း မကြောင်းပေးခြင်းကို ဘေးဖယ်ထားပြီး ဒီမိုကရေစီ လိုလားသူတွေအကြားလည်း သိရှိလိုကြတဲ့ ကိစ္စဖြစ်ပါလိမ့်မယ်။ 

နှိုင်းယှဥ်စရာ အခြေအနေတွေ ထပ်တူထပ်မျှမဟုတ်သော်လည်း ၁၉၄၈ ခုနှစ်တုန်းက မြန်မာနိုင်ငံလို ပြည်တွင်းစစ်ရဲ့ လမ်းဆုံလမ်းခွမှာ ရောက်ရှိနေချိန်မှာ နိုင်ငံရေးအရ မဟာဗျူဟာအရ လမ်းစဥ်တခုကို ရွေးချယ်ကြရတဲ့ အခြေအနေနဲ့ အလားသဏ္ဍာန်တူတယ်လို့ ထင်ပါတယ်။ 

၁၉၄၈ မတ်လ ၂၈ ရက်နေ့ကွန်မြူနစ်ပါတီကို ဖမ်းဆီးဖို့ ဝင်စီးကြချိန်ကစလို့ လက်ဝဲအင်အားစုတွေက လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ခဲ့ကြပြီး တိုင်းရင်းသားလူမျိုးစု အခွင့်အရေးအတွက်လည်း အချို့သော တိုင်းရင်းသားအဖွဲ့တွေက အဲဒီကာလကတည်းက လက်နက်ကိုင် လမ်းစဥ်ကိုင်စွဲခဲ့ကြတာ ဖြစ်ပါတယ်။ 

၁၉၄၈ ခုနှစ်က စတင်ခဲ့တဲ့ ပြည်တွင်းစစ်မီးဟာ မငြိမ်းနိုင်ခဲ့ရာက ၂၀၂၁ မှာတော့ တကျော့ပြန် အရှိန်ညီးညီး တောင်လောက်ဖို့ လမ်းဆုံလမ်းခွ တခုကိုရောက်ရှိလာပြန်ပြီဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar